ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် ကျောင်းအခြေပြု မီနီမာရသွန် အပြေးပြိုင်ပွဲ မိုင်းခတ်မြို့တွင် ကျင်းပ

မိုင်းခတ် ၂၄   ဇန်နဝါရီ

 

ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် ကျောင်းအခြေပြု မီနီမာရသွန် အပြေးပြိုင်ပွဲကို ယနေ့နံနက် ၆ နာရီက ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်၊  ပြည်သူ့ပန်းခြံရှေ့တွင် ကျင်းပခဲ့သည်။

 

အဆိုပါ ပြိုင်ပွဲသို့ စစ်ဗျူဟာအခြေချ မိုင်းခတ်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရိန်ထွန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဉီးစိုင်းဝန်းဆမ်နှင့် ဉီးအားမဲ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးကောင်းမြင့်သူနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားနှင့် ကာယပညာဦးစီးဌာန နည်းစနစ်မှူးဉီးကျော်ဌေးနှင့် ဝန်ထမ်းများတက်ရောက်ကြသည်။

 

ပြိုင်ပွဲကို  စစ်ဗျူဟာမှူးဗိုလ်မှူးကြီးသူရိန်ထွန်းက အငယ်တန်းနှင့် အကြီးတန်း ကျား/မ အလိုက်ခွဲ၍ သေနတ်ပစ်ဖောက် တာလွှတ်ပေးကာ ပြည်သူ့ပန်းခြံရှေ့မှ မိုင်းခတ်-ကျိုင်းတုံ လမ်းမကြီးတစ်လျှောက် အသွား/အပြန် ၃ မိုင်ယှဉ်ပြိုင်စေခဲ့ပြီး မိုင်းခတ်မြို့နယ်ရှိအခြေခံ ပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများနှင့် အားကစား ဝါသရှင်များ (၃၂၀) ဦးခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ကျင်းပခဲ့ရာဆုရရှိသူများကို စစ်ဗျူဟာမှူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မြိူ့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အကြီးတန်း(ကျား)၊ အငယ်တန်း(ကျား)၊ အကြီးတန်း(မ) အငယ်တန်း(မ)နှင့် နှစ်သိမ့်ဆုရရှိသူများကို ဆုတံဆိပ်နှင့် ဂုဏ်ပြု ဆုငွေများ အသီးသီးချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။

 

မိုးဒေ(ပြန်/ဆက်)