ဆံတော်ရှင် ကျိုက်ခေါက်စေတီတော် အောင်လံလုပွဲ၊ လင်္ကာဒီပ အောင်လံလုပွဲနှင့် မြန်မာ-ထိုင်း မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပမည်

ရန်ကုန် ၇  ဖေဖော်ဝါရီ 

၂၃၂၁ ကြိမ်မြောက် ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်မြတ် ဗုဒ္ဓပူဇနိယပွဲ အထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာ လက်ဝှေ့အစည်းအရုံးနှင့် ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်မြတ် ဂေါပကအဖွဲ့တို့ ပူးပေါင်းပြီး ဆံတော်ရှင် ကျိုက်ခေါက်စေတီတော် အောင်လံလုပွဲ၊ လင်္ကာဒီပ အောင်လံလုပွဲနှင့် မြန်မာ-ထိုင်း မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကို ဖေဖော်ဝါရီ ၁၇ ရက်မှ ၁၉ ရက်ထိ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ရှိ ကျိုက်ခေါက်စေတီတော် ကြာကန်ဓမ္မာရုံတွင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲ ပထမရက်ဖြစ်သည့် ဖေဖော်ဝါရီ ၁၇ ရက် ည ၆ နာရီတွင် ခုနစ်သိန်းတန် လင်္ကာဒီပ အောင်လံ လုပွဲများအဖြစ် သိန်းစိုး (အဖြူရောင်သွေးသစ်)၊ အံဘွား (ကျားဖြူ)၊ ဇလပ်သွေး (တောင် ဇလပ်)၊ သက်ဦးကျော် (ရွှေချောင်းသာ) တို့ ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။

အလားတူ ၁၀ သိန်းတန် ဆံတော်ရှင် ကျိုက်ခေါက်စေတီတော် အောင်လံလုပွဲအဖြစ် ဟံသာဝတီသား (အဖြူရောင်သွေးသစ်)၊ ကိုကိုအောင် (တောင်ဇလပ်)၊ သားဒိန်း (ဖိုးရာဇာ)၊ တောက်ရှားအောင် (AMT2) တို့ ယှဉ်ပြိုင် ထိုးသတ်သွားမည်ဖြစ်သည်။ ပြိုင်ပွဲဒုတိယနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁၈ ရက် ည ၆ နာရီတွင် လင်္ကာဒီပ အောင်လံဗိုလ်လုပွဲနှင့်အတူ မြန်မာ-ထိုင်း မြန်မာ့ရိုးရာ စိန်ခေါ်ပွဲအဖြစ် အောက်ချင်းလေး (မြန်မာ) နှင့် ခေါင်ဝမ် (ထိုင်း) တို့ ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲ နောက်ဆုံးရက်ဖြစ်သည့် ဖေဖော်ဝါရီ ၁၉ ရက် ည ၆ နာရီတွင် ပြိုင်ပွဲ၏ အဓိကတွဲဆိုင်းအဖြစ် သပြေညို (မြန်မာ) နှင့် ဝမ်ချနာ (ထိုင်း) တို့ပွဲစဉ်အပြင် ပြည်တွင်းတွဲဆိုင်းအဖြစ် ရဲသွေးအောင် (အဖြူရောင်သွေးသစ်) နှင့် ဆူးမိုက် (ခြင်္သေ့မင်း) တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ အဆိုပါပွဲစဉ်များအပြင် ကလပ်အသင်းအသီးသီးမှ မျိုးဆက်သစ် အထူးသုံးချီနှင့် လေးချီ စိန်ခေါ်ပွဲစဉ်များ ပါဝင်မည်ဖြစ်သည်။

ဆံတော်ရှင် ကျိုက်ခေါက်စေတီတော် အောင်လံလုပွဲ၊ လင်္ကာဒီပ အောင်လံလုပွဲနှင့် မြန်မာ-ထိုင်း မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ရုံဝင်ကြေးများအဖြစ် ငွေကျပ် ၄၀ဝ၀၊ ၅၀ဝ၀ နှင့် ၁၀ဝ၀ဝ သတ်မှတ်ထားကြောင်း သိရသည်။

ဥက္ကာ
Source မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်