ဆီးချိုရှိသူတွေ ကြံရည်သောက်လို့ရလား

၁၈ သြဂုတ်


ဆီးချိုရောဂါ အရင်ကထက်ပိုကြားလာရတဲ့ ရောဂါတစ်ခုပေါ့။ အရင်က မသိတာကြောင့် ဖြစ်နိုင်သလို ဆီးချိုဖြစ်တဲ့အရေအတွက်က အခုလောက်မများတာတော့အမှန်ပါ။ အခုနောက်ပိုင်းက နေထိုင်မှုပုံစံ၊ စားသောက်မှုအလေ့အထကြောင့် ဆီးချိုဖြစ်ပွားမှုနှုန်းက ကမ္ဘာပေါ်မှာ တော်တော်လေးများလာ နေပါတယ်နော်။ ဆီးချိုဖြစ်တာက မျိုးရိုးလိုက်တာကြောင့်ဖြစ်နိုင်သလို စိတ်ဖိစီးမှုများတာ၊ စားသောက်မှုနဲ့နေထိုင်မှု အလေ့အထကြောင့်လည်း ဖြစ်ကြတာပါ။ လူတော်တော်များများ အလွယ်တကူ လက်ခံထားမိတာက အချိုစားတာများလို့ ဆီးချိုဖြစ်ရတယ်ပေါ့။ ဒီတော့ တွေးလိုက်မိတာက ဆီးချိုရှိရင် အချိုမစားရတော့ဘူးပေါ့။ ဒါဆို အခုလိုနွေပူပူလေးမှာ ရင်အေးစေမယ့် ကြံရည်လေးကော သောက်လို့ရပါ့မလားပေါ့။ ဒီဆောင်းပါးလေးကနေဖြေပေးမယ်နော်။


ဆီးချို နဲ့ ကြံရည်


ဆီးချိုသမားတွေ ကြံရည်သောက်လို့ရလားဆိုတော့ အများကြီးသောက်လို့တော့မရဘူးပေါ့။ နည်းနည်းတော့ သောက်လို့ရပါတယ်။ ဘာလို့လည်းဆိုတော့ ကြံရည်က သဘာဝအချိုဖြစ်ပြီး  ပြုပြင်ထားတဲ့အချိုမဟုတ်လို့ပါ။ အချိုရည်တွေသောက်မှာထက်တော့ ကြံရည်သောက်လိုက်တာက အဆင်ပြေဆုံးဖြစ်မှာပါ။ ကြံရည်က သာမန်လူတွေမှာဆိုရင် သွေးတွင်းသကြားဓာတ်ကိုတောင် ထိန်းညှိပေးနိုင်ပါသေးတယ်နော်။ မသောက်ခင်မှာ သွေးချိုစစ်ကြည့်ဖို့လိုသလို ဆရာဝန်နဲ့လည်း သေချာတိုင်ပင်ကြည့်ဖို့လည်း တိုက်တွန်းပါရစေနော်။


ကြံရည်ကချိုတယ်ဆိုပေမယ့် ဆီးချိုသမားတွေအနေနဲ့ အတန်အသင့်သောက်သုံးပေးမယ်ဆိုရင် ကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ အချက်လေးတွေရှိပါတယ်နော်။ ကြံရည်က ကျောက်ကပ်ရဲ့လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပြီး ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ အသားအရေကိုကျန်းမာစေပြီး၊ အားပြည့်စေသလို၊ သွားပိုးမစားအောင် ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ခံအားကိုကောင်းစေပြီး အိပ်ပျော်စေတဲ့အပြင် ဆီးလမ်းကြောင်းပိုးဝင်တာကို ကာကွယ်ပေးပြီး ဝမ်းမှန်စေနိုင်ပါသေးတယ်နော်။


ကြံရည်ကိုဖြစ်စေတဲ့ ကြံမှာ fructose ၅၀ ရာခိုင်နှုန်းပါဝင်ပြီး ဆီးချိုသမားတွေအတွက် သင့်တော်တဲ့ သဘာဝအချိုဓာတ်တစ်မျိုးပါ။ အမြဲတော့ မသောက်ဖို့ပြောချင်ပါတယ်။ တစ်ပတ်ကို တစ်ကြိမ် အများဆုံး နှစ်ကြိမ်လောက်တော့ အတန်အသင့်သောက်ပေးလို့ရပါတယ်။ လေ့လာမှုတွေအရကတော့ ကြံရည်သောက်ပေးတာက ဆီးချိုရောဂါရှိသူတွေမှာ အခုလိုကျန်းမာရေး အကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။


ခန္ဓာကိုယ်ကို အားပြည့်စေနိုင်ပါတယ်။


ကိုယ်ခံအားကောင်းစေတယ်။


ကျောက်ကပ်ကျန်းမာစေနိုင်တယ်။


ကျောက်ကပ်မှာကျောက်တည်တာကို သက်သာစေနိုင်တယ်။


ဆီးလမ်းကြောင်းပိုးဝင်တာကို ကာကွယ်ပေးတယ်။


သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တယ်။


အစာခြေစနစ်ကို ကျန်းမာစေနိုင်တယ်။


ဝမ်းမှန်စေနိုင်တယ်။


အိပ်ပျော်စေတယ်။


အသားအရေကို ကျန်းမာစေနိုင်တယ်။


သွေးစီးဆင်းမှုကိုကောင်းမွန်စေလို့ အင်ဆူလင်စုပ်ယူနိုင်စွမ်းကိုကောင်းစေနိုင်ပါတယ်။


ပိုတက်ဆီယမ်ပါဝင်တာကြောင့် သွေးတိုးကျစေနိုင်ပြီး ရုတ်တရက်နှလုံးရပ်တာနဲ့ လေဖြတ်တာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။


ပုံမှန်ကိုယ်အလေးချိန်ဖြစ်နေအောင် ထိန်းညှိပေးနိုင်ပါတယ်။


အူတွင်းမှာ အကျိုးပြုဘက်တီးရီးယားတွေ တိုးပွားစေပြီး အူမကြီးကို ကျန်းမာစေနိုင်ပါတယ်။


အရာရာက တန်ဆေးလွန်ဘေးဆိုသလိုပေါ့။ ဆီးချိုရှိတာနဲ့ အချိုလုံးဝမစားဘဲ နေဖို့တော့မလိုပါဘူး။ အတန်အသင့်လေးတော့ စားပေးရပါမယ်။ ခန္ဓာကိုယ်ကျန်းမာဖို့နဲ့ အားအင်ပြည့်နေဖို့ အချိုဓာတ်က လိုအပ်တဲ့ဓာတ်တစ်ခုဖြစ်တာကြောင့် အတန်အသင့်တော့ စားပေးပါ။ အချုပ်အနေနဲ့ပြောချင်တာကတော့ သဘာဝအချိုဓာတ်စစ်စစ်က ဆီးချိုသမားတွေနဲ့ သင့်တော်ပါတယ်။ ဒါကြောင့် သဘာဝကြံရည်ချိုချိုလေးကို နည်းနည်းလောက်တော့ သောက်လို့ရပါတယ်နော်။


ရေးသားသူ - Aye Thi Mon


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”