ဆိုက်ဘာကျိုးပေါက်မှုတွေမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ

တင်လင်းအောင်

 

ဆိုက်ဘာကျိုးပေါက်မှုတွေ ဖြစ်ပွားမှုကြောင့် ကုမ္ပဏီတွေက ပြင်းပြင်းထန်ထန်တုံ့ပြန်မှုများ ပြုလုပ်နေစဉ်မှာ အဖွဲ့အစည်းအတွင်းက စီးပွားရေးထိပ်တန်းပုဂ္ဂိုလ်တွေနဲ့ အိုင်တီပညာရှင်တွေကြား ရှေ့လုပ်ငန်းအစီအစဉ်တွေကလည်း ခြိမ်းခြောက်မှုတွေကို ပြတ်ပြတ်သားသား ကူညီဖော်ထုတ်နိုင်ဖို့ လုပ်ဆောင်လျက်ရှိတယ်လို့ အာရ်အက်စ်အေရဲ့ အကြီးတန်းနည်းပညာ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောခဲ့ပါတယ်။ အပတ်စဉ်တိုင်း ဘဏ်တွေ၊ ကျန်းမာရေးအဖွဲ့အစည်းတွေ၊ ယုတ်စွအဆုံး ကျောင်းတွေအပါအဝင် ပုံသ္ဌာန်အရွယ်အစား အမျိုးမျိုးရှိ အဖွဲ့အစည်းတွေကို အဓိက ဆိုက်ဘာတိုက်ခိုက်မှုတွေ ပြုလုပ်လျက်ရှိတာကို လေ့လာတွေ့ရှိခဲ့တယ်လို့ ၎င်းကဆိုပါတယ်။

 

ထိတ်လန့်စရာ အကောင်းဆုံးလျှို့ဝှက်ချက်ဖော်ထုတ်နိုင်မှုကတော့ ၂၀၁၃ ခုနှစ် ဩဂုတ်လမှာ ဖြစ်ပွားခဲ့တဲ့ ဆိုက်ဘာကျူးလွန်မှုပင်ဖြစ်ပြီး အဆိုပါကိစ္စတွင် ရာဟူးအသုံးပြုသူ သုံးဘီလီယံခန့်ရှိ အကောင့်တွေ မလုံမခြုံဖြစ်ခဲ့ရပါတယ်လို့ လွန်ခဲ့တဲ့ အောက်တိုဘာလကတည်းက ရာဟူးက ကြေညာခဲ့ပါတယ်။

 

အပြည့်အဝတာဝန်ယူရမယ်

ထိုကဲ့သို့ ကိစ္စတွေဖြစ်ပွားလာခဲ့ပါက ဘယ်သူ့ကို အပြစ်တင်ရမလဲ။ ငြင်းလို့မရတဲ့ အချက်ကတော့ ဆိုက်ဘာတိုက်ခိုက်သူတွေဟာ အခုလို ဖြစ်ပွားလာတဲ့ကိစ္စတွေနဲ့ မကင်းဘူးဆိုတာပဲဖြစ်ပါတယ်။ သို့သော်လည်း အဖွဲ့အစည်းတစ်ခု၏ c-suite အတွင်းလက်ဗွေအချက်ပြစနစ်တွေ ပြည့်စုံစွာရှိခဲ့ပါလျက် ထိုကဲ့သို့ ဆိုက်ဘာကျိုးပေါက်မှုတွေ ဖြစ်လာရခြင်းကြောင့် ၅၀ ရာခိုင်နှုန်းသော အိုင်တီကျွမ်းကျင်သူများက c-suite ကို ချုပ်ကိုင်ထားတဲ့ ဘော့စ်တွေကိုလည်း အပြစ်တင်လျက်ရှိပါတယ်။ စီးပွားရေးခေါင်းဆောင်တွေက သူတို့ ရဲ့ အိုင်တီဌာနတွေအနေနဲ့ အဆိုပါကိစ္စရပ်တွေအတွက် အပြည့်အဝ တာဝန်ယူရမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

 

