ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာဗိုဗီနမ်အဖွဲ့ ရွှေတစ်ခု၊ ကြေးခုနစ်ခု ထပ်မံဆွတ်ခူး  

 

ရန်ကုန်၊ မေ 

 

ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပလျက်ရှိသည့် (၃၂) ကြိမ် မြောက် ဆီးဂိမ်းဗိုဗီနမ်ပြိုင်ပွဲ ဒုတိယနေ့ကို မေ ၇ ရက်က  ဆက်လက်ကျင်းပရာ မြန်မာဗိုဗီနမ်အဖွဲ့က ရွှေတစ်ခု၊ ကြေးခုနစ်ခု ထပ်မံဆွတ်ခူးရရှိခဲ့သည်။

 

မြန်မာဗိုဗီနမ်အဖွဲ့အတွက်  တတိယမြောက် ရွှေတံဆိပ်ဆုကို အမျိုးသားနှစ်ယောက်တွဲ အပြပြိုင်ပွဲတွင် မနားကွီးနှင့် တင်ထူးဇော်အတွဲက ရယူပေးခဲ့ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် မြန်မာအတွဲက ရမှတ် ၄၅၀ ဖြင့် ရွှေတံဆိပ်ဆုရခဲ့ပြီး ဗီယက်နမ်အတွဲက ရမှတ် ၄၄၆ မှတ်ဖြင့် ငွေတံဆိပ်၊ ကမ္ဘောဒီးယားအတွဲ က  ရမှတ် ၄၃၉ မှတ်ဖြင့် ကြေးတံဆိပ်ရရှိခဲ့သည်။ မြန်မာဗိုဗီနမ်အဖွဲ့အတွက်  ကြေးတံဆိပ်ဆုများ ကို  အမျိုးသား ၆၀ ကီလိုတန်း အတိုက်ပြိုင်ပွဲတွင် အောင်ခန့်ဇော်၊  အမျိုးသား Pair Machete Form  ပြိုင်ပွဲတွင် မြန်မာအသင်း၊ အမျိုးသားသုံးယောက် + အမျိုးသမီးသုံးယောက်တွဲ အပြပြိုင်ပွဲတွင် ဟိန်းထက်အောင်၊ ကျော်သူစိုးအောင်၊ နေလင်းထက်၊ ခိုင်ဇာထွန်း၊ ဖြိုးအိကျော်နှင့် သီတာမင်းအတွဲ၊ အမျိုးသမီး ၆၀ ကီလိုတန်း အတိုက်ပြိုင်ပွဲတွင် နှင်းနန္ဒာဦး၊ အမျိုးသား ဓားအတိုက်နှစ်ယောက်တွဲ အပြပြိုင်ပွဲတွင် ရာဇာထွန်းနှင့်  တင်ထူးဇော်အတွဲ၊  အမျိုးသမီး ဓားတစ်လက် အပြပြိုင်ပွဲတွင် မေဟန်နီအောင်လွင်၊ အမျိုးသမီးတစ်ဦးချင်း လက်သိုင်းအပြ ပြိုင်ပွဲတွင် မြင့်စန္ဒီကျော်တို့က ရယူပေးခဲ့ခြင်းဖြစ်သည်။

 

မြန်မာဗိုဗီနမ်အဖွဲ့အတွက် မေ ၇ ရက် ပွဲစဉ်များ အပြီးတွင် နိုင်ငံအတွက် ရွှေတံဆိပ်သုံးခု၊ ကြေးတံဆိပ် ၁၁ ခု ဆွတ်ခူး ရရှိထားပြီး မေ ၉ ရက်တွင် ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

ရဲရင့်လွင်

ဓာတ်ပုံ-အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန