ဆန်ချိုအတွက် ကစားသမားငါးဦးအထိ ထုတ်ရောင်းဖွယ်ရှိနေတဲ့ မန်ယူ

၂ အောက်တိုဘာ

မန်ယူအသင်းက အသင်းရဲ့ ကာလရှည်ပစ်မှတ်ဖြစ်တဲ့  ဒေါ့မွန်တိုက်စစ်မှူး ဆန်ချိုကို ခေါ်ယူနိုင်ဖို့ ယခုအပြောင်းအရွှေ့ မပိတ်သိမ်းမီ ကစားသမား ငါးဦးအထိ ထုတ်ရောင်းသွားဖွယ်ရှိနေပါတယ်။

မန်ယူဟာ ဆန်ချိုကို ပေါင်သန်း ၇၀ နဲ့ စတင်ကမ်းလှမ်းခဲ့ပေမယ့်  ဒေါ့မွန်က အကြိမ်ကြိမ်ပယ်ချခဲ့တာကြောင့် အခုတော့ ပေါင် ၁၀၈ သန်းအထိစျေးပေးဖို့ စီစဉ်နေတယ်လို့ The Sun က ဆိုပါတယ်။ ဆန်ချိုကို မရရင် ဘာကာတိုက်စစ်မှူး ဒမ်ဘီလီကို အငှားနဲ့ခေါ်ယူဖို့  ကြိုးစားနေပေမယ့် အသင်းရဲ့ ကစားသမား ငါးဦးစလုံးကို အပြီးသတ်ရောင်းချနိုင်မယ်ဆို ဒီငွေနဲ့ ဆန်ချိုကို ခေါ်ယူဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။ 

မန်ယူကရောင်းချဖို့ စီစဉ်နေတဲ့ ကစားသမားတွေက နောက်ခံကစားသမားတွေဖြစ်တဲ့ စမောလင်း၊ ရိုဟို၊ ဖီးလ်ဂျုံးစ်၊ ဂိုးသမား ရိုမဲရိုးနဲ့ ကွင်းလယ်လူ မာတာတို့ဖြစ်တယ်လို့ ဆိုပါတယ်။ စမောလင်းနဲ့ ရိုဟိုတို့ကို ပြီးခဲ့တဲ့ ရာသီကတည်းက အငှားချခဲ့သလို ဖီးလ်ဂျုံးစ်ကလည်း ဒဏ်ရာပြဿနာ မကြာခဏကြုံနေရတာကြောင့် ဒီကစားသမားသုံးယောက်ကို ဖြစ်နိုင်ရင် ယခုပြောင်းအရွှေ့အတွင်းမှာပဲ မန်ယူက သေချာပေါက် ထုတ်ရောင်း နိုင်ဖွယ်ရှိနေပါတယ်။ 

ရိုမဲရိုးကတော့ ရှက်ဖီးယူနိုက်တက်မှာ အငှားချထားတဲ့ ဂိုးသမား ဒီဟက်ဒါဆန်ကို မန်ယူက ပြန်ခေါ်ခဲ့တာကြောင့် အသင်းက ထွက်ခွာရမယ့် အနေအထားရောက်လာတာပါ။ 

စပိန်ကွင်းလယ်လူ မာတာကတော့ ခြေစွမ်းကောင်းတွေ ဆက်လက်ပြသနေပေမယ့် အသက် ၃၂ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့အတွက် ကွင်းလယ်တိုက်စစ်ပိုင်း  ပိုမိုလျင်မြန်လာစေဖို့ သင့်လျော်တဲ့ ကွင်းလယ်ကစားသမား တစ်ယောက်သာရမယ်ဆို မာတာကို ရောင်းချတော့မှာ ဖြစ်ပါတယ်။

ဒီကစားသမား ငါးဦးစလုံးကို ရောင်းချမယ်ဆို ပေါင်သန်း ၈၀ နဲ့ ၉၀ ကြား ရရှိနိုင်ဖွယ်ရှိတာကြောင့် ဆန်ချိုကို ခေါ်ယူဖို့ လုံလောက်တဲ့ငွေကြေးရရှိလာမှာ ဖြစ်ပါတယ်။ 

မန်ယူနည်းပြ ဆိုးရှားကတော့ အပြောင်းအရွှေ့မပိတ်သိမ်းခင်မှာ လိုချင်တဲ့ ကစားသမားတွေရောက်ရှိလာဖို့ မျှော်လင့်ထားပေမယ့် မရခဲ့ရင်လည်း အမှုဆောင်ချုပ် အက်ဝုဝါ့ဒ်ကို အပြစ်တင်မှာမဟုတ်ဘူးလို့ ထုတ်ဖော် ပြောကြားထားပြီး ဖြစ်ပါတယ်။