ဆေးလိပ်ဖြတ်ချင်သူများအတွက် အကောင်းဆုံး Application (၉)ခု

ရေးသားသူ Arkar Hein
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

 

 

ဆေးလိပ်ဖြတ်ချင်နေပါသလား။

ဆေးလိပ်ဖြတ်ဖို့ ကြိုးစားတဲ့ အခါမှာလည်း မအောင်မမြင်ဖြစ်နေပါသလား။

စိတ်ဓာတ်မကျပါနဲ့။

 

ဆေးလိပ်သောက်ဖို့အကျင့်ကို ကျွန်တော်တို့ မသိလိုက် မသိဘာသာနဲ့ နှစ်ပေါင်းများစွာ မွေးမြူခဲ့သလိုပဲ ကျွန်တော်တို့ဆေးလိပ်ဖြတ်တဲ့ အကျင့်ကိုလည်း သိသိနဲ့ စိတ်ရှည်ရှည်မွေးမြူဖို့ပဲ လိုအပ်ပါတယ်။ အခုဒီမှာတော့ Hello ဆရာဝန်ပရိတ်သတ်ထဲက ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေတဲ့ သူတွေအတွက် ဆေးလိပ်ဖြတ် ခရီးစဉ်ထဲမှာ သင့်ကိုအကောင်းဆုံး ကူညီပေးနိုင်မယ့် Application များကို ဖော်ပြပေးလိုက်ပါတယ်။ ဒီ ဆေးဖြတ်ဖြတ်ရာမှာ ကူညီပေးနိုင်တဲ့ Application တွေကို အသုံးပြုရလွယ်ကူခြင်း၊ ပုံစံဒီဇိုင်း၊ စားသုံးသူမှတ်ချက်များ၊ Update ဘယ်နှစ်ကြိမ် လုပ်နေသလဲဆိုတာနဲ့ အရေးကြီးဆုံးကတော့ ဒီ Application တွေရဲ့ ဆေးလိပ်ဖြတ်ရာမှာ ကူညီနိုင်စွမ်းကို အခြေခံပြီး ရွေးချယ်ထားတာဖြစ်ပါတယ်။

 

Centers for Disease Control and Prevention (CDC) ရဲ့ လေ့လာချက်အရ စီးကရက်သောက်ခြင်းဟာ အမေရိကန်မှာ ကြိုတင်ကာကွယ်နိုင်တဲ့ ရောဂါများနဲ့ သေဆုံးခြင်းကို အများဆုံးဖြစ်စေနိုင်တဲ့အကြောင်းရင်း ဖြစ်တယ်လို့ဆိုထားပါတယ်။

 

အမေရိကန် လူငယ် ၃၆.၅ သန်းဟာ ဆေးလိပ်သောက်သုံးသူတွေ ဖြစ်ကြပြီး လူပေါင်း ၁၆ သန်း ခန့်မှာ ဆေးလိပ်သောက်ခြင်းကရတဲ့ ရောဂါတွေရှိကြတယ်လို့ ဆိုပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ ခန္ဓာကိုယ်ထဲက အင်္ဂါတွေ အားလုံးကိုပျက်စီးစေပြီး နှလုံးသွေးလွှတ်ကြော ယိုယွင်းရောဂါ၊ လေဖြတ်ခြင်း၊ အဆုတ်ကင်ဆာ၊ တစ်ခြားသော ကင်ဆာရောဂါများ ဖြစ်ပွားနိုင်စေခြေကို မြင့်မားစေပါတယ်။

 

စီးကရက်မှာ အဓိကအားဖြင့် နီကိုတင်းပါဝင်ပြီး ဒီနီကိုတင်းက အရမ်းစွဲလန်းစေနိုင်ပါတယ်။ ဒါ့ကြောင့် ဆေးလိပ်ဖြတ်ခြင်းဟာ နီကိုတင်းရဲ့ စွဲလန်းစေနိုင်တဲ့ အစွမ်းကြောင့် တကယ်ခက်ခဲတဲ့ အလုပ်တစ်ခုလည်း ဖြစ်ပါတယ်။ ပထမပိုင်းမှာတော့ ဆေးလိပ်ဖြတ်နေသူတစ်ယောက်ဟာ နေရထိုင်ရ ကသိကအောက်ဖြစ်ခြင်း၊ စိုးရိမ်စိတ်များခြင်းနဲ့ အာရုံစူးစိုက်မှု နည်းပါးခြင်းတို့ ခံစားရမှာဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်ခြင်းဟာ ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်တဲ့ ရောဂါများ ဖြစ်ပွားခြင်းကိုကာကွယ်နိုင်ရုံသာမက သက်တမ်းကိုလည်း ပိုရှည်လာစေနိုင်ပါတယ်။