ပေါင်းစည်းညှိနှိုင်းမှုအားနည်း

ဆိုက်ဘာကျူးလွန်မှုတွေအပေါ် ပြစ်တင်မှုတွေကတော့ ဆက်လက်ပြီး အားကောင်းစွာ ဖြစ်ပေါ်လျက်ရှိဆဲပါ။ ထိုသို့ ဖြစ်ပွားလာခဲ့တဲ့ တကယ့်ရင်းမြစ်တွေကတော့ စီးပွားရေးလုပ်ငန်းရှင်တွေ သို့မဟုတ် စီးပွားရေးလုပ်ငန်းတွေနဲ့ လုံခြုံရေးအဖွဲ့တွေကြား ပေါင်းစည်းညှိနှိုင်းမှုတွေ အားနည်းသောကြောင့် ဖြစ်ပါတယ်။ ဒီလိုအခြေအနေကို ဝမ်းနည်းစွာ နားလည်မှုလွဲခြင်းလို့ ခေါ်ရမှာ ဖြစ်ပါတယ်။ အိုင်တီကျွမ်းကျင်ပညာရှင်တွေက ဆိုက်ဘာကျိုးပေါက်မှုတွေ ဘာကြောင့်ဖြစ်လာသလဲဆိုတဲ့အပေါ် နားလည်သဘောပေါက်ဖို့သာမက အနာဂတ်မှာဘယ်လိုကာကွယ်မှုတွေ လုပ်မလဲဆိုတာနဲ့ ပတ်သက်ပြီး စိတ်အားထက်သန်နေချိန်မှာ စီးပွားရေး ထိပ်တန်းပုဂ္ဂိုလ်တွေကတော့ ဆိုက်ဘာကျိုးပေါက်မှုကြောင့် အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်လာတဲ့ရလဒ်ကိုပဲ သုံးသပ်ပါတယ်။ အခုလိုပေါင်းစပ်ညှိနှိုင်းမှုမရှိတဲ့အတွက် အဖွဲ့အစည်းတွေအနေနဲ့ အမြင့်မားဆုံးသော ခြိမ်းခြောက်မှုတွေကို တုံ့ပြန်မှုနဲ့ ကာကွယ်မှုတွေ လုပ်နိုင်မှာ မဟုတ်ပါဘူး။

 

စီမံခန့်ခွဲနိုင်ဖို့လို

ပြောင်းလဲဖြစ်ပေါ်လာတဲ့ ဆိုက်ဘာခြိမ်းခြောက်ခြင်း သို့မဟုတ် ဆိုက်ဘာကျိုးပေါက်ခြင်းရဲ့ အခင်းအကျင်းကို သုံးသပ်ရမယ်ဆိုရင် အဖွဲ့အစည်းတွေအနေနဲ့ ဝမ်းနည်းစွာနားလည်မှုလွဲခြင်း မရှိအောင်ဘယ်လိုညှိနှိုင်း ဆောင်ရွက်မလဲဆိုတာနဲ့ ဆိုက်ဘာခြိမ်းခြောက်မှု အန္တရာယ်ကို စီမံခန့်ခွဲနိုင်ဖို့ လိုအပ်ပါတယ်။

 

ဝမ်းနည်းစွာ နားလည်မှုလွဲခြင်းကွာဟချက်ကို ကျဉ်းမြောင်းစေမယ့်အချက်တွေ ရှိပါတယ်။ အဲဒါတွေကတော့ နံပါတ်တစ်အနေနဲ့ စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ အသင်းအဖွဲ့တွေအနေနဲ့ စီးပွားရေး ဦးဆောင်တဲ့ လုံခြုံရေးဆိုင်ရာ ချဉ်းကပ်မှုတွေကို အတူတကွ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေဟာ အိုင်တီနယ်ပယ်နဲ့ စီးပွားရေးကဏ္ဍတွေမှာပါ ပြဿနာဖြစ်စေပါတယ်။ စီးပွားရေးဦးဆောင်တဲ့ လုံခြုံရေးဆိုင်ရာ ချဉ်းကပ်မှုတွေကို ဖန်တီးဖို့ဆိုရင် စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ အသင်းအဖွဲ့တွေဟာ သူတို့ရဲ့ နည်းဗျူဟာတွေ၊ ဦးစားပေးလုပ်ဆောင်ရမယ့် ကိစ္စတွေကို ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။

 

