ဆင်သေ - ပင်လောင်း ရထားလမ်း ဖောက်လုပ်ရာတွင် နစ်နာသော တောင်သူများအတွက် လျော်ကြေးငွေ ရရှိရေး အစွမ်းကုန် ကြိုးစားဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်ပြောကြား

နေပြည်တော် ၁၆ မေ

 

နေပြည်တော်  ဆင်သေ-ပင်လောင်း ရထားလမ်းဖောက်လုပ်ရာတွင် တပ်ကုန်းမြို့ထဲတွင် သိမ်းဆည်းမြေ ၂၃၁ ဒသမ ၇၅ ဧကပါရှိသွားပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လွယ်လွယ်ကူကူ ပေးလိုက်၍ မရပါကြောင်း၊ မည်သူများ၏ မည်သည့်နေရာ ပါသွားသည်ဆိုသည်ကို မြေယာက အဆင့်ဆင့်စိစစ်ရပါကြောင်း၊ လျော်ကြေးငွေ မည်မျှပေးရမည်ဆိုသည်ကိုလည်း သတ်မှတ်ပေးရမည် ဖြစ်ပါကြောင်း၊ သတ်မှတ်ထားသည့်ဧက၊ သတ်မှတ်ထားသည့် သူကို သတ်မှတ်ထားသော လျော်ကြေးနှုန်းထားနှင့် ပေးရမည်ဖြစ်ပါကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောသည်။

 

“တပ်ကုန်းမြို့နယ်အတွင်းရှိ ဆင်သေ - ပင်လောင်း ရထားလမ်း ဖောက်လုပ်ရာတွင် ပါဝင်သွားသော လယ်ယာမြေများအတွက် နစ်နာကြေးနှင့် သီးနှံလျော်ကြေးပေးအပ်ရန် အစီအစဉ်ရှိ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍  တပ်ကုန်း မဲဆန္ဒနယ်မှ ဦးကျော်တင့်၏ မေးမြန်းမှုကို ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

ပြည်ထောင်စုဝန်ကြီးက “၂၃၁ ဒသမ ၇၅ ဧကထဲတွင် ၁၂၀ ဒသမ ဝ၈ ဧကကို ၂၀၁၅ ခုနှစ်တွင် လျော်ကြေးငွေ ၁၈၃ ဒသမ ၄၉၇၈ သန်းကို ပေးလျော်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကျန်နေသည်မှာ ၁၁၄ ဒသမ ၆၇ ဧက ဖြစ်ပါကြောင်း၊ တပ်ကုန်းမြို့နယ်အတွင်းတွင် လျော်ကြေးငွေပေးရန် ကျန်ရှိသည့် တောင်သူ ၁၃၄ ဦး၏ လယ်ဧကမှာ ၅၂ ဒသမ ၉၉ ဖြစ်ပြီး ယာမြေမှာ ၅၈ ဒသမ ၆၈ ဧက ဖြစ်ပါကြောင်း၊ တပ်ကုန်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့မှ စိစစ်ပြီး ဥတ္တရခရိုင်၊ နေပြည်တော်ကောင်စီ အဆင့်ဆင့် တင်ပြသည့်အခါ နေပြည်တော်ကောင်စီ လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့မှ ဗဟိုလယ်ယာ မြေစီမံခန့်ခွဲရေးအဖွဲ့သို့ ဆက်လက် တင်ပြထားကြောင်း တွေ့ရှိရပါကြောင်း၊  ၂၀၁၈ ခုနှစ် ဧပြီ ၂၉ ရက် တင်ပြသည်ကိုလည်း တွေ့ရကြောင်း” ပြောသည်။

 

ထို့အတူ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာ ၆ လ ဘတ်ဂျက်ထဲတွင် မမီတော့ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘတ်ဂျက်ထဲတွင် မပါခဲ့လျှင် ဗဟိုကောင်စီမှ မည်သူ့ကို မည်သည့်နှုန်းဖြင့် မည်သို့ပေးလိုက်သည်ကို ဘတ်ဂျက်ထဲတွင် တောင်းရမည် ဖြစ်ပါကြောင်း၊ အချိန်မမီခဲ့လျှင်  ဖြည့်စွက်တွင် ဆက်လက်တောင်းခံရမည် ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် နစ်နာသော တောင်သူများအတွက် လျော်ကြေးငွေရရှိရေးကို အစွမ်းကုန်ကြိုးစား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် လုပ်ထုံးလုပ်နည်း လုပ်ငန်းစဉ်များအတိုင်း စနစ်တကျ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

MDN