ဆေးဖက်ဝင် ဆီးဖြူသီးထောင်းနှင့် တွဲဖက်ညီလှသော ဒန့်သလွန်ရွက်ဟင်းချို၊ ရဲယိုရွက်လယ်ငါးခူပေါင်း

၁၅ စက်တင်ဘာ 

 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း အင်းတော်မြို့နယ် တံခွန်တိုင်ရွာလေးသို့ လွန်ခဲ့သော ဆယ်နှစ်လောက်က အလည်ရောက်ခဲ့သည်။ အင်းတော်ဘူတာမှ ဆည်ရွာရပ်စခန်းဘူတာသို့ နဘားခေါက်ပြန်ရထားဖြင့် စီးခဲ့ရသည်။ ဆည်ရွာမှ မန်လည်ရွာကိုကျော်ဖြတ်ပြီး တံခွန်တိုင်ရွာသို့ ခြေကျင်သုံးမိုင်လောက် သွားရသည်။ မဲဇာချောင်း နံဘေးတွင်ရှိပြီး အစ်မတစ်ဝမ်းကွဲတော်သူ မမရွှေတို့အိမ်၌ ညအိပ်တည်းခိုသည်။ အိမ်ဝင်းထဲဝင်သည်နှင့် မမရွှေမှာ ပြုံးရွှင်စွာကြိုဆိုလျက် “ဆေးဖက်ဝင်တဲ့ တောဟင်းလေးတွေချက်ထားတယ်၊ မြို့လိုဈေးမရှိတော့ ဟင်းကောင်းကြီးတော့ မဟုတ်ဘူး၊ သားကြီး တောထဲကပြန်လာတော့ ဆီးဖြူသီးတွေနဲ့ ဝါးပိုးမျှစ်၊ ဝါးရင်းမှိုတွေ ပါလာတယ်။ သမီးကြီးကလည်း လယ်ငါးခူတွေ ပို့လာတယ်။ ဒါနဲ့ ဆီးဖြူသီးကို ထောင်းထားတယ်၊ လယ်ငါးခူကိုတော့ ရဲယိုရွက်နဲ့ထုပ်ပြီး ပေါင်းထားတယ်။ ခုတော့ ဒန့်သလွန်ရွက်ဟင်းချိုချက်မယ်”ဟု အားပါးတရပြောသည်။ လက်ထဲမှာ ဒန့်သလွန်ရွက်တွေ ဆုပ်ကိုင်ထားပါသည်။ အိမ်ခြံဝင်းဝင်ပေါက်ဝဲ၊ ယာတွင် ဒန့်သလွန်ပင်ကြီး က ဝေဆာလှသည်။ ဒေါင်းတောင်ပေါက်ဟု ဆိုရပါမည်။ အခက်အညွန့်ကြီးတွေက တုပ်ခိုင်ပြီး စိမ်းစိုလှသည်။

 

မမရွှေပြောသဖြင့် ဆေးဖက်ဝင်သည့် ဆီးဖြူသီးဆိုသည်မှာ ဘယ်လိုဆေးဖက်ဝင် သည်ကိုမသိခဲ့ပါ။ နောက်ပိုင်းမှ ယောမြို့စား အတွင်းဝန် ဦးဖိုးလှိုင်၏ ဥတုဘောဇန သင်္ဂဟကျမ်းကိုဖတ်မိသည်။ ထိုကျမ်း၌ ဆီးဖြူသီးသည် ရသာယနမျိုးဖြစ်၏။ ချဉ်သောကြောင့် လေကိုနိုင်၏။ ချိုသောကြောင့် သည်းခြေကိုနိုင်၏။ အဆီမရှိ ဖန်သောကြောင့် သလိပ်ကိုနိုင်၏။ ထို့ကြောင့် ဆီးဖြူသီးသည် ဒေါသသုံးပါးကိုနိုင်၏ဟု ဖော်ပြထားပါသည်။

 

