ဆီးဂိမ်းစ်ဝူရှူးပြိုင်ပွဲ ပထမနေ့တွင် မြန်မာဝူရှူးအဖွဲ့ ဆုတံဆိပ်နှင့် လွဲချော်

၁ ဒီဇင်ဘာ

 

၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲ ပထမနေ့ကို ယနေ့နံနက်ပိုင်းက မနီလာမြို့ရှိ World Trade Center ၌ ကျင်းပရာ မြန်မာဝူရှူးအဖွဲ့ ဆုတံဆိပ်နှင့် လွဲချော်ခဲ့သည်။

 

5

 

ပြိုင်ပွဲပထမနေ့တွင် ထောက်လုအမျိုးအစားလေးမျိုး ကျင်းပခဲ့ပြီး မြန်မာကစားသမား ငါးဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အမျိုးသမီး ထိုက်ချိချွမ်ပြိုင်ပွဲတွင် မြန်မာကစားသမားမြတ်နိုးအိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၉ ဒသမ ၃၁ မှတ်ဖြင့် အဆင့် (၉) သာရခဲ့ပြီး အိမ်ရှင်ဖိလစ်ပိုင်က ရွှေတံဆိပ်၊ ဘရူနိုင်းက ငွေတံဆိပ်နှင့် ဗီယက်နမ်က ကြေးတံဆိပ်ရရှိခဲ့သည်။ အမျိုးသား ထိုက်ချိချွမ်ပြိုင်ပွဲတွင် မြန်မာကစားသမား ငြိမ်းချမ်းကိုကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၉ ဒသမ ၁၅ မှတ်ဖြင့် အဆင့် (၇) ရရှိခဲ့သည်။ ကစားသမားဘဝမှ အနားယူပြီး ပြန်ကစားသော်လည်း ကာလရှည် ဝူရှူးကစားခြင်းနှင့် အဆက်ပြတ်နေသောကြောင့် ဆုတံဆိပ်နှင့် လွဲချော်ခဲ့ရသည်။

 

1

 

အမျိုးသား ချန်းချွမ်ပြိုင်ပွဲတွင် မြန်မာကစားသမားနှစ်ဦး ယှဉ်ပြိုင်ခဲ့ရာ မင်းခန့်ဇော်က ၉ ဒသမ ၃၃ မှတ်၊ မျိုးမင်းကြီးက ၈ ဒသမ ၉၆ မှတ်သာရရှိခဲ့သည်။ အမျိုးသား နန်းတောင်း+နန်းကွန့်ပြိုင်ပွဲ၏ ပထမပွဲစဉ်ဖြစ်သည့် နန်းတောင်းပြိုင်ပွဲတွင် မြန်မာကစားသမား သိန်းသန်းဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၉ ဒသမ ၆၁ မှတ်ဖြင့် အဆင့် ၅ နေရာတွင် ရပ်တည်နေသည်။ နန်းကွန့်ပြိုင်ပွဲကို ဒီဇင်ဘာ ၂ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး အမှတ်ကွာဟမှုမရှိသောကြောင့် ဆုတံဆိပ်ရယူနိုင်ရန် မျှော်လင့်ချက်ရှိနေသည်။ ညနေပိုင်းတွင် ဆန်းဆိုပွဲစဉ်များ ဆက်လက်ကျင်းပခဲ့သည်။

 

ဝူရှူးပြိုင်ပွဲကို ဒီဇင်ဘာ ၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာဝူရှူးအဖွဲ့ ဆက်လက် ယှဉ်ပြိုင်မည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်