Chinese 8 Ball ပြိုင်ပွဲ ပွဲဦးထွက်ပွဲစဉ်၌ မြန်မာ့လက်ရွေးစင် ပူးလ်ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီ  ကမ္ဘာ့ချန်ပီယံဟောင်း ပြိုင်ဘက်ကို အနိုင်ရ

ရန်ကုန် ၂၉  ဧပြီ


တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချောင်ရန် (Chao Yang) မြို့၌ ဧပြီ ၁၈ ရက်က စတင်ကျင်းပလျက်ရှိသော Chinese 8 Ball ပြိုင်ပွဲ၌  မြန်မာ့လက်ရွေးစင်ကစား ဘုန်းမြင့်ကျော် (ခ) အားတီသည် ဧပြီ ၂၈ ရက် ညက ကစားရသော ပွဲဦးထွက်ပွဲစဉ် ပြိုင်ဘက်ဖြစ်သူ ၂၀၁၈ ကမ္ဘာ့ချန်ပီဟောင်း Yu Hai Tao ကို ၂၁ ပွဲ ၁၇ ပွဲဖြင့် အနိုင်ရခဲ့သည်။


ဒေသစံတော်ချိန် ည ၇ နာရီ (မြန်မာစံတော်ချိန် ညနေ ၅နာရီခွဲတွင် ကစားသော အဆိုပါပွဲမှာ Best of 41 ပွဲဖြစ်သောကြောင့် ပထမပိုင်း ဒုတိယပိုင်း ခွဲ၍ ကစားရပြီး ပထမပိုင်း၌ ဘုန်းမြင့်ကျော် (ခ) အားတီက ၁၂-၁၀ ဖြင့် ဦးဆောင်ခဲ့ပြီး ဒုတိယပိုင်း ကစားချိန်၌လည်း ၉-၇ ပွဲဖြင့် ဆက်လက်ဦးဆောက်ကာ
၂၁ ပွဲ ၁၇ ပွဲဖြင့် အနိုင်ကစားခဲ့ခြင်း ဖြစ်သည်။ Yu Hai Tao သည် အားတီနှင့် ယခုပွဲမတိုင်မီ နှစ်ပွဲကစားထားသူဖြစ်ပြီး ရမှတ် 
၁၂၀၀၀ ဖြင့် ဒုတိယနေရာက လိုက်နေသူဖြစ်သည်။ ဘုန်းမြင့်ကျော် (ခ) အားတီသည် Yu Hai Tao နှင့် အခြားပြိုင်ပွဲများ၌ နှစ်ကြိမ်တွေ့ဆုံ ကစားခဲ့ဖူးပြီး တစ်ပွဲနိုင် တစ်ပွဲရှုံးခဲ့ရာ ယခုနိုင်ပွဲသည် ဒုတိယမြောက် နိုင်ပွဲဖြစ်သည်။


ဘုန်းမြင့်ကျော် (ခ) အားတီသည် ဧပြီ ၂၉ ရက် ဒေသစံတော်ချိန် ည ၇ နာရီ (မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲ)တွင် အိုးပင်းချန်ပီယံဟောင်းတစ်ဦးဖြစ်သူ Li Bo နှင့် ဆက်လက်ကစားရမည်ဖြစ်သည်။ တတိယနှင့် စတုတ္ထမြောက် ပွဲစဉ်များကို မေလ ၃ ရက်နှင့် ၅ ရက်တို့တွင် ကစားရမည်ဖြစ်‌ကြောင်းသိရသည်။


ယခုပြိုင်ပွဲ ယှဉ်ပြိုင်ကစားပုံများကို အွန်လိုင်းမှ တိုက်ရိုက်လွှင့်မည်ဖြစ်သော်လည်း တရုတ်ပြည်တွင်း၌သာ ကြည့်ရှုခွင့်ရမည်ဖြစ်ပြီး မြန်မာပရိသတ်များအနေဖြင့် ကြည့်ရှုလိုပါက YouTube ၌ 2020 8 Battle Chinese pool Super Match နာမည်ဖြင့် ဝင်ရောက်ပြီး ပြန်လွှင့် (Delay) ပွဲအဖြစ် ကြည့်ရှုနိုင်ကြောင်း သိရသည်။

 

အာကာစိုး