 

အခုဒီမှာတော့ မိတ်ဆွေ ဆေးလိပ်ဖြတ်ချင်နေတယ်ဆိုရင် အကူအညီက လက်တစ်လှမ်းမှာပါ။ အောက်မှာ ဖော်ပြထားတဲ့ Application တွေက သင်ရဲ့ကျန်းမာရေးအတွက် ဆေးလိပ်ဖြတ်ခြင်းခရီးကို အကောင်းဆုံး လိုက်ပါကူညီပေးမှာ ဖြစ်ပါတယ်။

 

၁။ QuitNow

Android: Free

iPhone: Free

QuitNow ဟာ အကောင်းဆုံး ဆေးလိပ်ဖြတ် Application တစ်ခု ဖြစ်ပြီး အရောင်ဒီဇိုင်းရှင်းရှင်းလင်းလင်းနဲ့ သုံးစွဲရလွယ်ကူတဲ့ပုံစံနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ သတင်းကောင်းတစ်ခုက QuitNow ဟာ လက်ရှိအချိန်ထိ ဆေးလိပ်ဖြတ်သူ ၂ သန်းကျော်ကို ကူညီဆေးလိပ်ဖြတ်ပေးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ Feature တွေထဲက User တွေ အကြိုက်ဆုံးကတော့ Chat feature ဖြစ်ပြီး User တွေ ရဲ့ ဆေးလိပ်ဖြတ်ရာမှာ အောင်မြင်မှု ပန်းတိုင်ကို မျှဝေနိုင်မှာ ဖြစ်ပါတယ်။

 

QuitNow သုံးစွဲသူများက ဆေးလိပ်ဖြတ်သူ အချင်းချင်း ကူညီမျှဝေတတ်ကြပြီး Chat feature မှာလည်း သုံးစွဲသူတွေရဲ့ အောင်မြင်မှုတွေ၊ ဖြတ်သန်းမှု မိုင်တိုင်တွေ၊ ခက်ခဲမှုတွေနဲ့ ဆေးလိပ်ဖြတ်ရာ ခရီးလမ်းမှာ ကြုံရတဲ့ ပန်းတိုင်တွေကို မျှဝေနိုင်မှာ ဖြစ်ပါတယ်။  ဒီ Application ရဲ့ နောက်ကောင်းတဲ့ အချက်ကတော့ QuitNow! milestone system ဖြစ်ပြီး ဆေးလိပ်ဖြတ်ခြင်းကို အမြဲတမ်း အာရုံစိုက်နေစေနိုင်ဖို့နဲ့ သင့်ရဲ့ပန်းတိုင်ကို ဆုံးဖြတ်ချက်အတိုင်း လုပ်နိုင်အောင် ကူညီပေးမှာဖြစ်ပါတယ်။ ပန်းတိုင်တစ်ခုချင်းစီတိုင်းမှာ ထူးထူးခြားခြား လှပတဲ့ ပုံဖော်မှုတွေနဲ့ မှတ်သားပေးထားမှာ ဖြစ်ပါတယ်။ QuitNow Application ထဲက ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေက ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း World Health Organization (WHO) ရဲ့ အချက်အလက်တွေကို အသုံးပြုထားတာ ဖြစ်ပါတယ်။

 

 

ဒေါင်းလုတ်ဆွဲရန် Android

ဒေါင်းလုတ်ဆွဲရန် IOS

၂။ Kwit
Android: Coming soon!
iPhone: Free

 