(က) လေကိုနိုင်ရန် ချို၊ ချဉ်၊ ငန်၊ (ခ) သလိပ်ကို နိုင်ရန် စပ်၊ ခါး၊ ဖန်၊ (ဂ) သည်းခြေနိုင်ရန် ချို၊ ခါး၊ ဖန် ဟုဆိုထားသည်။ ဆီးဖြူသီးသည် အငန်မှလွဲပြီး ချို၊ ချဉ်၊ ဖန်၊ စပ်၊ ခါး အရသာ ငါးပါးနှင့်ပြည့်စုံသည်။ အသက်ဓာတ်ပါသဖြင့် ရသာယနအသင်ရှည်ဆေးလည်းဖြစ်သည်။ ဗီတာမင်စီဓာတ် ကြွယ်ဝသည်။ 

 

ဆီးဖြူသီး ၁၀၀ ဂရမ်တွင် ဗီတာမင်စီဓာတ် ၆၈၀ မီလီဂရမ်ထိပါဝင်သည်။ အက်ဆစ်ဓာတ်အဖြစ် တိုင်နိ(န်) အက်ဆစ် ပါဝင်သောကြောင့် အဆီမတိုးနိုင်ပါ။ ဂိုက်လိ(က်)အက်ဆစ်လည်း ပါဝင်သောကြောင့် အဆီကိုချပေးနိုင်သည်။ အဆီတိုးစေနိုင်သော အစာတို့ကိုကြေစနိုင်သောကြောင့် အစာကြေလွယ်သည်။ ဖောယောင်ခြင်းကို လျော့ကျစေသည်။ ဆီးရွှင်သောကြောင့် ဆီးအောင့်ခြင်း၊ ဆီးကျဉ်ခြင်း၊ ကျောက်တည်ခြင်းတို့ကို သက်သာ ပျောက်ကင်းစေနိုင်သည်။ သွေးတိုးနှင့် နှလုံးရောဂအမျိုးမျိုးအတွက်လည်း ဆီးဖြူသီးနှင့် သင့်လျော်လှသည်။

 

အချို့သော ဗီတာမင်စီကြွယ်ဝသည့် ဟင်းသီးသင်းရွက်တို့ကို အပူပေးပြီး ချက်ပြုတ်ပါက ဗီတာမင်စီဓာတ် အလွယ်တကူ ပျက်စီးနိုင်သည်။ ထို့ကြောင့် ဆီးဖြူသီးကို ပြုတ်၊ ကြော်၊ ချက် အမျိုးမျိုးပြုလု်စားသုံးနိုင်ပြီး ဗီတာမင်ဓာတ်များကို ရရှိနိုင်သည်။

 

ဆီးဖြူသီးကို ထောင်းစားရာတွင် အချို့က အစိမ်းထောင်းကြသည်။ စိမ်းစားငါးပိကို မီးကင်၊ ငရုတ်သီးစိမ်းထည့်ပြီး ထောင်းစားကြပါသည်။ မမရွှေကတော့ ဆီးဖြူသီးကိုပြုတ် အစေ့ကို ဖယ်ပြီးထောင်းသည်။ ဆီးဖြူသီး ကြေညက်ပါက စိမ်းစားငါးပိကြော် ငရုတ်သီးစိမ်း သုံးတောင့်လောက်ထည့်ပြီး ထောင်းသည်။ ထို့နောက် ဆီးဖြူသီးကို ပန်းကန်ထဲသို့ ထည့် ပြီး ကြက်သွန်ဖြူ၊နီ ကြော်တို့ကို အပေါ်မှ ဖြူးသည်။ အရသာရှိသော ဆေးဖက်ဝင် ဟင်းလျာကိုရပါပြီ။

 

