ဆေးဖက်ဝင် ဟင်းအတွဲလေးများ

၂၈ စက်တင်ဘာ 

 

ဖလံတောင်ဝှေး ဆန်လှော်ဟင်းချို၊ ငါးရံ့ချက်နှင့် သရက်သီး၊ ကြွက်နားရွက်မှိုသုပ်။ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် ဂျုံးဂျုံးဂျရွာလေးသို့ လွန်ခဲ့သောနှစ်နှစ်ဆယ်က အစိုးရအမှုထမ်းအဖြစ် တာဝန်ကျဖူးပါသည်။ ထိုရွာလေးသည် အင်းတော်မြို့နယ်အတွင်းတွင်ပါဝင်သော်လည်း ဝန်းသိုမြို့နယ်ရှိ ရပ်စခန်းဘုံချောင်းဘူတာသို့ ရထားစီးပြီးသွားရသည်။ ထို့မှ ချောင်းကိုဖြတ်၍ ဘုံချောင်းတောင်ကို ခြေကျင်တက်ရသည်။ တောင်ခြေမှ တစ်ဖန်လမ်းလျှေက်ပြီး လက်ပန်တန်းရွာလေးသို့ ရောက်သည်။ ထိုမှ လယ်ကွင်းများကိုဖြတ်၍မဲဇာချောင်းကို မိုးတွင်းဖြစ်ပါက စက်လှေဖြင့်ကူးရသည်။ နွေရာသီဖြစ်ပါက သောင်ပြင်ကိုကျော်ဖြတ်၍ ရေကူးပြီး ဂျုံးဂျုံးဂျရွာသို့ ရောက်သည်။ အခြားလမ်းတစ်ခုမှာ အင်းတော်မှမဲဇာသို့ရထားစီးပြီး မဲဇာမှငါးမိုင်ခန့်လမ်းလျှောက်ရသည်။ ကားလမ်းမရှိ၍ခရီးသွားရသည်မှာ ခက်ခဲသည်။ 

 

ယခုအခါ ကားလမ်းရှိပြီဖြစ်၍ အလွယ်တကူသွားလာနိုင်သည်။ အင်းတော်မြို့မှ လစာထုတ်၊ အစည်းအဝေးအပြန် ပေါ့ပါးသော စားဖွယ်ဟင်းလေးများ ဝယ်ပြန်ခဲ့ရသည်။ ခရီးပန်း၍ အဝတ်ပင်မလဲနိုင်တော့ပါ။ မော၍ အိမ်ရှေ့ခန်းတွင်အနားယူ လဲလျောင်းရပါတော့သည်။ အနားယူပြီးမကြာပါ။ ရွာထိပ်ပိုင်းမှ ကြီးကြီးစံ ရောက်လာသည်။ ပခုံး၌လွယ်ထားသော ချင်းပလိုင်းကိုချသည်။ “တောထဲက ပြန်လာတာသရက်သီးတွေပါလာတယ်။” သရက်သီးအစိမ်းကြီးကြီးသုံးလုံးနှင့် ကြွက်နားရွက်မှို(ထိုအရပ်မှာ မှိုတုန်တုန်ဟုခေါ်သည် ) တို့ကိုပေးပါသည်။ ခြင်းထဲ၌ထောင်၍ ထည့်ထားသည့် ဖလံတောင်ဝှေးကို ၁၀ချောင်း လောက်ထုတ်ပေးပြန်သည်။ ဖလံတောင်ဝှေးကိုတစ်ခါမျှ ချက်ပြုတ်မစားဖူးပါ။ဆန်လှော်ဟင်းချို ချက်စားပါက အလွန်ကောင်းသည်ဟု ပြောသည်။

 