Kwit ဟာ Gaming စနစ်နဲ့ Gaming ဒီဇိုင်းများကို ပေါင်းထားပြီး ထုတ်လုပ်ထားတဲ့ Application တစ်ခုဖြစ်ပါတယ်။ ဒီလို ဂိမ်းပုံစံ ပြုလုပ်ထားခြင်းက ဆေးလိပ်ဖြတ်ခြင်းကို ပိုပြီးပျော်ရွှင်ဖွယ်ကောင်းလာစေမှာ ဖြစ်ပါတယ်။ ဒီ Application ကိုသုံးခြင်းဖြင့် Ultimate Kwitter ဆိုတဲ့ အဆင့်ထိရောက်လာမှာ ဖြစ်ပါတယ်။ ဒီ Application ပုံစံဟာ ရှင်းလင်းပြီး သင်ဆေးလိပ်ဖြတ်နေတာ ဘယ်လောက်ကြာနေပြီလဲ၊ ဆေးလိပ် မသောက်တဲ့အတွက် သင်ပိုက်ဆံဘယ်လောက်စုမိသွားပြီးလဲ၊ သင်ဆေးလိပ် ဘယ်နှစ်လိပ်လောက်ကို မသောက်ဘဲနေနိုင်ခဲ့လဲဆိုတဲ့ တကယ်အသုံးဝင်တဲ့ ချက်အလက်တွေကို ဖော်ပြပေးထားပါသေးတယ်။ ဒီ Application က သင့်အတွက် စိတ်ဓာတ်ခွန်အား ဖြစ်စေနိုင်တဲ့ စာစုများကိုလည်း ပြသပေးဦးမှာ ဖြစ်ပါတယ်။ Kwit ဟာ သင်ရံဖန်ရံခါ သောက်မိတဲ့ ဆေးလိပ်အရေအတွက်ကိုလည်း မှတ်သားပေးနိုင်ပါသေးတယ်။ ဒါပေမဲ့ Game ပုံစံလုပ်ထားတဲ့ Application ဖြစ်တာကြောင့် သင်ကဆေးလိပ်သောက်ချင်စိတ်ကို တောင့်ခံနိုင်တဲ့ အမှတ် ဝ ထိဖြစ်သွားရင် သင် အစကနေပြန်စရမှာ ဖြစ်ပါတယ်။

 

ဒေါင်းလုတ်ဆွဲရန် IOS

၃။ Smoke Free

Android: Free
iPhone: Free

 

Smoke Free ဟာ ဆေးလိပ်မသောက်တဲ့အတွက် သင်ပိုက်ဆံ ဘယ်လောက်စုမိသွားလဲ၊ သင်ဆေးလိပ် မသောက်ဘဲနေနေတာ အချိန်ဘယ်လောက်ကြာနေပြီလဲ၊ စီးကရက် ဘယ်နှစ်လိပ်လောက်ကို သင်မသောက်ဘဲ နေနိုင်ခဲ့လဲဆိုတာကို မှတ်သားပေးထားနိုင်ပါတယ်။ သင့်အနေနဲ့ ဆေးလိပ်ဖြတ်ထားလို့ ချင်ခြင်းတတ်လာရင်လည်း ဒီ Application ထဲမှာ မှတ်သားထားနိုင်ပြီး ဒီ App ထဲမှာ ဒီလိုချင်ခြင်းတတ်တာကို ဘယ်လိုဖျောက်ရမလဲဆိုတဲ့ အချက်လေးတွေကိုပါ ဖော်ပြပေးထားပါတယ်။ ဒါ့အပြင် Smoke Free မှာပါတဲ့ လုပ်ဆောင်ချက်တွေနဲ့ ဆေးလိပ်သောက်ချင်စိတ်ကို ကိုင်တွယ်နိုင်ပါသေးတယ်။

 

ဒီ Application ထဲက Dashboard ထဲမှာ ဆေးလိပ်ဖြတ်လိုက်တဲ့အတွက် သင့်ကျန်းမာရေးက ဘယ်လောက်တိုးတက်လာသလဲဆိုတာကို ပြသတဲ့အနေနဲ့ သင့်ရဲ့သွေးပေါင်ချိန်ဖိအား၊ အောက်စီဂျင်နဲ့ ကာဗွန်မိုနောက်ဆိုဒ် ပမာဏတွေကို ဖော်ပြပေးနိုင်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ အသက်ရူတဲ့ ပုံစံ၊ သွေးလည်ပတ် မှုနဲ့ အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်ချေတို့ကို ဖော်ပြပေးထားပါတယ်။ သင့်အနေနဲ့ ဆေးလိပ်ဖြတ်ထားတဲ့ အချိန်ကြာလာလေလေ ဆုတံဆိပ်တွေ ရလာမှာဖြစ်ပြီး ဆေးလိပ်မသောက်တဲ့အတွက် ပိုက်ဆံ ဘယ်လောက် စုမိထားသလဲဆိုတာကိုပါ ပြပေးမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သင်စုထားတဲ့ ပိုက်ဆံများလာရင် သင့်ကိုသင်ဂုဏ်ပြုတဲ့အနေနဲ့ မုန့်ဝယ်စားလို့လည်း ရပါသေးတယ်။

