ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာအမျိုးသမီးအသင်း ကစားသမား ၃၀ ပြန်လည်ရွေးချယ်

ရန်ကုန် ၂၉  စက်တင်ဘာ

 

ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ကစားသမားများလျှော့ချကာ ကစားသမား ၃၀ ဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။

 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် စက်တင်ဘာ ၁၆ ရက်မှစ၍ ပဏာမကစားသမား ၃၆ ဦးဖြင့် လေ့ကျင့်ခဲ့ပြီး စက်တင်ဘာတတိယပတ်မှစတင်၍ လူရွေးပွဲနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားပြီးနောက် ကစားသမားအချို့ လျှော့ချကာ ကစားသမား ၃၀ ဦး ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ယခုပြန်လည်ဖွဲ့စည်းလိုက်သည့် လက်ရွေးစင် အမျိုးသမီးအသင်းတွင် ယူ-၁၉ လက်ရွေးစင်အသင်းမှ ကစားသမားခုနစ်ဦးအထိ ပါဝင်လာပြီး လက်ရွေးစင်အသင်းမှ အနားယူထားပြီး တစ်ကျော့ပြန်ကစားမည့် ဂိုးသမား မြဖူးငုံလည်း ပြန်လည်ပါဝင်လာသည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် နည်းပြချုပ်-ဦဝင်းသူမိုး၊ လက်ထောက်နည်းပြ-ဦးခင်မောင်ထွေး၊ ဒေါ်သန်းသန်းထွေး၊ ဒေါ်မာလာဝင်း၊ ဂိုးနည်းပြ- ဦးမြကိုမင်း၊ အားကစားသမားများအဖြစ် ဂိုး-မေဇင်နွယ်၊ သန္တာဦး၊ မြဖူးငုံ၊ ဇူးလတ်နဒီ၊ နောက်တန်း-အိရတနာဖြိုး၊ အေးအေးမိုး၊ ဝေဝေအောင်၊ ခင်သန်းဝေ၊ ခင်မျိုးဝင်း၊ ချစ်ချစ်၊ ခိုင်သဇင်၊ ဖြူဖြူဝင်း၊ မေသက်မွန်မြင့်၊ ဇွန်ယုယဦး၊ အလယ်တန်း- ခင်မာလာထွန်း၊ ခင်မိုမိုထွန်း၊ သင်းသင်းယု၊ ငယ်ငယ်ထွေး၊ ခိုင်သဇင်ဦး၊ ရီရီဦး၊ လဲ့လဲ့လှိုင်၊ နုနု၊ ခင်မိုးဝေ၊ မေသူကျော်၊ ပုံ့ပုံ့ပြည့်မောင်၊ မြတ်နိုးခင်၊ မိုးမိုးသန်း၊ ရှေ့တန်း-ဂျူလိုင်ကျော်၊ ဝင်းသိင်္ဂီထွန်း၊ စန်းသော်သော်တို့ ပါဝင်ကြသည်။ ယင်းလူစာရင်းတွင် ယူ-၁၉ ကစားသမားများဖြစ်သည့် စန်းသော်သော်၊ မြတ်နိုးခင်၊ မိုးမိုးသန်း၊ ပုံ့ပုံ့ပြည့်မောင်၊ ဇွန်ယုယဦး၊ ဖြူဖြူဝင်းနှင့် ဇူးလတ်နဒီ (ဂိုး) တို့ ရွေးချယ်ခံခဲ့ရသည်။

 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အောက်တိုဘာလအတွင်း ပြည်တွင်းခြေစမ်းပွဲများသာ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး နိုဝင်ဘာတွင် နိုင်ငံတကာခြေစမ်းပွဲများနှင့် ဖိတ်ခေါ်ပြိုင်ပွဲများ ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ တရုတ်နိုင်ငံ၌ ကျင်းပမည့် ဘရာဇီး၊ တရုတ်နှင့် နယူးဇီလန်အသင်းတို့ပါဝင်မည့် တရုတ် လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်မည်ဖြစ်ပြီး ယင်းပွဲအပြီးတွင် ပေကျင်းမြို့၌ ဆက်လက်လေ့ကျင့်ကာ တရုတ်ကလပ်အသင်းများနှင့် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်