ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် ကလေးအလုပ်သမား ပပျောက်ရေး

mdn

 နေပြည်တော် ၁၅ ဖေဖော်ဝါရီ

 

မြန်မာနိုင်ငံတွင် အသက် ၅ နှစ်မှ ၁၇ နှစ်အတွင်းအရွယ် ကလေးဦးရေ ၁၂ သန်းကျော်ရှိနေပြီး ယင်းဦးရေ၏ ၁၀ ရာခိုင်နှုန်းမှာ ကလေးအလုပ် သမားများဖြစ်ကြကြောင်း၊ ကလေးအလုပ်သမား ဦးရေ၏ ထက်ဝက်ခန့်မှာလည်း အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင် နေကြကြောင်း မှတ်သားရဖူးသည်။

 

အန္တရာယ်ရှိသော လုပ်ငန်းခွင်အခြေအနေများကို လေ့လာကြည့်ပါက ဖုန်၊ အခိုးအငွေ့များ ထူထပ်ခြင်း၊ မီးတောက်မီးလျှံများ နှင့် ဓာတ်ငွေ့အန္တရာယ်များ ရှိခြင်း၊ ကျယ်လောင်ဆူညံသံနှင့် တုန်ခါမှု၊ အပူလွန်၊ အအေးအလွန် ပြင်းထန်သည့် အခြေအနေများ၊ အန္တရာယ်ရှိသော စက်ပစ္စည်း ကိရိယာများ၊ မြေအောက်၊ အမြင့်တက်၊ ရေထဲ၊ ပင်လယ်၊ မြစ်ချောင်း တို့တွင် လုပ်ကိုင်ရခြင်း၊ အလုပ်လုပ်ရသည့် နေရာသည် အလွန်မှောင်ခြင်း၊  အချုပ်အချယ်နှင့်ထားခြင်း၊ လေဝင်လေထွက် မလုံလောက်ခြင်း၊ ဓာတုပစ္စည်းများနှင့် ပေါက်ကွဲတတ်သောပစ္စည်းများ၏ အန္တရာယ်ရှိခြင်း၊ အလေးအပင်များ သယ်ဆောင်ရခြင်း စသည့် အခြေအနေများတွင် ကလေးငယ်များ အလုပ်လုပ်ကိုင်နေရခြင်းတို့မှာ အန္တရာယ်ရှိသော လုပ်ငန်းခွင်များဖြစ်ပြီး မြန်မာနိုင်ငံရှိ ကလေးခြောက်သိန်းခန့်တို့မှာ  ယင်းကဲ့သို့သော အခြေအနေများ၌ လုပ်ကိုင်နေကြရသည်ဟု စစ်တမ်းများတွင် တွေ့ရသည်။

 

လယ်ယာ၊ သစ်တောနှင့် ငါးလုပ်ငန်း၊ သတ္တုတူးဖော်ရေးနှင့် ကျောက်မိုင်းလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများသည် ကလေးအလုပ်သမားများကို အန္တရာယ်ဖြစ်စေသည့် အဓိကလုပ်ငန်းကဏ္ဍများဖြစ်ပြီး အလုပ်လုပ်သော ကလေးများ၏ ၃ ဒသမ ၅ ရာခိုင်နှုန်းတို့မှာ လုပ်ငန်းခွင်အတွင်း အတောမသတ် အော်ဟစ်၊ ဆဲဆိုခံနေကြရကြောင်းဖြင့်လည်း ၂၀၁၅ ခုနှစ်အတွင်းက ထုတ်ပြန်ခဲ့သည့် စစ်တမ်း၌ တွေ့ရသည်။

 

