ဆိပ်ခံတံတားများတွင် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်စေရန်နှင့် တံတားအတက်အဆင်း စနစ်တကျဖြစ်စေရန် ဆောင်ရွက် 

မြိတ်   ၂၂   မေ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ တံတားများ၌ တံတားအသုံးပြုသူများကြောင့် လူစုလူဝေး မဖြစ်စေရန်နှင့် တံတားအတက်အဆင်း စနစ်တကျဖြစ်စေရန်၊ တံတားအနီးတွင် ရပ်နားထားသော ဆိုင်ကယ်များနှင့် မော်တော်ကားများ စနစ်တကျဖြစ်စေရန် မေ ၂၂ ရက် နံနက်ပိုင်းက မြိတ်ခရိုင်နှင့် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဆောင်ရွက်ခဲ့ကြသည်။

ဆိပ်ခံတံတားတွင် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေး စစ်ဆေးခြင်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိပြီး စက်လှေများ၊ အမြန်ရေယာဉ်များ ဆိုက်ရောက်ချိန်၌ ခရီးသည်များ တံတားတက်ဆင်းချိန်တွင် ကျန်းမာရေးစစ်ဆေးခြင်း၊ ဆိုင်ကယ်ကယ်ရီသမားများမှ တံတားပေါ်တက်၍ ဧည့်သည်ကြိုခြင်း၊ ကုန်တင်ကုန်ချသမားများမှ ကုန်အတင်အချပြုလုပ်ခြင်း ဆောင်ရွက်ကြရာ လူစုလူဝေးဖြစ်ကာ အန္တရာယ်ရှိနိုင်သဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် တံတားအသုံးပြုသူများအား စနစ်တကျဖြစ်စေရန် နေရာသတ်မှတ်ဆောင်ရွက်ခဲ့ကြသည်။

“ဆိုင်ကယ်ကယ်ရီတွေ၊ သုံးဘီးဆိုင်ကယ်တွေ ရပ်ချင်တဲ့နေရာရပ်တော့ အရေးပေါ်ယာဉ်ရပ်ဖို့နေရာ အဆင်မပြေဘူး။ ဆိုင်ကယ်ကယ်ရီသမားများကို ဆိုင်ကယ်ရပ်မယ့်နေရာနှင့် ကားတွေရပ်မယ့်နေရာကိုလည်း သပ်သပ်ထားပေးမယ်။ အရေးပေါ်ကားထားမယ့်နေရာကို စီစဉ်ပေးမယ်။ ကုန်တင်ကုန်ချအဖွဲ့က ဖွဲ့စည်းပြီးသားဖြစ်၍ ကုန်တင်ကုန်ချအဖွဲ့ကို စက်လှေလာရင် ကုန်တင်ကုန်ချ စနစ်တကျဆောင်ရွက်ကြရမယ်။ နောက်ပိုင်းကျရင် ဆိပ်ငယ်ဗောတံတားနဲ့ ယောကြီးဝတံတားတို့မှာ ဆိုင်ကယ်ကယ်ရီအသင်း ဖွဲ့ပေးမယ်။ ပြီးရင် သူတို့အဖွဲ့ကို ခေါင်းဆောင်ရွေးပြီး စည်းကမ်းထိန်းစေပါ့မယ်။ အဲဒီအပေါ်မှာ သက်ဆိုင်ရာဌာနများပါဝင်တဲ့ မြို့နယ်ကြီးကြပ်မှုအဖွဲ့ ဖွဲ့ကာ ထိန်းချုပ်သွားပါမယ်” ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်က ပြောသည်။ 

တံတားအသုံးပြုသူများကြောင့် လူစုလူဝေး မဖြစ်စေရန်နှင့် တံတားအတက်အဆင်း စနစ်တကျ ဖြစ်စေရန် ယောကြီးဝတံတားနှင့် ဆိပ်ဗောတံတားတို့တွင် တံတားအတက်အဆင်း နေရာများ၊ တံတားအနီး ဆိုင်ကယ်နှင့်ကားများ စနစ်တကျ ရပ်နားရန်နေရာ သတ်မှတ်ခြင်းကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဉက္ကာမင်း၊ ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဉက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးနှင့် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)