ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓဘိသေက အနေကဇာတင်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲမင်္ဂလာအခမ်း အနားကျင်းပ

ကျိုက်ထို အောက်တိုဘာ ၉

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ တည်ရှိသည့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓဘိသေက အနေကဇာတင်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ မင်္ဂလာအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ ‌အောက်တိုဘာ ၉ ရက် နံနက် ၅ နာရီခွဲက ဆံတော်ရှင် ကျိုက်ထီးရိုး ရင်ပြင်တော်၌ ကျင်းပသည်။

ဦးစွာ ကျိုက်ထီးရိုးရင်ပြင်တော်ရှိ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံး၌ ကျိုက်ထီးရိုးစေတီ‌တော် ဩဝါဒစရိယဆရာတော် နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် ဥူးအာစရ (ဘေးမဲ့မဟာ မရမ်းချိုကျောင်းတိုက်ဆရာတော်) အမှူးပြုသော ဩဝါဒ စရိယဆရာတော် (၁၁)ပါးတို့အား မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဦးမြတ်သွင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မွန်ပြည်နယ် သာသနာရေးမှူး ဦးအောင်ဝင်းထွန်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များမှ အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပြီး အခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ဩဝါဒစရိယ ဆရာတော် (၁၁)ပါးမှ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေက အနေကဇာတင်လှူပူဇော်ပြီး စေတီတော်မြတ်အား ဆရာတော်ကြီးများနှင့် မွန်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူများက အမွှေးနံ့သာရည်များ ဖက်ဖျန်း၍ ‌ပူဇော်ခဲ့ကြသည်။

ယင်းနောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲမင်္ဂလာကို နမောတဿသုံးကြိမ်ရွတ်ဆို ပူဇော်ဖွင့်လှစ်ပြီး အဘယသုတကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တ သာသနထံမှ (၉)ပါးသီလ ခံယူဆောက်တည်ကာ ဆရာတော်ကြီးများက  မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈယ်ချီးမြှင့်ပေးသည်။ ဆက်လက်၍ မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဦးမြတ်သွင်မှ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဩဝါဒစရိယ ဆရာတော်ကြီးများထံ မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင်များ ကျိုက်ထီးရိုးဘဏ္ဍာတော်ထိန်း‌ ဂေါပက အဖွဲ့ဝင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ အဂ္ဂမဟာ သဒ္ဒမ္မ ဇောတိကဓဇ  (နိုင်ငံတော်သံဃမဟာနာယက အဖွဲ့) အဖွဲ့ဝင်ထံမှ အနုမောဒနာတရား နာယူကြည်ညို၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆို ဆုတောင်းပြီး  ဗုဒ္ဓပူဇနိယပွဲတော် မင်္ဂလာအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ထို့နောက် မွန်ပြည်နယ် လူမှု‌ရေးဝန်ကြီး ဦးမြတ်သွင်၊ မွန်ပြည်နယ် ဥပဒေချုပ် ဦးအောင်ဝင်းထွန်း၊ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ခေါင်းဆောင် ဦးစိုးလှတို့မှ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီရင်ပြင်တော်၌ ဗုဒ္ဓပူဇနိယပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပရာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဘုရားဖူးပြည်သူများက ဆွမ်းဆန်စိမ်းနှင့်အတူ လှူဖွယ်ဝတ္ထုများအား လောင်းလှူခဲ့ကြကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)