ဆလိုဗေးနီးယားနိုင်ငံသားအားလုံးကို ရောဂါပိုးစစ်ဆေးပေးဖို့ ပြင်ဆင်ချိန် ရောဂါပိုးကူးစက်မှုထိန်းချုပ်တဲ့ စည်းမျဉ်းတွေ ဆက်လက်တိုးမြှင့်ချထား

၄ ဒီဇင်ဘာ

 

ဆလိုဗေးနီးယားနိုင်ငံတွင် နိုင်ငံသားအားလုံးကို ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး စစ်ဆေးပေးဖို့ ပြင်ဆင်ချိန် ရောဂါပိုးကူးစက်မှုထိန်းချုပ်တဲ့ စည်းမျဉ်းတွေ ဆက်လက်တိုးမြှင့်ချထားကြောင်း အစိုးရအဖွဲ့က ကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး စမ်းသပ်ပစ္စည်း antigen test အခုရေ ၁၀၀,၀၀၀ အား ကနဦးအနေနဲ့  ဒီဇင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်နောက်ပိုင်း ရရှိနိုင်တဲ့အတွက် အဲဒီရက်နောက်ပိုင်းမှာ တစ်နိုင်ငံလုံးအား ရောဂါပိုးစစ်ဆေးခြင်း စတင်မယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး စမ်းသပ်တဲ့ ပစ္စည်းအခုရေ ၁ ဒသမ ၅ သန်း ရရှိရေးကို အစိုးရအနေနဲ့ ပြင်ဆင်ထားပြီးကြောင်း ဝန်ကြီးက ထည့်သွင်းပြောကြားပါတယ်။

 

ကျန်းမာရေးနဲ့ စောင့်ရှောက်ရေးဂေဟာ လုပ်သားတွေအား ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး စစ်ဆေးခြင်း ပြုလုပ်ပြီးလျှင် တခြားအရေးကြီး လုပ်သားတွေဖြစ်တဲ့ ဆရာ၊ ဆရာမ၊ စစ်သားနဲ့ ရဲသားတွေကို စစ်ဆေးပေးဖို့ အစိုးရက ပြင်ဆင်ထားပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှု ဒုတိယလှိုင်းဟာ ကူးစက်မှုများတဲ့အတွက် ရောဂါပိုးလမ်းကြောင်း လိုက်ဖို့ ခက်ခဲကြောင်း၊ ဒီနှစ်ကုန်ပိုင်းမှာ ရောဂါပိုး စစ်ဆေးပြီးနိုင်မယ်လို့ မျှော်လင့်ကြောင်းနဲ့ နိုဝင်ဘာ လလယ်ပိုင်းက ချမှတ်ထားတဲ့ ဗိုင်းရပ်စ်ပိုးကူးစက်မှု ထိန်းချုပ်ရေးစည်းမျဉ်း၊ စည်းကမ်းတွေကို အနည်းဆုံး နောက်ထပ် သီတင်းတစ်ပတ် ဆက်လက်ထားရှိမယ်လို့ ဝန်ကြီးက ပြောပါတယ်။

 

လူဦးရေ ၂ သန်း နေထိုင်တဲ့ ဆလိုဗေးနီးယားနိုင်ငံဟာ ရောဂါပိုးကူးစက်မှု ဒုတိယလှိုင်းဒဏ်ကို သိသိသာသာ ခံစားရကြောင်း သိရပါတယ်။ နိုင်ငံမှာ ပိုးကူးစက်ခံရသူ ၈၀,၀၀၀ ကျော်ထဲမှ သေဆုံးသူ ၁,၆၀၀ နီးပါးရှိကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

နိုဝင်ဘာလတွင် ဗိုင်းရပ်စ်ပိုးကူးစက်မှု ထိန်းချုပ်ရန် အများသုံးယာဉ်တွေ ရပ်ဆိုင်းပြီး လူစုလူဝေးခြင်းကို ပိတ်ပင်လိုက်ပါတယ်။ ဒါ့အပြင် ကျောင်းနဲ့ အရေးမကြီးပစ္စည်းအရောင်းဆိုင်များနဲ့ ဝန်ဆောင်မှုလုပ်ငန်း တွေကိုလည်း ပိတ်ထားကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP