ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ ယူ-၂၂ အသင်း တတိယပွဲအဖြစ် တီမောနှင့် နိုဝင်ဘာ ၂၉ ရက်နေ့တွင် ကစားမည်

၂၈  နိုဝင်ဘာ

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အကြိမ် (၃၀) မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (က) တတိယနေ့ကို နိုဝင်ဘာ ၂၉ ရက် နေ့တွင်  ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် တီမောအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အုပ်စု (က) တတိယနေ့အဖြစ် ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် မြန်မာအသင်းနှင့် တီမောအသင်း၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် မလေးရှားအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအသင်းသည် နှစ်ပွဲကစား လေးမှတ်ရယူထားနိုင်သော်လည်း ဆီမီးဖိုင်နယ်တက်ရောက်နိုင်ရန် လက်ကျန်ပွဲများမှာ အရေးပါလျက်ရှိသည်။

မြန်မာအသင်းသည် မလေးရှားနှင့် တစ်ဂိုးစီသရေကျပြီး အုပ်စုဒုတိယပွဲတွင် ဖိလစ်ပိုင်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် တီမောနှင့်ပွဲအပြီးတွင် ကမ္ဘောဒီးယားနှင့် ဆက်လက်ကစားရမည်ဖြစ်ရာလက်ကျန်ပွဲများမှာ အရေးပါနေခြင်းဖြစ်သည်။ တီမောအသင်းမှာမူ အုပ်စုဒုတိယပွဲအဖြစ် ယှဉ်ပြိုင်ကစားရခြင်းဖြစ်ပြီး ပထမပွဲတွင် ကမ္ဘောဒီးယားကို ငါးဂိုးပြတ်အရေးနိမ့်ထားရာ မြန်မာအသင်းအနေဖြင့်အနိုင်ရလဒ်အပြင် ဂိုးပြတ်အနိုင်ရရန်ပါ ကြိုးစားရမည်ဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်က'' ဖိလစ်ပိုင်ကို အနိုင်ယူပြီး အမှတ်ရယူနိုင်ခဲ့တဲ့အတွက် ဝမ်းသာပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက် လက်ကျန်နှစ်ပွဲက အရေးကြီးပါတယ်။ အရင်ဆုံး တီမောအသင်းနဲ့ပွဲမှာ အနိုင်ရဖို့ သေချာပြင်ဆင်ကစားသွားမှာဖြစ်ပါတယ်။ တီမောအသင်းရဲ့ ခြေစွမ်းနဲ့ ကစားပုံကိုလည်း လေ့လာထားပါတယ်၊အကောင်းဆုံးကစားပြီး အနိုင်ရမယ်လို့လည်း ယုံကြည်ပါတယ်။ အသင်းရဲ့ အားနည်းချက်တွေကိုပြင်ဆင်ပြီး အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ''ဟု ပြောကြားသည်။

အုပ်စု (က)တွင် ကမ္ဘောဒီးယားနှင့် မြန်မာအသင်းက နှစ်ပွဲကစား လေးမှတ်စီ၊ မလေးရှားအသင်းက တစ်ပွဲကစား တစ်မှတ်၊ ဖိလစ်ပိုင်အသင်းက နှစ်ပွဲကစား တစ်မှတ်ရထားပြီးတီမောအသင်းမှာမူ တစ်ပွဲကစား တစ်ပွဲရှုံးနိမ့်ထားသည်။

သတင်း-ညီမြတ်သော်တာ ၊ ဓာတ်ပုံ - စိုးညွန့် (ခေတ္တ - မနီလာ)