ဆရာအတတ်ပညာ သင်ရိုးညွှန်းတမ်းပြောင်းလဲခြင်း အထောက်အကူပြုမည့် ဘက်စုံလွှမ်းခြုံသော ဆရာများနှင့် ဆိုင်သော မူဝါဒရေးဆွဲရေး ဆွေးနွေးပွဲကျင်းပ

ရန်ကုန် ၃၀ အောက်တိုဘာ

ဆရာအတတ်ပညာ သင်ရိုးညွှန်းတမ်းပြောင်းလဲခြင်း အထောက်အကူပြုမည့် ဘက်စုံလွှမ်းခြုံသော ဆရာများနှင့်ဆိုင်သော မူဝါဒရေးဆွဲရေး ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် ပင်လုံဆောင်ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကားပြောကြားရာတွင် Sustainable Development Goad 4 ကို ရရှိရန် ဆရာများသည် အဓိကကျကြောင်းနှင့် ပညာရေးပြုပြင် ပြောင်းလဲမှုများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရာတွင် ဆရာအတတ်ပညာကဏ္ဍကို ပိုမိုဦးစားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဆရာအရည်အသွေးမြှင့်တင်ရန် မူဘောင်တစ်ခုချမှတ်၍ တိကျသောမူဝါဒများ၊ စီမံကိန်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် စနစ်တို့ကို တိကျစွာ သတ်မှတ်ထားရန် လိုအပ်ပါကြောင်း၊ ဆရာများ မွေးထုတ်ခြင်း၊ လေ့ကျင့်ခြင်း၊ ခန့်ထားခြင်း၊ ဆရာများ လုပ်ငန်းခွင်တွင် ဆက်လက်တည်တံ့စေခြင်း စသည်တို့နှင့်ပတ်သက်၍ တိကျသောလမ်းညွှန်ချက်များစသည့် ဘက်စုံလွှမ်းခြုံသော ဆရာများနှင့်ဆိုင်သော မူဝါဒသည် အရေးကြီးပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၁) တွင် ဖော်ပြထားသည့်အတိုင်း လက်ရှိပညာရေးကောလိပ်များကို ၄ နှစ်သင် ပညာရေး ဒီဂရီကောလိပ်များအဖြစ် တိုးမြှင့်ဆောင်ရွက်ရန် စီစဉ်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းမှာ မူလတန်းဆရာများ၏ အရည်အသွေးကို တိုးမြှင့်ရန်ဖြစ်ကြောင်း၊ ဆရာအတတ်ပညာကဏ္ဍတွင် ဆရာများနှင့်ဆိုင်သော မူဝါဒတစ်ရပ်ချမှတ်ရန် လိုအပ်ကြောင်းနှင့် ဆရာအတတ်ပညာစီမံခန့်ခွဲမှုနှင့် အရည်အသွေး အာမခံမှုရှိရေးကို လိုအပ်သော ပူးပေါင်းဖြည့်ဆည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အမျိုးသားပညာရေးမူဝဒါကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးညီလှငယ်၊ UNESCO Myanmar မှ Dr. Dagny တို့က အမှာစကားပြောကြားသည်။

ယင်းနောက် Ms. Diane က Components of a comprehensive teacher policy and how to develop it ခေါင်းစဉ်ဖြင့် ပြောကြားရာ တက်ရောက်လာ ကြသူများက ဆွေးနွေးခဲ့ကြပြီး Teacher Policy နှင့်ဆိုင်သော အကြောင်းအရာများနှင့် ပတ်သက်၍ ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်မှ ကိုယ်စားလှယ်၊ ဆရာအတတ်ပညာ စံအညွှန်းဘောင်ရေးဆွဲရေးလုပ်ငန်း အဖွဲ့ဥက္ကဋ္ဌ၊ အဆင့်မြင့်ပညာဦးစီးဌာနနှင့် ပညာရေးကောလိပ်များမှ ကိုယ်စားလှယ်များက ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက မေးမြန်းအကြံပြုခဲ့ကြသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ယနေ့ကျင်းပသည့် ဆွေးနွေးပွဲသည် ဘက်စုံလွှမ်းခြုံနိုင်သော ဆရာများနှင့် ဆိုင်သော မူဝါဒတွင် ပါဝင်ရမည့် အရေးကြီးသော အခန်းကဏ္ဍများကို စဉ်းစားရန်နှင့် ဆရာ၊ဆရာမများနှင့်ဆိုင်သော မူဝါဒ၏အရေးပါမှုကို နားလည်သိရှိလာစေရန်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

mdn