ဆိပ်ဖြူမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တစ်လုံး သစ်ပင်ပိခြင်းနှင့် လျှပ်စစ်မီးတိုင်ကျိုးခြင်းများ ဖြစ်ပေါ်ခဲ့ 

ဆိပ်ဖြူ   ၂၇  မေ

 

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၌ ယနေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြင်က၀ကျေးရွာအုပ်စု အောက်ဆိပ်ကျေးရွာတွင် လူနေအိမ်တစ်လုံးပေါ် သစ်ပင်ပိခြင်းနှင့် ကိုးတောင့်ကျေးရွာတွင် ထန်းပင်လဲကျ၍ လျှပ်စစ်ဓာတ်တိုင်နှစ်တိုင် ကျိုးကျပျက်ဆီးမှုများရှိခဲ့ကြောင်း သိရသည်။

 

လေပြင်းတိုက်ခတ်မှုကြောင့် မြင်က၀ကျေးရွာအုပ်စု၊ အောက်ဆိပ်ကျေးရွာမှ ဦးနိုင်ဝင်း၏ နေအိမ်ပေါ်သို့ လုံးပတ် ၅ ပေ၊ အမြင့် ၁၈ ပေရှိ ဇောင်ချမ်းပင် လဲကျခဲ့သဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးခဲ့သည်။

 

အလားတူ ကိုးတောင့်ကျေးရွာတွင် ထန်းပင်လဲကျ၍ ကျေးရွာအတွင်း (၄၀၀) ဗို့အားလိုင်း လျှပ်စစ်ဓာတ်တိုင် နှစ်တိုင် ကျိုးကျခဲ့သဖြင့် မြို့နယ်လျှပ်စစ်ဦးစီးမှူး ဦးစန်းဦးနှင့် လျှပ်စစ်ဝန်ထမ်းများက လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ကိုဇွဲ (အညာမြေ)