ဆင်ပေါင်ဝဲမြို့နယ်၌ ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ပြီးသူ  ၃၄၇၀ ဦးရှိပြီဖြစ်

ဆင်ပေါင်ဝဲ        စက်တင်ဘာ ၅

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို စက်တင်ဘာ ၄ ရက် နံနက် ၉ နာရီက ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်ကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  ဆင်ပေါင်ဝဲမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံပေးခြင်းကို သတ်မှတ်နေရာများထဲမှ ဆင်ပေါင်ဝဲမြို့ ကိုးပင်ကျေးရွာ အထကကျောင်းတွင် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာစာရေးဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက ကာကွယ်ဆေးထိုးနှံမှုကို ကူညီဆောင်ရွက်ပေးကာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့များက ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

 

ကာကွယ်ဆေးထိုးနှံပေးရာတွင် သြဂုတ်လပထမအပတ်က ပထမအကြိမ်ကာကွယ်ဆေးနှံမှု ခံယူခဲ့သည့် ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ ပရဟိတအဖွဲ့များ၊ ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး၊ ဆင်ပေါင်ဝဲမြို့နယ်၌ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ပြီးသူ ၄၇၀၀ ဦးအား ကိုဗစ်-၁၉ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ဆင်ပေါင်ဝဲမြို့နယ်၌ စက်တင်ဘာလ ၄ ရက်အထိ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံမှုခံယူခဲ့ပြီးသူ ၃၄၇၀ ရှိပြီး၊ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိနေသူများအား သတ်မှတ်နေရာများတွင် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံမှ သိရသည်။

ချိုချိုဝင်း(ဆင်ပေါင်ဝဲ)