ဆေးလိပ်၊ ကွမ်းယာ၊ အရက်သောက်သုံးမှု ထိရောက်စွာထိန်းကွပ်နိုင်ဖို့လို

ဆေးရွက်ကြီးထွက်ပစ္စည်းသုံးစွဲမှုနှင့် ကွမ်းယာစားသုံးမှုသည် လူငယ်များအတွင်း ဆိုးရွားစွာပျံ့နှံ့နေကြောင်းနှင့် ယင်း၏ အကျိုးဆက်ဖြစ်သောခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာဖြစ်ပွားမှု ပိုမိုများပြားလာကြောင်းသတင်း စကားက လူငယ်ထုအတွက် အချက်ပေးခေါင်းလောင်းသံတစ်ခုပင်ဖြစ်သည်။ နိုင်ငံအတွင်း ဆေးလိပ်၊ ဆေးရွက်ကြီး သောက်သုံးမှုထိန်းချုပ်ရေးကို ထိထိရောက်ရောက်ဆောင်ရွက်ရန် ဆွေးနွေးပြောဆိုမှုများပြုလာ ခဲ့ကြသည်မှာလည်း လွန်ခဲ့သည့်နှစ်များမှပင် ဖြစ်သည်။

၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့သော သုတေသနစစ်တမ်းတစ်ခုအရ အမျိုးသားလူဦးရေ၏ ၆၂ ရာခိုင်နှုန်းက ကွမ်းစားကြပြီး ၄၄ ရာခိုင်နှုန်းက ဆေးလိပ်သောက်ကြသည်ဟု ဆိုထားသည်။ ဖော်ပြပါကိန်းဂဏန်းများတွင် ဆေးလိပ်သောက်သော်လည်း ကွမ်းမစားသူ၊ ကွမ်းစားသော်လည်း ဆေးလိပ်မသောက်သူ၊ ဆေးလိပ်ရော ကွမ်းပါ သောက်လည်းသောက်စားလည်းစားသူများ ပါလိမ့်မည်ဟု ယူဆရသည်။ ၎င်းစစ်တမ်းမှာ ငါးနှစ် ခန့်ကျော်လွန်ခဲ့ပြီဖြစ်ရာ လက်ရှိအခြေအနေတွင် ကိန်းဂဏန်းများ ပိုမိုများပြားနေပေလိမ့်မည်။