ကြီးကြီးစံက အိမ်ပြန်ရေချိုး၊ ထမင်းစားပြီးပြန်လာခဲ့မည်ဟု ပြောသည်။ မကြာပါ ကြီးကြီးစံ ရောက်လာသည်။ မဲဇာချောင်းမှငါးရှာ၍ ပြန်လာသော မဝင်းကို ကြီးကြီးစံကခေါ်သည်။ “ငါးရသလား”  “များများတော့မရဘူး၊ ဟင်းချိုခတ်လောက်တော့ရတယ်။”ဟု ပြောပြီး ငါးရံ့လေးများ ပေးထားခဲ့သည် ။ကြီးကြီးစံပေးသော ဖလံတောင်ဝှေးသည် ကျန်းမာရေးအတွက် အထောက်အကူဖြစ်၍ ဆေးဖက်ဝင်သည်။ ဆရာသမားတို့၏အဆိုမှာ ဖလံတောင်ဝှေးကို ဓားပြားရိုက်၍ ဟင်းချက်သောက်ပါက နို့တိုက်မိခင် အမျိုးသမီးများအတွက် နို့ထွက်များသည်။ နို့အနာပေါက်ခြင်း၊နို့ချောင်းပိတ်ခြင်းနှင့် သကျည်းကိုက်ခြင်းတို့ကသက်သာပျောက်ကင်းစေသည်။ အမျိုးသားများ ဒူလာပါဒရက်ရောဂါနှင့် ကျား၊ မ မည်သူပင်ဖြစ်စေ ညောင်းညာကိုက်ခဲခြင်း၊ ကျင်ခြင်း၊ထုံခြင်းတို့ကို သက်သာပျောက်ကင်းစေသည်။

 

 

ဖလံတောင်ဝှေးကို အမဲသားနှင့်ချက်စားလျှင်ဆီးရွှင်စေပြီး ကျောက်ကပ်ရောဂါကို ကာကွယပေးသည်။ ရေကြက်နှင့်တွဲချက်စားပါက ဆီးပူ၊ဆီးအောင့်၊ ဆီးကျင်ခြင်း၊ ဆီးနည်းခြင်းတို့ကို ပျောက်ကင်းစေသည်။ကြီးကြီးစံက ဖလံတောင်ဝှေးကို ဓားပြားဖြင့်ရိုက်ပြီး တစ်လက်မခန့် အပိုင်းလေးများဖြတ်သည်။ ကြက်သွန်နီ သုံးလုံးကိုအခွံနွှာလေးစိတ်ခြမ်းပြီး ခရမ်းချဉ်သီးတစ်လုံးကို တောက်တောက်စဉ်းသည်။ ဒန်အိုးထဲကိုရေထည့်ပြီး ဆူပွက်လာသောအခါ ရေနွေးဖြင့် ခေါက်ချေထားသော ငါးငါးပိ၊ခရမ်းချဉ်သီး၊ ကြက်သွန်နီတို့နှင့် ငါးလူးငါးကင်၊ ဖလံတောင်ဝှေးကို ထည့်ပါသည်။
ခဏအကြာတွင် ဆန်လှော်မှုန့်ကို ရေဖျော်ထည့်ပြီး အိမ်ဝင်းထဲရှိ ရှမ်းနံနံပင်လေးများကိုခူး၍ ထည့်သည်။ ဟင်းအနံ့မှာ မွှေးကြိုင်လှသည်။တွဲဖက်ဟင်းဖြစ်သော ငါးရံ့လေးများကိုကြေးထိုး၊ ရေဆေး၊ အတုံးလေးများပြုလုပ်၍ဆားနနွင်းတို့ဖြင့်နယ်၍ ချက်မည့်အိုးထဲတွင် ခဏနှပ်ထားသည်။ ချင်း၊ ကြက်သွန်ဖြူ၊ငရုတ်သီးထောင်းပြီး ကြက်သွန်နီတစ်လုံးနှင့် ခရမ်းချဉ်သီးတစ်လုံးကို ပါးပါးလွှာသည်။

 

