ဆီနီဂေါအသင်း အာဖရိကနိုင်ငံများဖလား ပထမဆုံးအကြိမ်ဆွတ်ခူး

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲရဲ့ နောက်ဆုံး ဗိုလ်လုပွဲအဖြစ် ဆီနီဂေါအသင်းနဲ့ အီဂျစ်အသင်းတို့ ဖေဖော်ဝါရီ ၆ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ဆီနီဂေါအသင်းက အီဂျစ်အသင်းကို ပင်နယ်တီ အဆုံး အဖြတ်မှာ လေးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် အာဖရိကနိုင်ငံများဖလားကို ပထမဆုံးအကြိမ် ရယူဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

 

အဲဒီပွဲစဉ်မှာ ဆီနီဂေါအသင်းဟာ ပထမပိုင်း ပွဲကစားချိန် ခုနစ်မိနစ်မှာ ပင်နယ်တီပြစ်ဒဏ်ဘော ရရှိခဲ့ပေမယ့် တိုက်စစ်မှူး ဆာဒီယိုမာနေးက ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာကြောင့် ဦးဆောင်ဂိုးရရှိမယ့် အခွင့်အရေးလွဲခဲ့ရပါတယ်။ ဆာဒီယိုမာနေးရဲ့ ပင်နယ်တီသွင်းဂိုးကို ကာကွယ်နိုင်ခဲ့တဲ့အီဂျစ်ဂိုးသမား ဂါဘာစကီးဟာ အခုအာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲမှာ ပင်နယ်တီသွင်းဂိုး လေးဂိုးအထိ ကာကွယ်နိုင်ခဲ့တဲ့ မှတ်တမ်းကောင်း တစ်ရပ်ကိုလည်း ရရှိခဲ့ပြီဖြစ်ပါတယ်။

 

ဆီနီဂေါအသင်းနဲ့ အီဂျစ်အသင်းတို့ဟာ သာမန်ပွဲကစားချိန်အတွင်းမှာ ဘယ်အသင်းကမှ ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူရတဲ့အထိ ကစားခဲ့ရာ ဆီနီဂေါအသင်းက အီဂျစ်အသင်းကို လေးဂိုးနှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

 

ဆီနီဂေါအသင်းဟာ အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို ယခု တစ်ကြိမ် တက်လှမ်းလာခြင်းဟာ တတိယအကြိမ် တက်လှမ်းလာခဲ့တာဖြစ်ပြီး ယခင် နှစ်ကြိမ်ဖြစ်တဲ့ ၂၀၀၂ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ် တို့မှာ ဆုဖလားမရရှိခဲ့ဘဲ ယခုတစ်ကြိမ်မှသာ အာဖရိကနိုင်ငံများဖလားကို ပထမဆုံးအကြိမ် ရယူဆွတ်ခူးခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

 

အီဂျစ်အသင်းကတော့ အာဖရိကနိုင်ငံများဖလားကို ခုနှစ်ကြိမ်အထိ ရယူဆွတ်ခူး ထားနိုင်ခဲ့တဲ့ အသင်းဖြစ်ပြီး ဆီနီဂေါအသင်း ကို ရှုံးနိမ့်ခဲ့တာကြောင့် အာဖရိကနိုင်ငံများ ဖလားကို ရှစ်ကြိမ်မြောက် ဆွတ်ခူးနိုင်မယ့် အခွင့်အရေးဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

 

လက်ရှိအာဖရိကနိုင်ငံများဖလား ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ကင်မရွန်းအသင်းကတော့ တတိယလုပွဲမှာ ဘာကီနာဖာဆိုအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပြီး အဲဒီပွဲစဉ်မှာ ပင်နယ်တီအဆုံးအဖြတ် ခံယူရာမှာတော့ ကင်မရွန်းအသင်းက ငါးဂိုးသုံးဂိုးဖြင့် အနိုင်ရရှိခဲ့ကာ ကင်မရွန်းအသင်း တတိယရရှိခဲ့ပါတယ်။ လာမယ့်နှစ်မှာ ကျင်းပမယ့် အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲကိုတော့ အိုင်ဗရီကို့စ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ရှိနေပြီး လာမယ့်နှစ် ဇွန်လနဲ့ ဇူလိုင်လတို့မှာ ကျင်းပသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

 

ငွေကြယ်