ဇူလိုင် ၂၇ ရက်က နေပြည်တော်တွင်ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများနှင့် အရက်ယမကာများအပေါ်အခွန်အကောက်ဆိုင်ရာလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်းအခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၏ ပြောကြားချက်အရ မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်မှ ၁၉ နှစ်အကြားလူငယ်များ အရက်အလွန်အကျွံသောက်သုံးမှုနှုန်းမှာ အာဆီယံနိုင်ငံများနှင့်တန်းတူရှိနေကြောင်းနှင့် ဆေးပေါ့လိပ်အပါအဝင် ဆေးလိပ်အလိပ်ရေ၁၂ ဘီလီယံကျော်ကို နှစ်စဉ်သုံးစွဲနေကြောင်း သိရသည်။ အခြေခံပညာအလယ်တန်းကျောင်းနှင့် အထက်တန်းအဆင့်များတွင် ပညာသင်ကြားနေကြရမည့်အရွယ်များဖြစ်သည့် အသက် ၁၃ နှစ်မှ ၁၅ နှစ်ကြားလူငယ်များ ဆေးလိပ်ကွမ်းယာသုံးစွဲမှုစစ်တမ်းကို ၂၀၁၆ ခုနှစ်ကကောက်ယူခဲ့ရာတွင် လူငယ် ၁၃ ဒသမ ၆ ရာခိုင်နှုန်းတို့က သုံးစွဲနေကြကြောင်း Global Youth Tobacco စစ်တမ်းအရ သိရှိရသည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှု တစ်နည်းအားဖြင့် ဆေးလိပ်သောက်၊ ကွမ်းစား၊ ဆေးရွက်ငုံကြခြင်းကြောင့် ကမ္ဘာပေါ်တွင် နှစ်စဥလူခုနစ်သန်းခန့် သေဆုံးနေကြရသည်။ ယင်းအနက် ခြောက်သန်းမှာသောက်ကြ၊ စားကြ၊ ငုံကြသည့်အတွက်ကြောင့် သေဆုံးကြရခြင်းဖြစ်သော်လည်း လူ ၈၉၀၀၀၀ ခန့်တို့မှာမူ သူများသုံးသည့် ဆေးလိပ်ငွေ့ကိုတစ်ဆင့်ခံရှူမိရာမှ မဆီမဆိုင်သေကြရခြင်းဖြစ်သည်။ ဆေးလိပ်သောက်သူများက မသောက်သူများထက် ကင်ဆာဖြစ်နိုင်ခြေ ခြောက်ဆပိုသည်။ဆေးငုံကွမ်းစားသူများမှာလည်း မစားသူများထက် သွားဖုံးနှင့် ပါးစပ်ကင်ဆာဖြစ်နိုင်ခြေအဆ ၅၀ပိုသည်။ အရက်သောက်သူများမှာလည်း မသောက်သူများထက် ကင်ဆာဖြစ်နိုင်ခြေ ခြောက်ဆပိုသည်ဟု မှတ်သားရဖူးသည်။ကင်ဆာသာမက အခြားရောဂါများလည်း ဖြစ်နိုင်ခြေပိုများသည်။ဆေးလိပ်၊ ကွမ်းယာ၊ အရက်သုံးစွဲခြင်းအားဖြင့် ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဆိုးကျိုးများစွာ ခံစားကြရနိုင်မည်ဖြစ်သလိုရှောင်ကြဉ်ခြင်းအားဖြင့် ကောင်းကျိုးရလဒ်များ ရရှိကြမည်ဖြစ်သည်။အထူးသဖြင့် ကျောင်းများနှင့် လုပ်ငန်းခွင်များကို အခြေပြု၍ ပညာပေးလုပ်ငန်းများကို ထိထိရောက်ရောက်ပြုလုပ်ကြရန်ဖြစ်ပြီး ဆေးလိပ်၊အရက်၊ ကွမ်းယာထုတ်လုပ်၊ ရောင်းချသည့်လုပ်ငန်းများကိုလည်း ထိထိရောက်ရောက်ထိန်းချုပ်မှုများ ပြုလုပ်သွားရန်ပင်ဖြစ်သည်။

ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် အရက်သောက်သုံးခြင်းသည် အပြုအမူအလေ့အထမှစတင်ခြင်းဖြစ်ပြီး ကျန်းမာရေးပြဿနာနှင့် အခြားနောက်ဆက်တွဲပြဿနာများစွာတို့နှင့် အဆုံးသတ်သည်။ ကင်ဆာအပါအဝင် ရောဂါများခံစားနေရသည့် ဝေဒနာသည် ဘဝနှင့်ဆေးရုံဆေးခန်းများသို့ရောက်ကြရသည်။ “ယခုအချိန်တွင် ဤပြဿနာကိုအထူးအလေးပြု ဦးစားပေးကြိုးပမ်းမဆောင်ရွက်နိုင်ပါက နောင် ၁၀ နှစ် ၁၅ နှစ်မှာ နိုင်ငံတွင် ကျန်းမာရေးအသုံးစရိတ် လွန်စွာကြီးမြင့်လာပြီး နိုင်ငံ၏ စီးပွားရေးကို ထိခိုက်လာနိုင်ကြောင်း”ယမန်နှစ် ဇွန်လအတွင်းက ကျင်းပခဲ့သည့်ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးမှုထိန်းချုပ်ရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏သုံးသပ်ပြောကြားချက်သည်လည်း ပဲ့တင်ထပ်နေဆဲ သတိပေးခေါင်းလောင်းသံတစ်ရပ်အဖြစ် တင်ပြအပ်ပါကြောင်း။ ။

မြန်မာ့အလင်း