အရွယ်မတိုင်မီ ကလေးများ ဝင်ငွေရှာဖွေကြရပြီး လုပ်ငန်းခွင်အတွင်း ဝင်ရောက်လာကြရခြင်းမှာ ဆင်းရဲမွဲတေခြင်းက အဓိကဖြစ်သည်။ ထို့အပြင် မိသားစု အခြေအနေအရဖြစ်စေ၊ ဉာဏ်ရည်အရ ဖြစ်စေ ပညာကိုသင်ကြားနိုင်စွမ်း မရှိခြင်းကြောင့်လည်း ဝင်ငွေရနိုင်မည့် အလုပ်အကိုင်များကို ဝင်ရောက် လုပ်ကိုင်ကြရသည်။ ကျောင်းပညာ သို့မဟုတ် သက်မွေးဝမ်းကျောင်းပညာ တစ်ခုခုကို သင်ကြားနေရမည့် အသက် အရွယ်တွင် မိသားစုဝင်ငွေကို တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းရှာဖွေပေး နေကြရသည့် ကလေးများကို ဥပဒေဖြင့် တားမြစ်သည့် နည်းလမ်းမျိုးမှာ အခြေအနေနှင့် မကိုက်ညီ၊ နည်းလမ်းလည်းကျမည် မဟုတ်သည့် အပြင် အောင်မြင်မှုလည်း ရနိုင်မည်မဟုတ်သည့်အတွက် အခြားနည်းလမ်းများကို ရှာဖွေရန် လိုအပ်လာသည်။ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေး လုပ်ငန်းစီမံချက်အရ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်း ဆောင်ရွက်ချက်တစ်ခုဖြစ်သော “စားသောက် ဖွယ်ရာ ချက်ပြုတ်စီမံမှုသင်တန်းများ” မှာ ဝင်ငွေနည်း ဆင်းရဲသည့် မိသားစုများအတွက် အခွင့်အလမ်းသစ်များ ဖော်ဆောင်ပေးနိုင်သည့် သင်တန်းများပင် ဖြစ်သည်။

 

ဇန်နဝါရီ ၆ ရက်က ကျင်းပခဲ့သည့် သင်တန်းအပတ်စဉ် (၁) တွင် တရုတ်အခြေခံ အစားအစာ ခေါက်ဆွဲကြော်၊ ကြာဆံကြော်၊ ကုန်းဘောင်ကြီးကြော်၊ ချိုချဉ်ကြော်၊ အစိမ်းကြော်၊ ထမင်းပေါင်း၊ ၁၂ မျိုးဟင်းချို ချက်ပြုတ်နည်းများကို လည်းကောင်း၊ ဇန်နဝါရီ ၂၃ ရက်က ကျင်းပခဲ့သည့် သင်တန်းအပတ်စဉ် (၂)တွင် ဥရောပ အစားအစာပုံစံ ကြက်ကြော်၊ ကြက်ပေါင်အစာသွပ်ကြော်၊ ထိုင်းအစားအစာ ကွေ့တီယို ဖတ်စဗျူး၊ ကွေ့တီယိုလတ်န၊ ကွေ့တီယိုဖတ်ထိုင်း၊ တုံယမ်းဟင်းချို၊ ခေါက်ဆွဲကြော် နှင့် အခြေခံမီးဖိုချောင် စီမံခန့်ခွဲမှုတို့ကိုလည်းကောင်း နိုင်ငံတကာ အဆင့်မီ ဟိုတယ်ကြီးများမှ အတွေ့အကြုံရှိ ဆရာများက သင်ကြားပို့ချ ပေးခဲ့ကြပြီး စက်ရုံ၊ အလုပ်ရုံများ၊ ကျေးလက်ဒေသများမှ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

 

စားသောက်ဖွယ်ရာ ချက်ပြုတ်စီမံမှု သင်တန်းများ၏ ရည်ရွယ်ချက်များအနက် ဝင်ငွေနည်းမိသားစုတစ်ခုတွင် မိခင်ဖြစ်သူ ဦးဆောင်ကာ မိသားစုဝင်များ၏ ဝိုင်းဝန်းပါဝင်ပြီး အရင်းအနှီးငွေနည်းပါးစွာဖြင့် စားသောက်ဖွယ်ရာများ ဖန်တီးရောင်းချနိုင်မည့် လက်တွေ့ကျသော အချက်လည်း ပါဝင်သည်။ ဤနည်းလမ်းဖြင့် ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးကို အထောက်အကူပြုနိုင်မည်လည်း ဖြစ်သည်။ ကလေးအလုပ်သမား ပပျောက်ရေး၏ ရေသောက်မြစ်သည် ဆင်းရဲ မွဲတေမှု လျှော့ချရေးပင်ဖြစ်သည့်အလျောက် မိဘများကို စည်းရုံးခြင်း၊ ပညာပေးခြင်း၊ စွမ်းရည်မြှင့်တင်ခြင်း၊ လူထုသိမြင်ပါဝင်မှု ကျယ်ဝန်းလာစေခြင်းတို့ အရှိန်အဟုန်မြင့် အားကောင်းလာသည်နှင့်အမျှ ဆင်းရဲမှုလည်း လျော့ကျ၊ ကလေးအလုပ်သမားလည်း ပပျောက် သွားနိုင်မည် ဖြစ်ပါကြောင်း။ ။

 

မြန်မာ့အလင်း