ဆိုက်ဘာတိုက်ခိုက်မှု လေးသန်း နောက်ကွယ်က CYBERCRIME WEBSITE တစ်ခုကို ဗြိတိန်ရဲတွေ ဖြုတ်ချနိုင်ခဲ့

၂၆ ဧပြီ

ကမ္ဘာတစ်ဝှမ်းရှိ ဘဏ်လုပ်ငန်းတွေကို ဦးတည်တိုက်ခိုက်ခဲ့တဲ့ ဆိုက်ဘာတိုက်ခိုက်မှု လေးသန်းကျော်နဲ့ ချိတ်ဆက်မှုရှိနေတဲ့ ဝက်ဘ်ဆိုဒ်တစ်ခုကို ယမန်နေ့က ဗြိတိန်နဲ့ ဒတ်ချ် ရဲတွေ ဦးဆောင်ပြီး စစ်ဆင်ရေးတစ်ရပ်ပြုလုပ်ကာ ဖြုတ်ချနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ဆင်ရေးမှာ ဗြိတိန်အပါအဝင် နယ်သာလန်၊ ဆားဗီးယား၊ ခရိုအေးရှား၊ ကနေဒါ စတဲ့ ငါးနိုင်ငံ ပါဝင်ခဲ့ပြီး စကော့တလန်နဲ့ ဥရောပ ရဲတွေက အကူအညီပေးခဲ့ကြောင်း၊ webstresser.org ဝက်ဘ်ဆိုဒ် နောက်ကွယ်က ရာဇဝတ်မှုကျူးလွန်တဲ့ အဖွဲ့ခြောက်ဖွဲ့ကို ပစ်မှတ်ထား ဆောင်ရွက်ခဲ့ကြောင်း ဗြိတိန် အမျိုးသားရာဇဝတ်ပြစ်မှုဆိုင်ရာ အေဂျင်စီ (NCA) က ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်ခံရတဲ့ ဝက်ဘ်ဆိုဒ်ဝန်ဆောင်မှုများ ပြုတ်ကျသွားစေရန်၊ IT စနစ်များ အသုံးပြုမရ ဖြစ်စေရန် ငှားရမ်းအသုံးပြုခ အမေရိကန်ဒေါ်လာ $14.99 လောက်သာပေးရတဲ့ ဝက်ဘ်ဆိုဒ်များကို အသုံးပြုခဲ့ကြတယ်လို့ သိရပါတယ်။

ဒတ်ချ်ရဲတွေက ဂျာမဏီနှင့် အမေရိကန်ပြည်ထောင်စုမှ ပူးပေါင်းသူများနှင့် ရှာဖွေမှုတွေပြုလုပ်ခဲ့ပြီး ဗြိတိန်ရဲတွေဟာ ဘရက်ဖို့ဒ်၊ အင်္ဂလန်မြောက်ပိုင်းက IP တွေကို ရှာဖွေမှုတွေပြုလုပ်ခဲ့ကြပါတယ်။ နောက်ဆုံး webstresser.org ကို ဖြုတ်ချနိုင်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလက ဗြိတိန်ရဲ့ အကြီးဆုံးဘဏ် (၇) ခုကို တိုက်ခိုက်ဖို့ တစ်ဦးတစ်ယောက်က အဆိုပါ ကမ္ဘာ့အကြီးဆုံး တရားမဝင် DDOS ရောင်းချသူ webstresser.org ဝက်ဘ်ဆိုဒ်နဲ့ ချိတ်ဆက်ခဲ့တယ်လို့ ဗြိတိန်ရဲတွေက ယုံကြည်ထားပါတယ်။ "Stressers" ဟာ ချိတ်ဆက်အသုံးပြုသူတွေ တိုက်ခိုက်လိုတဲ့ ပစ်မှတ်ကို အနှောက်အယှက်၊ ပြဿနာတွေ ဖြစ်ပေါ်စေမှာဖြစ်ပါတယ်။

ဆိုက်ဘာတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သံသယရှိသူအဖြစ် အသက် ၁၉ နှစ် နှင့် ၂၁ အရွယ် ဆားဗီးယား နိုင်ငံသားနှစ်ဦးနှင့် ၁၉ နှစ် အရွယ် ခရိုအေးရှား နိုင်ငံသားတစ်ဦးအား ဖမ်းဆီးထားကြောင်း အေအက်ပီ သတင်းတစ်ရပ်အရ သိရပါတယ်။

ဘာသာပြန် > မိုးမမ