အားလုံးကို နှပ်ထားသော ငါးရံ့တုံးလေးထည့်ထားသည့် အိုးထဲသို့ရောပြီး ဆီကိုဟင်းစားဇွန်းတစ်ဇွန်းထည့်၍ သမအောင်နယ်သည်။ ထို့နောက် ရေအနည်းငယ်ထည့်၍ချက်သည်။ ချင်း၊ ကြက်သွန်တို့ကိုဆီသတ်၍ မပြုလုပ်တော့ပါ။ ဟင်းအိုးပွက်ပွက်ဆူလာသောအခါ ကြီးကြီးစံက မြည်းစမ်းကြည့်သည်။ အငန်အပေါ့ အတော်ပါ။ကောင်းပြီဆိုပြီး ရှမ်းနံနံပင်ကို ထည့်၍ ဟင်းအိုးကိုချသည်။ ကြီးကြီးစံ မြန်လှပါလားဟု ပြောတော့ ကြာကြာချက်ဖို့ မလိုဘူး။ငါးပိမှာနွေး၊ ငါးမှာကွေး၊ ပုစွန်မှာ နီလာရောင်၊ဖားမှာမျက်ဆံချောင်တဲ့ အဲ့ဒီလိုဆို ဟင်းကျက်တော့တာပါ့ဟု ပြောသည်။ ငါးတုံးလေးကိုဇွန်းနှင့်ခပ်၍ မြည်းကြည့်သည်။ ရေချိုငါးရံ့လတ်လတ်ဆတ်ဆတ်ဖြစ်သောကြောင့် ထင်ပါသည်။ ငါးရံ့အသားတုံးလေးမှာ ပျော့ဖတ်ခြင်းမရှိ တောင့်တောင့်တင်းတင်း ဆတ်ဆတ်ကလေးနှင့် ချိုဆိမ့်၍ စားကောင်းလှသည်။ ဆေးဖက်ဝင်ဟင်းတစ်ခွက်ရပါပြီ။

 

ဥတုဘောဇနကျမ်း၌ ငါးရံ့သည်ချိုဆိမ့်၏၊ခါး၏၊ လေ၊ သည်းခြေ၊ သလိပ်တို့ကိုနိုင်၏၊နှုတ်ကိုမြိန်စေတတ်၏၊ ကြေလွယ်၏၊ ဝမ်းမီးကိုတောက်စေ၏ဟု မှတ်သားရသည်။ ငါးရံ့တွင် အလေးချိန် ၁၀ဝ ဂရမ်၌ ကယ်လ်ဆီယမ် ၉၆ မီလီဂရမ်ပါဝင်ကြောင်း သိရသည်။ လူတိုင်းတွင် ကယ်လ်ဆီယမ်ဓာတ်လိုအပ်သည်။ ကယ်လ်ဆီယမ်ဓာတ်ချို့တဲ့ပါက အရိုးပါးခြင်း၊ကြွပ်ဆတ်ခြင်း၊ ဆန်ခါပေါက်ဖြစ်ခြင်းနှင့်ညအိပ်ချိန် ကြွက်တက်ခြင်း၊ လမ်းသွားစဉ်ခြေချောင်းလေးများ ကပ်ခြင်း စသည်တို့နှင့်အခြား ရောဂါများဖြစ်နိုင်သည်။ ငါးရံ့တွင်အသားဓာတ်အပြင် ကယ်လ်ဆီယမ်ဓာတ်များပါဝင်၍ အန္တရာယ်မရှိ ဆေးဖက်ဝင်သည်။ တွဲဖက်ဟင်းတစ်မျိုးမှာ သရက်သီးနှင့်ကြွက်နားရွက်မှိုသုပ်ဖြစ်သည်။ ကြီးကြီးစံ၏ မှိုတုန်တုန်(ကြွက်နားရွက်မှို)ကို ခဏပြုတ်သည်။ ခြစ်ထားသော သရက်သီးကို ပုစွန်ခြောက်ထောင်း၊ စိမ်းစားငါးပိကင်၊ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ မှိုတုန်တုန်ပြုတ်ပါးပါးလွှာတို့နှင့် ရောသမမွှေသည်။ 

 

ထို့နောက်ရှမ်းနံနံကို အပေါ်မှဖြူးထည့်ပါသည်။ စားကြည့်ပါက ချဉ်ငံစပ်အရသာရှိပြီး ခံတွင်းမြိန်သည်။အထက်ပါ ဟင်းလျာများသည် တန်ဖိုးနည်း၍ ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်စေမည့် ထမင်းမြိန်ဟင်းအတွဲလေးများဖြစ်သည်။ 

 

 

နံ့သာငြိမ်းအေး