 

နေ့တိုင်းနေ့တိုင်း သင့်အတွက် ဆေးလိပ်ဖြတ်ဖို့အတွက် တာဝန်တစ်ခုစီပေးမှာ ဖြစ်ပြီး Smoke Free ကတော့ ဒီလို တာဝန်တွေကို အမြဲပြီးဆုံးအောင် လုပ်တဲ့လူတွေဟာ ဆေးလိပ်တကယ် ပြတ်သွားနိုင်တယ်လို့ဆိုပါတယ်။

 

ဒေါင်းလုတ်ဆွဲရန် Android

ဒေါင်းလုတ်ဆွဲရန် IOS

၄။ Quit Smoking Slowly
Android: Free

 

Application ရဲ့ နာမည်အတိုင်း ဒီ Application လေးက သင့်ကို ဆေးလိပ် တစ်ဖြည်းဖြည်းဖြတ်ဖို့အတွက် ကူညီပေးဖို့ ဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။ ဒီတော့ ဆေးလိပ်ကို အစိမ်းဖြတ်မဖြတ်ချင်ဘူး (“ cold turkey” ) ဆိုတဲ့ သူတွေအတွက်တော့ ဒီ Application လေးက တကယ်ကောင်းမွန်ပါတယ်။ ဒီ Application လေးရဲ့ အဓိက အားသာချက်ကတော့ သင့်ရဲ့ဆေးလိပ်သောက်သုံးနှုန်းကို နီကိုတင်းပမာဏနည်းပါးနှုန်းနဲ့အညီ လျှော့ချပေးမှာ ဖြစ်ပါတယ်။

 

ပထမဆုံး Application က မေးထားတဲ့ မေးခွန်းတွေကို ဖြေဆိုပြီးတာနဲ့ သင်အနေနဲ့ ဆေးလိပ်တစ်လိပ်နဲ့ တစ်လိပ်ကြား အချိန်ဘယ်လောက်ခြားပြီး ဆေးလိပ်သောက်မှာလဲဆိုတဲ့ smoking reduction plan ကို မြင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီ Application ဟာ သင်သတ်မှတ်ထားတဲ့အချိန် ( တစ်ပတ် မှ ၅ နှစ်အတွင်း ) ဆေးလိပ်သောက်လို့ ပိုက်ဆံဘယ်လောက်ကုန်မလဲဆိုတာကို ပြသပေးနိုင်ပါတယ်။

 

သင်အနေနဲ့ ဆေးလိပ်သောက်ရမယ့် အချိန်လား၊ သောက်လို့ မရသေးတဲ့ အချိန်လားဆိုတာကို Home Scree က အစိမ်းရောင်နဲ့ အနီရောင်ပြောင်းလဲပေးပြီး ပြသနေမှာဖြစ်ပါတယ်။ နေ့တိုင်းနေ့တိုင်း ဆေးလိပ်တစ်လိပ်နဲ့ တစ်လိပ်ကြားကာလ အချိန်ကြာလာလေ သင်ဟာဆေးလိပ်ဖြတ်လာနိုင်လေပါပဲ။ ဒီ Application လေးက ဆေးလိပ်ကို ထိမ်းထိမ်းသိမ်းသိမ်း ဖြတ်ချင်တယ်ဆိုတဲ့ သူတွေအတွက် အကောင်းဆုံးသော Application လေး ဖြစ်ပါတယ်။

 

ဒေါင်းလုတ်ဆွဲရန် Android

၅။ Quitter’s Circle

Android: Free
iPhone: Free

 

Quitter’s Circle Application ဟာ အမေရိကန် ဆေးဝါးကုမ္ပဏီကြီးဖြစ်တဲ့ Pfizer Inc နဲ့ အမေရိကန် အဆုတ်ကျန်းမာရေး အဖွဲ့အစည်းတို့ရဲ့ ပူးပေါင်းမှုကြောင့် ထွက်ပေါ်လာတဲ့ ဆေးလိပ်ဖြတ် Application ဖြစ်ပါတယ်။ သင့်အနေနဲ့ ဆေးလိပ်ဘယ်လိုဖြတ်မလဲ၊ ဘယ်အချိန်မှာ ဆေးလိပ်ဖြတ်မလဲဆိုတဲ့ ဆေးလိပ်ဖြတ်တဲ့ အစီအစဉ်ကို မိမိဘာသာ ဆွဲထားလို့ရပါတယ်။

