ဆိပ်ဖြူမြို့နယ်၌ သရက်ချဉ်လုပ်ငန်းဖြင့် တစ်ပိုင်တစ်နိုင်မိသားစုဝင်ငွေရရှိ

ဆိပ်ဖြူ ၁၅ ဇွန်

 

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ဒေသထွက် သရက်သီးများကို သရက်ချဉ်ထည့်ခြင်း လုပ်ငန်းဖြင့် တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

 

သရက်ချဉ်သည် မြန်မာလူမျိုးတို့၏ နေစဉ်စားသောက်မှုတွင် အရန်ဟင်းတစ်ခွက်အဖြစ် လည်းကောင်း၊ လက်ဖက်သုပ်၍ စားသုံးရာတွင်လည်း သရက်ချဉ်ကို ရော၍ စားသုံးလျက်ရှိကြပြီး ဆိပ်ဖြူမြို့နယ်၌ သရက်သီး လှိုင်လှိုင်ပေါ်သည့်ကာလတွင် ဒေသထွက်သရက်သီးများကို အချဉ်သိပ်၍ ရေရှည် သိုလှောင်စားသုံးနိုင်ရန် ဆောင်ရွက်လျက်ရှိကြသည်။

 

သရက်ချဉ်ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ လက်ရှိမှာ ဒေသထွက် သရက်သီးအမျိုးမျိုးရှိသည့်အနက် အမှည့်စားကောင်းသော အချို့ သရက်သီးမျိုးများကိုသာ စားသုံးကြပြီး အချဉ်ဓာတ်ရှိ၍ အမှည့်စားသုံးခြင်းမရှိသော သရက်သီးများ လေလွင့်ပျက်စီးခြင်းများကိုတွေ့ရှိပြီး ထိုသရက်သီးများကို အလေအလွင့်မဖြစ်စေရေး ရေရှည်စားသုံးနိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သရက်ချဉ်ကို မိမိလုပ်ကိုင်လာသည်မှာ (၈)နှစ်ခန့်ရှိပြီး သရက်ချဉ်လုပ်ငန်းဖြင့် မိမိ မိသားစုဝင်ငွေ ရရှိသလို အနီးနားဝန်းကျင်ရှိ ဒေသခံပြည်သူများ၊ သရက်စိုက်ပျိုးထားရှိသော တောင်သူများပါ ဝင်ငွေရရှိတာဖြစ်ကြောင်း၊ သရက်ချဉ်ကို စနစ်တကျ သန့်စင်စွာ ရေအထပ်ထပ်ဆေးပြီး ဆားတစ်မျိုးတည်းဖြင့်သာ စဉ့်အိုးများဖြင့်သိပ်ပြီး သိုလှောင်ထားရှိသည့်အတွက် ဓာတုကင်းစင်ပြီး စားသုံးသူ ဘေးအန္တရာယ်မရှိဘဲ နှစ်ပတ်လည် မိသားစုထမင်းဝိုင်း ဒေသအလှူပွဲ၊ မင်္ဂလာဆောင် အစရှိသော ပွဲလမ်းများတွင် အရန်ဟင်းတစ်ခွက်အဖြစ် စားသုံးလျက်ရှိကြောင်း အမြဲရောင်းချသည့် ဖောက်သည်ကို တစ်ပိဿာလျှင် ငွေကျပ် ၁၅၀ဝ ဖြင့်လည်းကောင်း၊ လက်လီဝယ်သူများကို အများဈေး ငွေကျပ်  ၁၈၀ဝ မှ ၂၀ဝ၀ ကျပ်အထိ ဖြန့်ဖြူးရောင်းချ နေရသည့်အတွက် တစ်ပိုင်တစ်နိုင်မိသားစုဝင်ငွေများရှိသည့်အတွက် အဆင်ပြေလျက်ရှိကြောင်း သရက်ချဉ်ပြုလုပ်ရောင်းချသူ ဦးသောင်းမြင့်က ပြောကြားသည်။

 

ကိုဇွဲ(အညာမြေ)