ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲအဖြစ် မြန်မာနှင့် မလေးရှားအသင်း မနက်ဖြန် ကစားမည်

၂၄  နိုဝင်ဘာ

 

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အကြိမ် (၃၀) မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ၏ အမျိုးသား ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ ၂၅ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အဖွင့်ပွဲအဖြစ် မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

ပြိုင်ပွဲပထမနေ့တွင် သုံးပွဲ ကျင်းပမည်ဖြစ်ပြီး ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် ရီဇယ်အမှတ်တရကွင်း၌ မြန်မာအသင်းနှင့် မလေးရှား၊ အီမက်စ်ကွင်း၌ ဗီယက်နမ်အသင်းနှင့် ဘရူနိုင်းအသင်းမြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် အိမ်ရှင်ဖိလစ်ပိုင်အသင်းနှင့် ကမ္ဘောဒီးယား အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပြိုင်ပွဲကို အရှေ့တောင်အာရှ ၁၁ နိုင်ငံစလုံး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု (က) တွင် ဖိလစ်ပိုင်၊ မလေးရှား၊ မြန်မာ၊ ကမ္ဘောဒီးယား၊ တီမော၊ အုပ်စု (ခ) တွင် ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ လာအိုနှင့် ဘရူနိုင်းအသင်းတို့ ပါဝင်နေသည်။

 

မြန်မာအသင်းသည် မလေးရှားအသင်းနှင့် ပွဲဦးထွက်ကစားရမည်ဖြစ်ပြီး နောက်တစ်ဆင့် တက်ရောက်နိုင်ရန် အဓိကပြိုင်ဘက်များဖြစ်လာနိုင်သည့် မလေးရှား၊ အိမ်ရှင်ဖိလစ်ပိုင်တို့နှင့် ဆက်တိုက်တွေ့ဆုံနေသောကြောင့် အဖွင့်ပွဲများမှာ အရေးပါလျက်ရှိသည်။ ဆီးဂိမ်းစ်အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု (က) အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၂၄ ရက်က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပသည်။ မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်က ''ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေသလို အကောင်းဆုံးလည်း ပြင်ဆင်ထားပါတယ်။ ရလဒ်ကောင်းရဖို့ ကြိုးစားသွားမှာဖြစ်ပြီး မလေးရှားနဲ့ပွဲမှာ ရလဒ်ကောင်းရဖို့လည်း မျှော်လင့်ထားပါတယ်'' ဟု ပြောကြားသည်။ မလေးရှားအသင်းနည်းပြချုပ် ကင်မ်ဆွီးက ''ဒီနှစ်ဆီးဂိမ်းစ်ပြိုင်ပွဲက အရင်ကထက် ပိုပြီးအကြိတ်အနယ်ရှိမယ်လို့ ထင်ပါတယ်။ အသက်ကျော် ကစားသမားနှစ်ဦး ပါဝင်ခွင့်ရတဲ့အတွက် ပြိုင်ဆိုင်မှုပြင်းထန်နိုင်ပါတယ်။ နောက်တစ်ဆင့် တက်ဖို့အတွက်ဆိုရင် ပွဲတိုင်းက အရေးကြီးပါတယ်''ဟု ပြောကြားသည်။

 

မြန်မာအသင်းနှင့် မလေးရှားအသင်းသည် ၂၀၁၇ ဆီးဂိမ်းပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲတွင် တွေ့ဆုံခဲ့ပြီး မလေးရှားအသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ထို့ကြောင့် မြန်မာအသင်းသည် ယခုနှစ်တွင် ရှုံးကြွေးပြန်ဆပ်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-MFF