 

ဒီ Application က သင့်ရဲ့ ဆေးလိပ်ဖြတ်ခြင်း ခရီးတစ်လျှောက် အောင်မြင်မှုတွေကိုလည်း မှတ်သားပေးထားပြီး သင့်ရဲ့ ဆေးလိပ်ဖြတ်ခြင်းကို ကူညီပေးနိုင်တဲ့ သူငယ်ချင်းတွေနဲ့ မိသားစုတွေပါဝင်တဲ့ Quit Team ကိုဖွဲ့စည်းလို့ရပြီး သင့်ရဲ့ကျန်းမာရေးအတွက် ထောက်ပံ့စရိတ်များကို အလှူခံနိုင်တဲ့ Quit Fund ကိုပါ စတင်လို့ရပါတယ်။

 

ဒါ့အပြင့် Quitter’s Circle Application ဟာ Quit Cards, emoticons နဲ့ stickers တွေကို သင့် ဆေးလိပ်ဖြတ်ရာမှာ စိတ်ဓာတ်တက်ကြွစေဖို့ အတွက် သင့်ကိုပေးပြီး ဒီအရာတွေကို သင့်ရဲ့ Quit Team ကို ဝေမျှနိုင်ပါတယ်။ ဥပမာ ငါတော့ ဆေးလိပ်ဖြတ်ထားတာ တစ်လတောင်ရှိပြီဆိုပြီး သင်ရဲ့ Quit Team နဲ့ ဝေမျှနိုင်ပါတယ်။ ဒီ Application မှာ သင့်ရဲ့မိသားစုနဲ့ သူငယ်ချင်းတွေက သင့်ကိုစိတ်အားတက်ကြွဖို့အတွက် စာတွေပို့ခွင့်ပြုထားပြီး သင့်ရဲ့အောင်မြင်မှုကို အချိန်နဲ့တစ်ပြေးညီ မှတ်တမ်းတင်နိုင်ပါတယ်။

 

ဒေါင်းလုတ်ဆွဲရန် Android

ဒေါင်းလုတ်ဆွဲရန် IOS

၆။ Quit Smoking NOW with Max Kirsten
iPhone: $4.99

 

Max Kirsten ဟာ အားလုံးသိကြတဲ့ အဆိုတော် Adele ကိုလည်း ဆေးလိပ်ဖြတ်ပေး နိုင်ခဲ့သူဖြစ်ပါတယ်။ Max Kirsten ဆိုတာ ဆုတံဆိပ်တွေရထားတဲ့ ဆေးပညာဆိုင်ရာ အိပ်မွေ့ချပညာရှင်ဖြစ်ပြီး ဆေးလိပ်ဖြတ် ပညာရှင်လည်းဖြစ်ပါတယ်။ Max Kirsten ဟာ ဟောလိဝုဒ် သရုပ်ဆောင် Ewan McGregor ကိုလည်း ဆေးလိပ်ဖြတ်ပေးနိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။Max Kirsten ဟာ ဆေးလိပ်ဖြတ်ကုသမှုမှာ ၁၅ နှစ်အထက် အတွေ့အကြုံရှိပြီး သူ့ရဲ့ Quit Smoking NOW App အိပ်မွေ့ချ Application နဲ့ လူထောင်ပေါင်းများစွာကို ဆေးလိပ်ဖြတ်ပေးနိုင်ခဲ့ပါတယ်။ ဒီထဲမှာ Adele လည်းပါပါတယ်။

 

