ဆီးချိုရောဂါရှိသူများ ကျန်းမာစွာ ခရီးသွားနိုင်ရန် နည်းလမ်းများ

ရေးသားသူ Dr . Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

 

ဆီးချိုရှိတဲ့သူဆိုရင်တော့ ဒီရောဂါအတွက် အမြဲသတိရှိသင့်ပါတယ်။ ခရီးတစ်ခု သွားရတော့မယ်ဆိုရင် ကျန်းမာအောင်နေထိုင်ဖို့နဲ့ ဆီးချိုကို ထိန်းချုပ်ဖို့အတွက် အစီအစဉ်တွေကို ကြိုတင်ပြုလုပ်သင့်ပါတယ်။ အစာစားချိန်တွေ ပြောင်းလဲတာ၊ ကိုယ်လက်လှုပ်ရှားမှုတွေနဲ့ အချိန်ကွာခြားမှုတွေဟာ ရောဂါထိန်းချုပ်မှုမှာ အရေးပါပါတယ်။ ဒါ့ကြောင့် ခရီးမသွားခင် အောက်ပါအချက်တွေကို သိထားသင့်ပါတယ်။

ခရီးမသွားခင် ဆရာဝန်နဲ့ ပြပါ။

ခရီးမသွားခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ အရေးကြီးပါတယ်။ ဆီးချိုထိန်းချုပ်ဖို့အတွက် အစီအစဉ်ဆွဲဖို့ အချိန်အလုံအလောက် ပေးဖို့လဲ လိုပါတယ်။ တကယ်လို့ လိုအပ်မယ်ဆိုရင် ခရီးမသွားခင် တစ်လလောက် အနည်းဆုံးကြိုပြီး ကာကွယ်ဆေးတွေ ထိုးသွားသင့်ပါတယ်။ ဒီကာကွယ်ဆေးတွေက သင့်ကို ဖျားနာစေတယ်ဆိုရင် ခရီးမစခင် ပြန်ကောင်းဖို့အတွက် အချိန်လိုအပ်ပါတယ်။ ဆရာဝန်နဲ့ ပြသပြီးတဲ့အခါမှာ သင့်မှာ စာရွက်တစ်ရွက်နဲ့ အညွှန်းစာရွက်တစ်ရွက် ရလာပါလိမ့်မယ်။ စာကတော့ ဆီးချိုကို ဘယ်လိုထိန်းချုပ်မလဲဆိုတဲ့ အကြံဉာဏ်တွေ ရေးထားမှာ ဖြစ်ပါတယ်။ ဒီမှာ ဆေးနဲ့ လိုအပ်တဲ့ကိရိယာတွေ အကုန်၊ ဓါတ်မတည့်မှုတွေနဲ့ မတည့်တဲ့ အစားအသောက်၊ ဆေး အစရှိတာတွေကိုလည်း ရေးထားပေးမှာ ဖြစ်ပါတယ်။

ဆေးညွှန်းကတော့ အင်ဆူလင် (သို့) ဆီးချိုကျဆေးတွေ ပါဝင်ပါတယ်။ သင့်မှာ အင်ဆူလင်၊ ဆေးထိုးပြွန်နဲ့ ဆေးတွေကို လိုတာထက် ပိုယူသွားသင့်ပါတယ်။

ခရီးသွားရန် အထုတ်အပိုး ပြင်ခြင်း

လိုအပ်မယ်ထင်တဲ့ ဆီးချိုစစ်တဲ့ကိရိယာတွေနဲ့ ဆေးတွေကို နှစ်ဆပိုမိုသယ်သွားပါ။ အလွယ်တကူ ထုတ်လို့ရအောင် ကိုယ်နဲ့အတူ သယ်သွားရတဲ့ အိတ်ထဲကိုပဲ ထည့်ပါ။ ဘာနဲ့ပဲ ခရီးသွားသွား သင်နဲ့အတူ ယူသွားရတဲ့အိတ်ကတော့ အနားမှာအမြဲရှိနေသင့်ပါတယ်။ သူ့ထဲမှာ

• အင်ဆူလင်နဲ့ ဆေးထိုးပြွန်တွေ

• သွေး၊ ဆီး စစ်တဲ့ ကိရိယာတွေ (ဆီးချိုတိုင်းစက် အတွက် ဘက်ထရီအပို)

• သောက်ဆေးများ

• Glucagon လိုမျိုး အခြားဆေးများ၊ ပိုးသတ်ဆေး လိမ်းဆေး

• မှတ်ပုံတင်နဲ့ ဆီးချိုရှိကြောင်း ပြသတဲ့ ကတ်

• သွေးအတွင်း သကြားပမာဏ နည်းခြင်းကို ကုသဖို့ ကွတ်ကီး၊ ချိစ့်၊ အသီးနဲ့ ချိုသောအရာများ (သကြားလုံး၊ glucose ဆေးပြား) ပါဝင်တဲ့ မုန့်များ

