ဆန္ဒပြသူများကြောင့် အီကွေဒေါ ရေနံထုတ်လုပ်မှု ၄၈ နာရီအတွင်း ရပ်တန့်ဖွယ်ရှိ

 

ကီတို ဇွန် ၂၈

 

နိုင်ငံတစ်ဝန်း ဌာနေတိုင်းရင်းသားများ၏ဆန္ဒပြမှုနှင့် လမ်းများကိုပိတ်ဆို့ထားမှုကြောင့် အီကွေဒေါနိုင်ငံ၏ ရေနံထုတ်လုပ်မှု နောက်ထပ် ၄၈ နာရီအတွင်း ရပ်တန့်ထားရနိုင်ကြောင်း တောင်အမေရိကနိုင်ငံများဆိုင်ရာ စွမ်းအင်နှင့်သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီးက ဇွန် ၂၆ ရက်တွင် ပြောကြားသည်။

 

လမ်းများ ပိတ်ဆို့မှုနှင့် အမေဇုန်ဒေသရှိ ရေနံတွင်းများအား သိမ်းဆည်းခံရမှုကြောင့် နိုင်ငံ၏ ဟိုက်ဒရိုကာဗွန် ထုတ်လုပ်မှုကဏ္ဍအတွက် များစွာထိခိုက်နိုင်ကြောင်း ၎င်းက ပြောသည်။

 

အဖျက်အမှောင့်လုပ်ငန်းများ၊ လမ်းပိတ်ဆို့မှုများနှင့် ရေနံတွင်းများ သိမ်းဆည်းခံရမှုများ ဆက်လက်ဖြစ်ပွားနေမည် ဆိုပါက သယ်ယူပို့ဆောင်ရေးနှင့် လုပ်ငန်းအတွက် လိုအပ်သည့် ဒီဇယ်ထောက်ပံ့မှု ပြတ်တောက်သွားနိုင်သဖြင့် နိုင်ငံ၏ ရေနံထုတ်လုပ်မှုသည် နောက်ထပ် ၄၈ နာရီအတွင်း ရပ်တန့်ထားရနိုင်ကြောင်း အီကွေဒေါနိုင်ငံ စွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီး ဇာဗီယာ ဗာရာကလည်း ပြောကြားသည်။

 

ရေနံစည် ထုတ်လုပ်မှု စည်ပေါင်း ၁ ဒသမ ၃ သန်းထက် လျှော့ချနိုင်ရေး လွန်ခဲ့သည့်ရက်သတ္တ နှစ်ပတ်ကစ၍ ဆန္ဒပြမှုများကြောင့် အီကွေဒေါ နိုင်ငံပိုင်ရေနံထုတ်လုပ်ရေးကုမ္ပဏီ၏ ရေနံစိမ်းစည်ပေါင်း ၁၀၆၁၈၇၅ စည် ဆုံးရှုံးနစ်နာခဲ့သည်။ အလားတူ ဌာနေတိုင်းရင်းသားများက ဆန္ဒပြမှု အခြေအနေများကြောင့် နိုင်ငံအတွင်းရှိ ရေနံ ထုတ်လုပ်ရေးကုမ္ပဏီများမှ ရေနံစည်ပေါင်း ၂၇၂၂၂၃ စည် ဆုံးရှုံးခဲ့သည်။

 

ဆန္ဒပြသူများက အီကွေဒေါ ရေနံကုမ္ပဏီနှင့် အခြားကုမ္ပဏီပေါင်း ၁၈၀ တို့၏ နေရာ ၉၉၆ ခုမှ ရေနံတွင်း ၁၁၇၆ တွင်းကိုလည်း ပိတ်သိမ်းပစ်ခဲ့ကြသည်။ ရေနံစိမ်းသည် အီကွေဒေါနိုင်ငံ၏ အဓိက ပို့ကုန်ဖြစ်ပြီး ရေနံရောင်းချမှုမှရရှိသည့် ဝင်ငွေများသည် နိုင်ငံတော်ဘတ်ဂျက်၏ အဓိက အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်သည်။

 

အီကွေဒေါ ဌာနေတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ပြည်ထောင်စု (ကိုနေး) ဟု ခေါ်သည့် ဆန္ဒပြသူများသည် တောင်အမေရိကဒေသ အီကွေဒေါနိုင်ငံရှိ အများဆုံး ဌာနေတိုင်းရင်းသား အဖွဲ့အစည်းဖြစ်ပြီး အစိုးရထံမှ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ရပိုင်ခွင့်များကို ဆက်တိုက် တောင်းဆိုလျက်ရှိသည်။ အဆိုပါဆန္ဒပြမှုများအနက် ငါးဦးသေဆုံးခဲ့ပြီး ဆယ်ဂဏန်းနှင့်ချီသော ထိခိုက်ဒဏ်ရာ ရရှိသူများလည်းရှိကြောင်း သိရသည်။

 

ဆင်ဟွာ