အိုင်တီလုံခြုံရေးအပေါ်နားလည်ဖို့လို

လုံခြုံရေးအပိုင်းမှာ စွန့်စားခြင်းနဲ့ အောင်မြင်မှုတန်ဖိုးကြားမှာ ခြားနားမှုတွေရှိပါတယ်။ အိုင်တီကျွမ်းကျင်သူတွေဟာ စီးပွားရေးခေါင်းဆောင်တွေနဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေ မရှိသလောက်ရှားပါတယ်။ အမှုဆောင်အရာရှိတွေကလည်း ဖြစ်ခါမှဖြစ်ရော မဖြစ်သေးတဲ့ဆိုက်ဘာတိုက်ခိုက်မှုတွေမှာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အလားအလာတွေနဲ့ ခေါင်းခြောက်လျက်ရှိပါတယ်။ စီးပွားရေးခေါင်းဆောင်တွေဟာလည်း လုံခြုံရေးဆိုင်ရာ ကျိုးပေါက်မှုတွေမှာ ဖြစ်တတ်တဲ့ စီးပွားရေးအပေါ် အကျိုးသက်ရောက်မှု၊ အသိဉာဏ်ဆိုင်ရာ မူပိုင်ခွင့်တွေ၊ ဂုဏ်သိက္ခာဆိုင်ရာတွေနဲ့ ပတ်သက်ပြီးတော့ သက်ရောက်မှု အနည်းအများကို နားလည်ထားသင့်ပါတယ်။


အိုင်တီပညာရှင်တွေကလည်း ညှိနှိုင်းဆွေးနွေးပွဲတွေမှာ သက်ဆိုင်ရာ အိုင်တီအကြောင်းအရာတွေကို စီးပွားရေး ခေါင်းဆောင်တွေ နားလည်အောင် ကြိုးစားလုပ်ဆောင်သင့်ပါတယ်။ ထို့အတူ ဆိုက်ဘာလုံခြုံရေးရင်းနှီးမြှုပ်နှံမှုရဲ့ တန်ဖိုးကိုလည်း နားလည်သဘောပေါက်အောင် လုပ်ဆောင်ပေးရပါမယ်။ စီးပွားရေးခေါင်းဆောင်တွေ အနေနဲ့လည်း သူတို့ရဲ့အိုင်တီဌာနတွေအနေနဲ့ လုံခြုံရေးဆိုင်ရာ ရည်မှန်းချက်တွေကို အပြည့်အဝ နားလည်အောင်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

 

 

အိုင်တီခြိမ်းခြောက်မှု

စက္ကန့်မလပ်ဖြစ်နေဒုတိယအချက်အနေနဲ့ လုံခြုံရေးအဖွဲ့ဟာ အင်တာပရိုက်စ်တစ်ခုလုံးကို အချိန်တိုင်းကြည့်နေဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိကမ္ဘာကြီးမှာ မိုဘိုင်းနည်းပညာ၊ ကလောက်နည်းပညာနဲ့ အင်တာနက်နည်းပညာတွေဟာ ဆိုက်ဘာခြိမ်းခြောက်တိုက်ခိုက်မှုကို အချိန်တိုင်း လမ်းဖွင့်ပေးနေသလိုဖြစ်နေပါတယ်။ ထို့ကြောင့် အဖွဲ့အစည်းတွေဟာ ယခင်ကထက်ကိုပဲ ဘေးအ္တရာယ်ပိုများလာခဲ့ပါပြီ။ ယနေ့ခေတ် အဖွဲ့အစည်းတွေဟာ ဆိုက်ဘာတိုက်ခိုက်မှုတွေ ဘယ်အချိန်ဖြစ်လာမလဲဆိုတာကို ကြိုမမြင်နိုင်ပါဘူး။ ဆိုက်ဘာခြိမ်းခြောက်မှုတွေဟာ ၃၉ စက္ကန့်တိုင်းမှာ တစ်ကြိမ် ဖြစ်ပေါ်လျက်ရှိပါတယ်။

 

အိုင်တီကျွမ်းကျင်သူ ထက်ဝက်လောက်ရဲ့ လက်တွေ့ လေ့လာမှုတွေက ဘာကိုပြောသလဲဆိုရင် ယနေ့ခေတ်ဟာ ခြိမ်းခြောက်မှုအသစ်တွေနဲ့ ဆိုက်ဘာတိုက်ခိုက်လာမှုတွေအပေါ် အပြည့်အဝနားလည်ဖို့အတွက် အဓိကစိန်ခေါ်မှုတွေဖြစ်လို့လာခဲ့ပါပြီလို့ ပြောခဲ့ပါတယ်။ ဆိုလိုတာကတော့ ဆိုက်ဘာတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ဆိုရင် အဲဒီအပေါ်အပြည့်အဝ နားလည်ဖို့ လိုအပ်ပါတယ်။

 