Max Kirsten ရဲ့ “ 60-second Cravings Buster” နည်းစနစ်ဟာ ဆေးလိပ်သောက်ချင်စိတ်ကို လျှော့ချပေးနိုင်တယ်လို့ အသိအမှတ်ပြုထားခြင်းကို ခံထားရပြီး သူရဲ့အိပ်မွေ့ချ နည်းစနစ်ဆိုင်ရာ Application ဟာ ဆေးလိပ်ဖြတ်လိုက်ရင် ကိုယ်အလေးချိန် တက်လာခြင်းကိုပါ တားဆီးပေးနိုင်ပါတယ်။ Application မှာပါတဲ့ dashboard မှာ သင်ဆေးလိပ်မသောက်ဘဲ ဘယ်နှစ်ရက် နေနိုင်ခဲ့ပြီလဲ၊ ဆေးလိပ်ဘယ်နှစ်လိပ် မသောက်ဘဲ နေနိုင်ခဲ့ပြီလဲ၊ ပိုက်ဆံ ဘယ်လောက်စုမိသွားပြီလဲ ဆိုတာကိုပါ ဖော်ပြပေးထားပါတယ်။ ဒီ Application မှာ up-to-date ဆေးလိပ်နဲ့ပတ်သတ်တဲ့ သတင်းတွေ၊ 40-fact cards တွေနဲ့ smoking galleries တွေလိုမျိုး ထပ်ဆောင်းလုပ်ဆောင်ချက်တွေလည်း ပါဝင်ပါတယ်။

 

ဒေါင်းလုတ်ဆွဲရန် IOS

၆။ Quit Tracker
Android: Free

 

Quit Tracker ကတော့ ဆေးလိပ်ဖြတ်လိုက်တဲ့အတွက် သင့်ရဲ့ခန္ဓာကိုယ်မှာ ဘယ်လိုကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေ ရနေပြီလဲဆိုတာ ဖော်ပြပေးရင်း ဆေးလိပ်ဖြတ်ဖို့ကူညီပေးတဲ့ Application ဖြစ်ပါတယ်။ ဒီ Application ဟာ သင့်ဆေးလိပ်ဖြတ်တာ ကြာလာတာနဲ့အမျှ သင့်ကိုဆုချပေးတဲ့ virtual ဆုတွေလည်းပေးပြီး ဒီဆုတွေနဲ့ သင် Application ထဲက ရုပ်ရှင်လက်မှတ်တွေ၊ အားကစားဖိနပ်တွေဝယ်ပြီး အလှ ဆင်နိုင်ပါသေးတယ်။ Application စတင် သုံးဖို့အတွက်ကတော့ Screen တစ်မျက်နှာစာ မေးခွန်းတွေ ဖြေဆိုရမှာ ဖြစ်ပြီး ဒီ Application က ဆေးလိပ်ဖြတ်လို့ စုမိလာမယ့် သင့်ရဲ့ပိုက်ဆံတွေ၊ သက်တမ်းတွေနဲ့ ကျန်းမာရေး ကောင်းကျိုးတွေကိုပါ ဖော်ပြပေးထားပြီး ဆေးလိပ်သောက်ချင်လာရင် အာရုံလွှဲနိုင်ဖို့အတွက် Card တွဲရတဲ့ Game ကိုပါ ထည့်သွင်းပေးထားပါသေးတယ်။

 

premium version သုံးမယ်ဆိုရင် ကြော်ငြာတွေ ပျောက်သွားမှာ ဖြစ်ပြီး home screen widget ထားနိုင်ခြင်းနဲ့ သင့်ရရှိမယ့် virtual rewards တွေကိုလည်း ပိုရလာမှာဖြစ်ပါတယ်။ Quit Tracker ဟာ ဆေးလိပ်ပြတ် သွားပေမဲ့ ဆေးလိပ်ပြန်သောက်မိခြင်းကို ကာကွယ်ချင်တဲ့ သူတွေအတွက်လည်း အကောင်းဆုံးလည်း ဖြစ်ပါတယ်။

 

ဒေါင်းလုတ်ဆွဲရန် Android

၇။ Quit It Lite
iPhone: Free

 

