ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ နောက်ဆုံးခြေစမ်းပွဲအဖြစ် မြန်မာ ယူ-၂၂ အသင်း ဗီယက်နမ်နှင့် ခြေစမ်းမည်

နိုဝင်ဘာ ၁၆

၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၂၂ အသင်းသည် နောက်ဆုံးခြေစမ်းပွဲအဖြစ် ဗီယက်နမ် ယူ-၂၂ အသင်းနှင့် နိုဝင်ဘာ ၁၇ ရက် မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းသည် နိုဝင်ဘာ ၁၃ ရက်တွင် ထိုင်း ယူ-၂၂ အသင်းနှင့် ခြေစမ်းကစားခဲ့ပြီး ဗီယက်နမ်နိုင်ငံသို့ ဆက်လက်ထွက်ခွာကာ ဗီယက်နမ် ယူ-၂၂ အသင်းနှင့် ထပ်မံခြေစမ်းခြင်းဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းနှင့် ဗီယက်နမ် ယူ-၂၂ အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ ဒုတိယမြောက် ခြေစမ်းပွဲကစားခြင်းဖြစ်ပြီး ဇွန် ၇ ရက်က ကစားခဲ့သည့်ခြေစမ်းပွဲတွင် ဗီယက်နမ်အသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် မေလတွင် စတင်လေ့ကျင့်ပြင်ဆင်ခဲ့ပြီး နိုင်ငံတကာခြေစမ်းပွဲ ကိုးပွဲကစားမည်ဖြစ်ပြီး ရှစ်ပွဲကစားအပြီးတွင် သုံးပွဲနိုင်၊ နှစ်ပွဲသရေ၊ သုံးပွဲရှုံးနိမ့်ထားသည်။

မြန်မာအသင်းသည် တောင်ကိုရီးယားကလပ် ပိုဟန်စတီးလာစ်အသင်းကို သုံးဂိုး-တစ်ဂိုး၊ ကာတာကလပ် အယ်လ်အူဝေနာအသင်းကို သုံးဂိုး-တစ်ဂိုး၊ ကာဂျစ္စတန် ယူ-၁၉ အသင်းကို ငါးဂိုး-တစ်ဂိုးတို့ဖြင့် အနိုင်ရပြီး ထိုင်းကလပ် ချင်းမိုင်အသင်းနှင့် တစ်ဂိုးစီသရေ၊ နီပေါ ယူ-၂၂ အသင်းနှင့် နှစ်ဂိုးစီသရေကျကာ  ထိုင်းကလပ် ချင်းရိုင်ယူနိုက်တက်အသင်းကို ငါးဂိုး-ဂိုးမရှိ၊ ဗီယက်နမ် ယူ-၂၂ အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ ထိုင်း ယူ-၂၂ အသင်းကို သုံးဂိုး-နှစ်ဂိုးတို့ဖြင့် ရှုံးနိမ့်ထားသည်။
မြန်မာ ယူ-၂၂ အသင်းသည် နိုဝင်ဘာ ၁၈ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပြီး ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်မည့် အပြီးသတ်လူစာရင်းကို ထုတ်ပြန်မည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ -  MFF