ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရ ကုမ္ပဏီများအနေဖြင့် လောင်းကစားနှင့် ငြိစွန်းသည့် ဆောင်ရွက်မှုများ ပေါ်ပေါက်ပါက ဆက်သွယ်ရေးဥပဒေ၊ လောင်းကစားဥပဒေနှင့် တည်ဆဲဥပဒေများဖြင့် အရေးယူဆောင်ရွက်သွားမည်

နေပြည်တော် ၁၃ ဇွန်

 

မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများ အပါအဝင် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရ ကုမ္ပဏီများအနေဖြင့် လောင်းကစားနှင့် ငြိစွန်းသည့် ဆောင်ရွက်မှုများ ပေါ်ပေါက်ပါက ဆက်သွယ်ရေးဥပဒေ၊ လောင်းကစားဥပဒေနှင့် တည်ဆဲဥပဒေများဖြင့် အရေးယူဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ပြီး မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်နွယ်နွယ်အောင်၏ မြန်မာနိုင်ငံအတွင်း လက်ကိုင်ဖုန်း၊ ဖေ့စ်ဘွတ်(FB)မှတစ်ဆင့် ကြော်ငြာစည်းရုံးပြီး ကျောင်းသား၊ လူငယ်များနှင့် ပြည်သူများအကြား ထိုးဖောက် ဝင်ရောက်လာသည့် လောင်းကစားနည်း တစ်မျိုးဖြစ်သော ရှမ်းကိုးမီး ဖဲကစားနည်း (ခ) Shan Koe Mee Zingplay သည် ပြည်သူများထံမှ လောင်းကြေးငွေများကို နည်းအမျိုးမျိုးဖြင့် ရယူနေပါသဖြင့် အဆိုပါ လောင်းကစားနည်းကို တားမြစ်ပိတ်ပင်ရန်နှင့် လောင်းကစားဒိုင်များကို ထိရောက်စွာ ဖော်ထုတ်အရေးယူရန် အစီအစဉ် ရှိ/မရှိ မေးမြန်းမှုအပေါ် ဒုတိယဝန်ကြီး ဦးကျော်မျိုးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက Shan Koe Mee Zingplay ဂိမ်းသည် လောင်းကစားနည်းတစ်မျိုးဟု ဆိုနိုင်သော်လည်း အမှန်တကယ် ငွေသားအလျော်အစား ပြုလုပ်နိုင်သည့် ကစားနည်းမဟုတ်ဘဲ ဆက်သွယ်ရေး အော်ပရေတာများအနေဖြင့် online payment ဝန်ဆောင်မှု လုပ်ငန်းများမှတစ်ဆင့် ဖုန်းအသုံးပြုသူများအတွက် အပိုဝန်ဆောင်မှု တစ်ခုအဖြစ် ကြိုတင်ပေးသွင်းထားသည့် ဖုန်းကြိုတင်ငွေဖြည့် လက်ကျန်စာရင်းကို အသုံးပြုကာ ဂိမ်းအတွင်းတွင်သာ တိုကင်များ ဝယ်ယူ၍ အနိုင်/အရှုံး ကစားခြင်းသာဖြစ်ပြီး ဂိမ်းအတွင်းမှ တိုကင်များကို အခြားနည်းလမ်းတစ် မျိုးမျိုးဖြင့် ငွေသားအဖြစ် ကစားသူအချင်းချင်း လွှဲပြောင်းပေးခြင်း၊ ဂိမ်း၏ ဒိုင်ထံမှ ပြန်လည်ထုတ်ယူခြင်းများ ပြုလုပ်၍ မရနိုင်သည်ကို စိစစ်တွေ့ရှိရပါကြောင်း။

 

Shan Koe Mee Zingplay ဂိမ်းအပါအဝင် အခြား online game များကို အင်တာနက်မှတစ်ဆင့် ရယူဆော့ကစားခြင်းအား လိုင်စင်ရ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများအနေဖြင့် ထိန်းချုပ်၍ မရနိုင်သော်လည်း လောင်းကစားဥပဒေနှင့် ငြိစွန်းမည့် ငွေသားအလျော်အစားရှိသည့် ဂိမ်းမျိုးကို online မှ ဆော့ကစားရာတွင် အသုံးပြုသည့် တိုကင်၊ ဇယ်ပြား စသည်တို့ကို ဖုန်းကြိုတင်ငွေဖြည့်စာရင်း လက်ကျန်ထဲမှ ဝယ်ယူဆော့ကစားခြင်း မပြုနိုင်ရန် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရ ကုမ္ပဏီများသို့ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ညွှန်ကြားဆောင်ရွက်နိုင်ပါကြောင်း။

 

မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများ အပါအဝင် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရ ကုမ္ပဏီများ အနေဖြင့် လောင်းကစားဥပဒေနှင့် ငြိစွန်းသည့် ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း အထောက်အထား ခိုင်လုံပါက ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက ၎င်းတို့အား ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၅၇ အရ စီမံခန့်ခွဲရေးဆိုင်ရာ နည်းလမ်းများအရ အရေးယူနိုင်သည့် နည်းတူ၊ ပြည်ထဲရေးဝန်ကြီးဌာနကလည်း လောင်းကစား ဥပဒေနှင့် တည်ဆဲဥပဒေများဖြင့် အရေးယူ ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း၊ ထို့ပြင် လိုင်စင်ရ လုပ်ငန်းမဟုတ်သော အခြားလူပုဂ္ဂိုလ်/ အဖွဲ့အစည်းများမှ online application များဖြင့် တရားမဝင် ဝန်ဆောင်မှုများ ဆောင်ရွက်နေကြောင်း စိစစ်တွေ့ရှိရပါက ပြည်ထဲရေးဝန်ကြီးဌာနမှ လောင်းကစားဥပဒေနှင့် တည်ဆဲဥပဒေများဖြင့် အရေးယူနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။

 

MDN