Quit It Lite ဟာ ဆေးလိပ်သောက်သူတွေကို ဆေးလိပ်ဖြတ်ဖို့နဲ့ ဆေးလိပ်ဖြတ်ပြီးသားသူတွေကို ပြန်လည် မသောက်သုံးကြဖို့အတွက် စိတ်ဓာတ်ခွန်အားပေးဖို့ လုပ်ဆောင်ထားတဲ့ Application ဖြစ်ပါတယ်။ Quit It Lite ဟာ ရိုးရှင်းရလွယ်တဲ့ ပုံစံဖြစ်ပြီး သင့်ရဲ့ဆေးလိပ်သောက်တတ်တဲ့အကျင့်နဲ့ ဆေးလိပ်ဖြတ်ရင် သက်သာမယ့် ပိုက်ဆံတွေကိုလည်း ဖော်ပြပေးနိုင်ပါတယ်။ health section မှာတော့ ဆေးလိပ်ဖြတ်တာ အချိန်ကြာလာတာနဲ့အမျှ သင်ခံစားရမယ့် ကျန်မာရေးအကျိုးကျေးဇူးတွေကို ဖော်ပြထားပါတယ်။ ဥပမာအားဖြင့် သင့်ရဲ့ သွေးဖိအား၊ သွေးခုန်နှုန်း၊ ကာဗွန်မိုနောက်ဆိုဒ်နဲ့ အောက်စီဂျင်ပမာဏ၊ နှလုံးရောဂါနဲ့ အဆုတ်ကျန်းမာရေး လုပ်ဆောင်ချက် တွေကိုပါ ဖော်ပြပေးထားပါတယ်။ သင့်အနေနဲ့ ဆေးလိပ် ဘယ်နှစ်လိပ် မသောက်ဘဲနေနိုင်ရင် ကိုယ့်ကိုကို ပြုစုတဲ့ အနေနဲ့ ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ်၊ ကော်ဖီသောက်တာပဲဖြစ်ဖြစ် သင်ရဲ့ဆုလာဒ်အနေနဲ့ သတ်မှတ်ထား လို့ရပြီး ဒီ Application က သင်သောက်ထားတဲ့ ပမာဏကို မှတ်သားထားပေးမှာ ဖြစ်ပါတယ်။

 

ဒေါင်းလုတ်ဆွဲရန် IOS

၈။ Quit Smoking Hypnosis

Android: Free
iPhone: Free

 

Quit Smoking Hypnosis ကတော့ သင့်ရဲ့စိတ်ကိုပြောင်းလဲပေးပြီး သင်ဆေးလိပ်သောက်နေတဲ့ အလေ့အကျင့်ပုံစံတွေကို ပြောင်းလဲကာ ဆေးလိပ်ဖြတ်ဖို့ ကူညီပေးနိုင်တဲ့ Application ဖြစ်ပါတယ်။ Quit Smoking Hypnosis မှာပါတဲ့ အိမ်မွေ့ချဆိုင်ရာ အသံဖိုင်ကို နားထောင်ရင် ၁ ပတ်ကနေ ၃ ပတ်အတွင်း သိသိသာသာ ထူးခြားလာမယ်လို့ Application က ဆိုထားပါတယ်။ အသိအမှတ်ပြု အိမ်မွေ့ချပညာရှင်က ဒီ အသံဖိုင်ကို ပြောပေးမှာ ဖြစ်ပြီး နောက်ခံတီးလုံးနဲ့ အသံတွေက သင့်ရဲ့စိတ်ကို ပိုပြီးငြိမ်းချမ်းစေမှာ ဖြစ်ပါတယ်။ ညဘက် အိပ်ယာ မဝင်ခင် အသုံးပြုမယ်ဆိုရင် သင့်အနေနဲ့ နှစ်ခြိုက်စွာ အိပ်ပျော်သွားမှာဖြစ်ပါတယ်။

 

ဒေါင်းလုတ်ဆွဲရန် Android

ဒေါင်းလုတ်ဆွဲရန် IOS

၉။ Butt Out
iPhone: Free

 

Butt Out ဟာ ကာတွန်းပုံနဲ့ အရောင်တောက်တောက်တွေနဲ့ ဖွဲ့စည်းထားတဲ့ Application ဖြစ်ပြီး ဆေးလိပ်ချင်ခြင်းတက်ခြင်းနဲ့ သောက်ခဲ့တဲ့ ဆေးလိပ်ပမာဏကို မှတ်သားပေးထားပါတယ်။ အဲ့နောက် Butt Out ဟာ သင့်ကျန်းမာရေး တိုးတက်လာပုံကို Graph များနဲ့ ပြသပေးထားပြီး ဆေးလိပ်ဖြတ်တာ မရပ်သွားဖို့၊ ကိုယ်သတ်မှတ်ထားတဲ့ ပန်းတိုင်ကို အလျှော့မပေးဖို့စိတ်ဓာတ်ခွန်အား ဖြစ်စေနိုင်တဲ့ပုံများကို ပြသပေးမှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ ဆေးလိပ်ကို ချက်ခြင်းကြီး ဖြတ်မလား၊ အချိန်ယူပြီး ဖြတ်မလားဆိုတာကိုလည်း သတ်မှတ်ထားနိုင်ပါတယ်။

 

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်" 

 

http://myanmardigital.news/sites/default/files/hello%2011_68.jpg