လုံခြုံစိတ်ချစွာ ခရီးသွားနိုင်စေဖို့ အိမ်ကနေ ခရီးဝေးသွားတဲ့အခါ ဆေးကုသမှု ဘယ်နားမှာ ယူနိုင်မလဲဆိုတာကို ရှာထားသင့်ပါတယ်။

အစာကောင်းကောင်းစားပါ။

ကားနဲ့ ခရီးသွားမယ်ဆိုရင် လမ်းမှာစားဖို့နဲ့ ရောက်တဲ့အချိန်စားဖို့ပါ မုန့်တွေကို သယ်သွားသင့်ပါတယ်။ လမ်းမှာ စားမယ်ဆိုရင်လည်း ဘယ်လိုစားသောက်ဆိုင်မျိုးကို ဖြတ်သွားရမယ်ဆိုတာနဲ့ သူတို့ရဲ့ အစားအသောက်စာရင်း ကို ကြိုတင် လေ့လာထားသင့်ပါတယ်။ လေယာဉ်နဲ့ ခရီးသွားမယ်ဆိုရင်တော့ လေယာဉ်ပေါ်မှာ ဘယ်လိုအစားအစာမျိုးစားလို့ရတယ်ဆိုတာ လေ့လာပါ။ ဖြစ်နိုင်မယ်ဆိုရင် သကြား၊ အဆီနဲ့ ကိ်ုလက်စထရော ဓါတ်နည်းတဲ့ အရာတွေကို စားသောက်သင့်ပါတယ်။ လိုရမယ်ရ ဗိုက်မဆာအောင် အစာအနည်းငယ်ကိုလည်း ထည့်ယူသွားပါ။ ခရီးသွားစဉ် အလွယ်တကူယူသွားနိုင်ပြီး မပျက်ဆီးနိုင်တဲ့ အစာတွေကို ထည့်သွားပါ။

ရောက်တဲ့နေရာမှာလဲ ဘယ်လိုအစားအစာတွေ ဝယ်လို့ရတယ်ဆိုတာ ကြိုရှာထားသင့်ပါတယ်။ ဒါမှသာ သင်ရရှိမယ့် ကာဗိုဟိုက်ဒရိုက်တွေနဲ့ အခြားအာဟာရ ပမာဏတွေကို ကြိုတင်မှန်းဆလို့ ရမှာ ဖြစ်ပါတယ်။

အင်ဆူလင် ယူဆောင်သွားပါ။

အင်ဆူလင်ကို တိုက်ရိုက်နေရောင်အောက် (သို့) ပူနေတဲ့ ကားပေါ်မှာ မထားသင့်ပါဘူး။ အေးတဲ့နေရာမှာ ထားပါ။ လေယာဉ်ပေါ်မှာ အင်ဆူလင် ထိုးမယ်ဆိုရင် အင်ဆူလင်ပုလင်းထဲကို လေမထိုးထည့်ပါနဲ့။

အချိန်မတူတဲ့ နေရာတွေကို ခရီးသွားမယ်ဆိုရင်

တကယ်လို့ အချိန်မတူတဲ့နေရာတွေကို ခရီးသွားမယ်ဆိုရင် အင်ဆူလင်ထိုးချိန်တွေအတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ သူတို့ဟာ ခရီးသွားစဉ် ဘယ်လိုထိုးရမယ်ဆိုတာကို ပြောပေးနိုင်ပါတယ်။
အစားအစာတွေ ပုံမှန်စားဖို့နဲ့ အင်ဆူလင်ထိုးချိန်တွေအတွက် သင်ရောက်ရှိတဲ့ မနက်အထိ ခရီးစတင်ထွက်ခွာ လာတဲ့ နိုင်ငံရဲ့ အချိန်ကိုသာ အသုံးပြုသင့်ပါတယ်။

• ကျန်းမာအောင် နေထိုင်ပါ။

• သွေးတွင်းသကြားဓါတ် ပမာဏကို မကြာခဏ စစ်ဆေးပါ။

• အစားအစာတွေကို ယူဆောင်လာပါ။

• လေ့ကျင့်ခန်း လုပ်ပါ။

သက်တောင့်သက်သာ ရှိမယ့်ဖိနပ်တွေကို စီးပါ။ ဖိနပ်မပါပဲ ခရီးမသွားပါနဲ့။ နေ့စဉ် ခြေထောက်ကို စစ်ဆေးပါ။ အရေကြည်ဖုတွေ၊ ပြတ်ရှဒဏ်ရာတွေ၊ ရောင်ရမ်းမှုတွေ၊ အနီရောင်သန်းတာတွေ၊ ကုတ်ခြစ်ဒဏ်ရာတွေ ဖြစ်ရင် ဆေးကုသမှု ခံယူပါ။
ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး ပျော်ရွှင်ဖွယ် ခရီးတစ်ခု ဖြစ်ပါစေ။

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်"