ဆီနီဂေါအသင်း အာဖရိကနိုင်ငံများဖလား ဗိုလ်လုပွဲ တတိယအကြိမ်တက်လှမ်း

ဆီနီဂေါအသင်းဟာ ဖေဖော်ဝါရီ ၂ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဘာကီနာဖာဆိုအသင်းကို သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် အာဖရိကနိုင်ငံ များ ဖလားပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲကို တတိယအကြိမ်မြောက် တက်လှမ်းခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။

ဘာကီနာဖာဆိုအသင်းနဲ့ ဆီနီဂေါအသင်းတို့ပွဲစဉ်မှာ ပထမပိုင်းပွဲကစားချိန်အတွင်း ဘယ်အသင်းကမှ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဆီနီဂေါအသင်းဟာ ပွဲကစားချိန် မိနစ် ၇၀ မှာ ဒီယယ်လိုရဲ့ သွင်းဂိုး၊ ၇၆ မိနစ်မှာ ဒီယန်းရဲ့ သွင်းဂိုးနဲ့ ၈၇ မိနစ်မှာ ဆာဒီယိုမာနေးတို့ရဲ့ သွင်းဂိုးတွေရရှိခဲ့တာကြောင့် ဘာကီနာဖာဆိုအသင်းကို အနိုင်ရရှိခဲ့တာဖြစ်ပြီး ဘာကီနာဖာဆိုအသင်းအတွက် ချေပဂိုးတစ်ဂိုး ကိုတော့ ပွဲကစားချိန် ၈၂ မိနစ်မှာ တိုရေးက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဆီနီဂေါအသင်းအတွက် သွင်းဂိုးတစ်ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဆာဒီယိုမာနေးဟာ လက်ရှိမှာ နိုင်ငံအသင်းအတွက် သွင်းဂိုး ၂၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီဖြစ်ပြီး ဆီနီဂေါအသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင် စာရင်းမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။ ဆီနီဂေါအသင်းဟာ ၂၀၀၂ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်တို့မှာ အာဖရိက နိုင်ငံများဖလားပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲကို တက်လှမ်းခွင့်ရရှိခဲ့တာဖြစ်ပြီး အဲဒီနှစ်ကြိမ်စလုံး အနိုင်ရလဒ်နဲ့ ဝေးကွာခဲ့ရတာ ဖြစ်ပါတယ်။

ဆီနီဂေါအသင်းဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲမှာ အီဂျစ်အသင်းနဲ့ အိမ်ရှင် ကင်မရွန်းအသင်းတို့ရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ကနေ အနိုင်ရရှိမယ့်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲကို ဖေဖော်ဝါရီ ၆ ရက်မှာ ကျင်းပသွားဖို့ရှိနေတာဖြစ်ပါတယ်။

ဘာကီနာဖာဆိုအသင်းကတော့ အီဂျစ်နဲ့ ကင်မရွန်းပွဲစဉ်ကနေ ရှုံးနိမ့်ခဲ့တဲ့အသင်းနဲ့ အာဖရိက နိုင်ငံများ ဖလား တတိယနေရာလုပွဲယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး တတိယလုပွဲကို ဖေဖော်ဝါရီ ၅ ရက်မှာ ကျင်းပသွားဖို့ရှိနေတာ ဖြစ်ပါတယ်။

ငွေကြယ်