ဆေးလိပ်နှင့် ဆေးရွက်ကြီး ထိန်းချုပ်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းဆိုင်ရာ သုတေသနတွေ့ရှိချက် အစီရင်ခံစာကို ရှင်းလင်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးလိပ်နှင့်ဆေးရွက်ကြီး ထိန်းချုပ်ရေး အပြည်ပြည်ဆိုင်ရာကွန်းဗင်းရှင်း (Framework Convention on Tobacco Control - FCTC) အရ ဆေးလိပ်နှင့်ဆေးရွက်ကြီး ထိန်းချုပ်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းဆိုင်ရာ သုတေသနတွေ့ရှိချက် အစီရင်ခံစာကို ရှင်းလင်းတင်ပြခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ Grand Amara ဟိုတယ်တွင် ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက် အမှာစကား ပြောကြားသည်။
 
ယင်းအခမ်းအနား၌ WHO FCTC အတွင်းရေးမှူး Mr. Andrew Black, RTI International မှ ပြည်သူ့ကျန်းမာရေးဆိုင်ရာ စီးပွားရေးပညာရှင် Mr. Nathan Mann, ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ Policy analyst,  Mr. Roy Small တို့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးလိပ်နှင့် ဆေးရွက်ကြီးထိန်းချုပ်ရေး အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း (FCTC) ဗဟာဗျူဟာအရ မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး ထိန်းချုပ်ရေးလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်း ဆိုင်ရာသုတေသန (Investment Case for Tobacco Control in Myanmar) ဆောင်ရွက်ခဲ့ပုံနှင့် သုတေသနအစီရင်ခံစာအရ မြန်မာနိုင်ငံတွင် နှစ်စဉ်လူဦးရေ (၆၄၀ဝ၀)ခန့်သည် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုမှတစ်ဆင့် ဖြစ်ပွားသောရောဂါများကြောင့် အသက်ဆုံးရှုံးနေရကြောင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုကြောင့် မြန်မာနိုင်ငံတွင် နှစ်စဉ် ကျပ်သန်းပေါင်း (၂.၆)ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံ) ဆုံရှုံးနေပြီး ထိုပမာဏသည် တိုင်းပြည်၏ အသားတင်ထုတ်ကုန်တန်ဖိုး၏ (၃.၃ ရာခိုင်းနှုန်း)နှင့် ညီမျှကြောင်း၊ ယခုအချိန်တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေး လုပ်ငန်းများ၌ မြန်မာငွေတစ်ကျပ် ရင်းနှီးမြှုပ်နှံပါကလာမည့် (၂၀၃၃)ခုနှစ်တွင် မြန်မာငွေ (၂၂၅)ကျပ်ကို အကျိုးအမြတ်အဖြစ် ပြန်လည်ရရှိမည်ဖြစ်ပါကြောင်း၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးကို အမှတ်အသားနှင့်တံဆိပ် မပါရှိဘဲ ထုပ်ပိုးခြင်း၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးနှင့် စပ်လျဉ်း၍ ကြော်ငြာခြင်းနှင့် အားပေးထောက်ခံခြင်းအမျိုးမျိုးကို ပိတ်ပင်တားမြစ်ခြင်း၊ အများပြည်သူ ဆိုင်ရာနေရာနှင့် အခန်းတွင်း ဆေးလိပ်သောက် သုံးခြင်းများကို တားမြစ်ခြင်း၊ အခွန်တိုးမြင့် ကောက်ခံခြင်းနှင့် သတင်းမီဒီယာ အမျိုးမျိုးကို အသုံးပြု စီမံချက်အသွင်ဖြင့် အသိပေး လှုပ်ရှားမှုပြုလုပ်ခြင်း စသည့် ဗဟာဗျူဟာနှင့် လုပ်ငန်းစဉ်များကို ဆောင်ရွက်သင့်ကြောင်း ရှင်းလင်းတင်ပြသည်။ 
 
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ကူးစက်ရောဂါများနှင့် မကူးစက်တတ်သော ရောဂါများဆိုင်ရာ အသုံးချ သုတေသနများပြုလုပ်ရာတွင် ကျန်းမာရေးဆိုင်ရာ ထိခိုက်ဆုံးရှုံးနိုင်မှု များသာမကဘဲ လူမှုရေးနှင့် စီးပွားရေး ထိခိုက်ဆုံးရှုံးနိုင်မှုများကိုပါ ထည့်သွင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း ထိန်းချုပ်ရေးလုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနတစ်ခုတည်းမှ လုပ်ဆောင်၍မရဘဲ အစိုးရအဖွဲ့၏ပံ့ပိုးမှု၊ ဝန်ကြီးဌာန၊ ဦးစီးဌာနနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုဖြင့်သာ အောင်မြင်မှုရရှိနိုင် မည်ဖြစ်ပါကြောင်း၊ သုတေသန အစီရင်ခံစာတွင်ပါရှိသော အကြံပြုချက်များအတိုင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ အခွန်တိုးမြှင့် ကောက်ခံရေးအတွက် အစိုးရအဖွဲ့နှင့် လွှတ်တော်အသီးသီးသို့ အသိပေးတင်ပြကာ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
 
ပြည်သူများတွင် ကျန်းမာရေး အသိပညာကြွယ်ဝပါက ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ၏ အန္တရာယ်ကြီးမားမှုကို သိရှိရှောင်ကြဉ်နိုင်မည်ဖြစ်သဖြင့် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းထိန်းချုပ်ခြင်း အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း (WHO FCTC) မှ ချမှတ်ထားသော မူဝါဒများနှင့် တစ်ပြေးညီ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
 
အဆိုပါ သုတေသနကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများဖြစ်ကြသည့် WHO-FCTC, UNDP, WHO နှင့် RTI International တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
 
(သတင်းစဉ်)