ဆိုလာပြား အားသွင်းရာမှ မီးလောင်မှုဖြစ်

မလှိုင် ၁၈ ဒီဇင်ဘာ

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်၌ ယနေ့ မွန်းတည့် ၁၂ ခန့်တွင် ဆိုလာပြား အားသွင်းရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မလှိုင်မြို့မရဲစခန်း မှတ်တမ်းများအရ သိရသည်။

ဖြစ်စဉ်မှာ မလှိုင်မြို့နယ် ကံကြီးကျေးရွာအုပ်စု အလယ်ချောင်တောင်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မလှိုင်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မလှိုင်မြို့နယ် မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးရာ အဆိုပါကျေးရွာတွင် နေထိုင်သည့် ဦးသန်းမြိုင် (၅၅)နှစ် ပိုင်ဆိုင်သည့် နေအိမ်ရှေ့တွင် ဆိုလာပြားဖြင့် ဘက်ထရီအိုးအားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားကာ ၎င်းအိမ်နှင့်ကပ်လျက် လူနေအိမ်နှစ်လုံး မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း စစ်ဆေးသိရှိသည်။ 

မီးလောင်ရာသို့ မလှိုင်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ် (၂)စီးနှင့်အတူ ကျေးရွာနေပြည်သူများ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်းနှင့် မီးဘေးသင့်သူများအား လတ်တလောအဆင်ပြေစေရန် အစားအသောက်များကို မြို့နယ်အုပ်ချုပ်ရေးက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲသူ ဦးသန်းမြိုင်အား မလှိုင်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ကျော်ကျော်(မလှိုင်)