ရဲယိုရွက်လယ်ငါးခူပေါင်း ပြုလုပ်ရာတွင် လယ်ငါးခူကို အချွဲပြောက်စေရန် ဓားနှင့်ခြစ်ပြီး သံပရာသီးခြမ်းနှင့် ပွတ်ပေးပါက အချွဲရော အနံ့ပါပျောက်သည်။ ထို့နောက် ငါးခူကို ရေဆေးပြီး အတုံးလေးများ အရွယ်တော်တုံးကာ ဆားနယ်၍နှပ်ထားရသည်။ ဂျင်း၊ ကြက်သွန် ဖြူ၊နီ တို့ကိုထောင်းပြီး ပင်စိမ်း၊ ရှမ်းနံနံ၊ ဖက်ဖယ်ရွက်၊ ကြက်သွန်မြိတ်တို့ဖြင့် နှပ်ထားသောငါးခူကို အတွင်းထဲစိမ့်ဝင်အောင်နယ်ကာ ရဲယိုရွက်ဖြင့်ထုပ်ရမည်။ မမရွှေကတော့ တောအရပ်ဖြစ်သောကြောင့် လျှပ်စစ် ပေါင်းအိုး မရှိပါ။ မြေဖြင့်ပြုလုပ်ထားသော မြေပေါင်းချောင်ဖြင့် သုံးသည်။ ပေါင်းအိုး၊ ပေါင်းချောင်မရှိပါက ဆူပွက်နေသော ရေနွေး ဒန်အိုးပေါ်သို့ ဒန်ဆန်ကာခုံးကိုတင်ပြီး ရဲယိုရွက်နှင့်ထုပ်ထားသည့် လယ်ငါးခူထုပ် များကို ထည့်ရမည်။ နာရီဝက်ကျော်ကျော် လောက်ဆိုလျှင် ရဲယိုရွက်လယ်ငါးခူပေါင်း စားနိုင်ပါပြီ။ အထုပ်ဖြည်စားလိုက်ပါက မွှေးကြိုင်ပြီး အရသာရှိလှသည်။ ဆေးဖက်ဝင် သောကြောင့် လေဖြတ်ဝေဒနာရှိသူများ၊ အရိုး အဆစ်ရောင်ရောဂါ၊ ကျီးပေါင်းတက်ရောဂါနှင့် ဆီးကျောက်တည်ရောဂါရှိသူများနှင့် အထူးသင့်လျော်လှသည်။

 

ဒန့်သလွန်ရွက်ဟင်းချိုချက်ရသည်မှာ လွယ်ကူသည်။ အစိမ်းရောင်ဒန့်သလွန်ရွက် ဟင်းချိုပူပူလေးကို ပန်းကန်ထဲသို့ ထည့်လိုက် သည်နှင့် စားချင်စဖွယ် ဖြစ်သည်။ ဒန့်သလွန်ရွက်သည် သွေးတိုးရောဂါကို မဖြစ် စေရန် ကာကွယ်ပေးသည်။ သတ္တုဓာတ် ကယ်လ်စီယမ်ဓာတ်ပါဝင်သည်။ ဒန့်သလွန်ရွက် အလေးချိန် ၁၀ဝ ဂရမ်တွင် ကယ်လ်စီယမ်ဓာတ် ၂၉၆ မီလီဂရမ်ပါဝင်သည်။ အရိုးအဆစ်ရောဂါ တို့ကိုလည်း ကာကွယ်ပြီး သက်သာစေသည်။ မမရွှေတို့၏ တံခွန်တိုင်ရွာလေးမှ အကုန်အကျသက်သာပြီး ကျန်းမာရေးအတွက် ဆေးဖက်ဝင်ဟင်းလျာများ ဖြစ်သည်။ လက်တွေ့ စားသုံးကြစေလိုသည်။ ဆီးဖြူသီး ထောင်း၊ ရဲယိုရွက် လယ်ငါးခူပေါင်းနှင့် ဒန့်သလွန်ရွက်ဟင်းချိုတို့မှာ အရသာရှိပြီး ထမင်းမြိန်စေမည့် လိုက်ဖက်ညီသော ဟင်းလျာအတွဲများဖြစ်သည့်အပြင် ဆေးဖက်ဝင်သည်။

 

နံ့သာငြိမ်းအေး