အင်တာပရိုက်တစ်ခုလုံးကို အပြည့်အဝ မြင်တွေ့နိုင်ခြင်းဟာ အလုပ်အတွက် ခြိမ်းခြောက်မှုအန္တရာယ်ကို ကာကွယ်နိုင်မှာဖြစ်သလို သင့်တော်တဲ့ လုပ်ဆောင်ချက်တွေကိုလည်း အချိန်နဲ့တစ်ပြေးညီ လုပ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။ အင်တာပရိုက်တစ်ခုလုံးကို တွေ့မြင်ခြင်းဖြင့် နောက်ထပ် ထပ်မံရရှိမယ့် အကျိုးကတော့ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ပျက်စီးမှုလျော့နည်းအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

 

တတိယအချက်အနေနဲ့ အဖွဲ့အစည်းတွေအနေနဲ့ လုံခြုံရေးအဖွဲ့ကို ဆိုက်ဘာတိုက်ခိုက်လာမှုမှ ကာကွယ်ရန်နဲ့ ခြိမ်းခြောက်မှုမှ တန်ပြန်လုပ်ဆောင်နိုင်ရန်အတွက် လုပ်ပိုင်ခွင့်တွေခွင့်ပြုပေးရမှာ ဖြစ်ပါတယ်။ အကယ်၍တိုက်ခိုက်မှုတွေကို မခုခံမကာကွယ်ဘူးဆိုရင်တော့ ပိုဆိုးတဲ့အခြေအနေတွေ ရောက်လာမှာဖြစ်ပါတယ်။


၉၀ ရာခိုင်နှုန်းလောက်ရှိတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ဆိုက်ဘာတိုက်ခိုက်မှုဖြစ်လာတဲ့အခါမှာ သူတို့ရဲ့ပြန်လည်တုံ့ပြန်မှုတွေကို မကျေနပ်ကြပါဘူး။ ၇၄ ရာခိုင်နှုန်းလောက်က ဆိုက်ဘာ တိုက်ခိုက်လာတဲ့အခါမှာ ပြန်လည်တုံ့ ပြန်ဖို့ လုံလောက်တဲ့ နည်းပညာတွေ မရှိပါဘူး။ ၁၁ ရာခိုင်နှုန်းလောက် အဖွဲ့အစည်းတွေကသာ သူတို့အနေနဲ့ ခြိမ်းခြောက်မှုကို အလျင်အမြန် စုံစမ်းနိုင်တယ်လို့ဆိုပါတယ်။

 

အချိန်မီကာကွယ်ဖို့လို

 အဖွဲ့အစည်းတွေအနေနဲ့ ကြိုတင်ပြီး အစီအစဉ်တွေ ချမှတ်ထားဖို့လိုအပ်ပါတယ်။ ဆိုက်ဘာတိုက်ခိုက်မှုနဲ့ စီးပွားရေးအန္တရာယ်ကြားကွာဟချက်တွေကို နားလည်ထားဖို့လိုအပ်ပါတယ်။ ထို့အတူ အဖွဲ့အစည်းအတွင်းပိုင်း ဆက်သွယ်မှုအားလုံးကိုမြင်တွေ့ ပြီး အချိန်မီစီမံခန့်ခွဲနိုင်ဖို့လိုပါတယ်။ 

 

ဖော်ပြပါ အချက်တွေကိုလုပ်ဆောင်မယ်ဆိုရင် ယနေ့ ဆိုက်ဘာတိုက်ခိုက်မှုနဲ့ ကြုံတွေ့နေတဲ့ အဖွဲ့အစည်းတွေဟာ အနည်းနဲ့ အများဆိုသလို သက်သာမှာ ဖြစ်ပါတယ်။ အိုင်တီပညာရှင်တွေနဲ့ စီးပွားရေးဦးဆောင်သူတွေကြား နားလည်မှုတွေလည်း အပြန်အလှန်ရှိရမှာဖြစ်ပါတယ်။ သို့မှသာ ဆိုက်ဘာတိုက်ခိုက်မှုမှ အချိန်မီကာကွယ်နိုင်မှာဖြစ်ပါတယ်။

 

အချုပ်အားဖြင့် ဆိုရမယ်ဆိုရင် အိုင်တီပညာရှင်တွေနဲ့ စီးပွားရေးခေါင်းဆောင်တွေအနေနဲ့ ပူးပေါင်းလုပ်ဆောင်မှသာလျှင် တစ်နေ့တခြားလုံခြုံမှုနည်းနည်းလာတဲ့ ကမ္ဘာကြီးမှာ ဆိုက်ဘာတိုက်ခိုက်မှုတွေကို ခုခံကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

 

ကိုးကား - သည်ဂါးဒီးယန်း၊
ချန်နယ်နယူးအေးရ