Chinland အသင်း၏ နိုင်ပွဲကြောင့် တန်းဆင်းဇုန်တိုက်ပွဲ ပြန်လည်ပြင်းထန်လာဖွယ်ရှိ

၁၂  သြဂုတ်


၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၂၀) နောက်ဆုံးနေ့ကို ယနေ့ညနေပိုင်းက သုဝဏ္ဏကွင်း၌ ကျင်းပရာ တန်းဆင်းဇုန်မှ Chinland အသင်း နိုင်ပွဲရရှိခဲ့သည်။ Chinland အသင်းသည် ဟံသာဝတီအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။


Chinland အသင်းသည် ယခုပွဲအနိုင်ရလဒ်ကြောင့် ဇယားအောက်ဆုံးမှ အဆင့် (၁၁) နေရာသို့ တက်လှမ်းနိုင်ခဲ့ပြီး တန်းဆင်းဇုန်မှလွတ်ရန် မျှော်လင့်ချက် ပြန်လည်ရှင်သန်ခဲ့သည်။ Chinland အသင်း၏ နိုင်ပွဲကြောင့် တန်းဆင်းဇုန်တိုက်ပွဲမှာ ပိုမိုပြင်းထန်လာဖွယ်ရှိနေပြီး Chinland၊ ဒဂုံအသင်းတို့အပြင် Southern နှင့် ဇွဲကပင်အသင်းတို့ပါ ရုန်းကန်ရမည့် အနေအထားဖြစ်သွားခဲ့သည်။ ဟံသာဝတီအသင်းသည် ယခုပွဲအရှုံးကြောင့် အဆင့် (၄) နေရာ အတွက် ဖိအားများသွားခဲ့သည်။


အမှတ်လိုနေသည့် Chinland အသင်းသည် နိုင်ငံခြားသားကစားသမားသုံးဦးအပါအဝင် လူစုံအသုံးပြုခဲ့ပြီး ဟံသာဝတီအသင်းမှာမူ မတ်ခ်ကို ပွဲအစတွင် အသုံးမပြုဘဲ ပြည်တွင်းတိုက်စစ်မှူးများ ထည့်သွင်းကာ ကွင်းလယ်ကစားသမား ပိုဒါကို တိုက်စစ်ပိုမိုလိုက်ပါစေခဲ့သည်။ ဟံသာဝတီအသင်း တိုက်စစ်မှာ ပထမပိုင်းတွင် လိုအပ်ချက်များပြားခဲ့ပြီး Chinland အသင်း၏ ထိုးဖောက်မှုများကို ခက်ခက်ခဲခဲထိန်းချုပ်ခဲ့ရသည်။ ၂၂ မိနစ်တွင်  Chinland အသင်း ဂိုးစရခဲ့ပြီး ထောင့်ကန်ဘောကို နောက်ခံလူ ဂျော်ဂျီက ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် ဟံသာဝတီအသင်းသည် ချေပဂိုးပြန်ရရန် မတ်ခ်အပါအဝင် ကစားသမားများအပြောင်းအလဲပြုလုပ်ကာတိုက်စစ်မြင့်ခဲ့သည်။ Chinland အသင်းသည် ဟံသာဝတီအသင်း တိုက်စစ်ကို ဟန့်တားနိုင်ခဲ့သလို တန်ပြန်တိုက်စစ်ဖြင့် ထိုးဖောက်ခဲ့ရာ အခွင့်အရေးများ ပြန်ရခဲ့သည်။ ၆၃ မိနစ်တွင် Chinland အသင်း ဂိုးထပ်ရခဲ့ပြီး မန်ထိပ်ပေါင်က သွင်းယူခဲ့ခြင်းဖြစ်သည်။


ပွဲစဉ် (၂၀) အပြီးတွင် ရှမ်းယူနိုက်တက်အသင်းက ရမှတ် ၄၀ ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ရန်ကုန်အသင်းက ၃၉ မှတ်၊ ဧရာဝတီအသင်းက ၃၈ မှတ်၊ ဟံသာဝတီအသင်းက ၃၂ မှတ်၊ ရခိုင်အသင်းက ရမှတ် ၃၀၊ရတနာပုံအသင်းက ၂၉ မှတ်၊ စစ်ကိုင်းအသင်းက ၂၇ မှတ်၊ မကွေးအသင်းက ၂၄ မှတ်၊ Southern အသင်းက ၁၉ မှတ်၊ ဇွဲကပင်အသင်းက ၁၈ မှတ်၊ Chinland အသင်းက ၁၆ မှတ်၊ ဒဂုံအသင်းက ၁၄ မှတ် ရရှိထားသည်။


သတင်း-ညီမြတ်သော်တာ


ဓာတ်ပုံ-ဖိုးသော်ဇင်

 

DSC_98