ဆူဇူကီးဖလားပြိုင်ပွဲ  အုပ်စုနောက်ဆုံးနေ့တွင်  ဆီမီးဖိုင်နယ် တက်ရောက်မည့်  နှစ်သင်း ထပ်မံ ထွက်ပေါ်မည်

ရန်ကုန်   ဒီဇင်ဘာ   ၁၇

စင်ကာပူနိုင်ငံ၌ ပြုလုပ်နေသည့် ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲများကို ဒီဇင်ဘာ ၁၈၊ ၁၉ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်တက်ရောက်မည့် နှစ်သင်း ထပ်မံထွက်ပေါ်မည်ဖြစ်သည်။

အုပ်စုစတုတ္ထနေ့ပွဲစဉ်များအပြီးတွင် ဆီမီးဖိုင်နယ်တက်ရောက်သည့်နှစ်သင်းသာ ထွက်ပေါ်သေးပြီး ကျန်နှစ်သင်းမှာ နောက်ဆုံးပွဲပြီးမှ ထွက်ပေါ်မည်ဖြစ်သည်။ အုပ်စု (က) တွင် ထိုင်းနှင့် စင်ကာပူ အသင်းတို့ ဆီမီးဖိုင်နယ်တက်ရောက်ထားပြီဖြစ်ပြီး အုပ်စု (ခ) တွင် နှစ်သင်း ထပ်မံထွက်ပေါ်မည် ဖြစ်သည်။ အုပ်စု (ခ)တွင် ဆီမီးဖိုင်နယ် တက်ရောက်ခွင့်အတွက် သုံးသင်းအပြိုင်ဖြစ်နေပြီး လက်ရှိ ချန်ပီယံ ဗီယက်နမ်အသင်းက သေချာသလောက်ရှိနေကာ ကျန်တစ်နေရာအတွက် မလေးရှားနှင့် အင်ဒိုနီးရှားအသင်း အပြိုင်လုရမည်ဖြစ်သည်။

အုပ်စု (က) တွင် ထိုင်းနှင့် စင်ကာပူအသင်းက ကိုးမှတ်စီရရှိကာ ဆီမီး ဖိုင်နယ်သို့ တက်ရောက်ထားပြီး သုံးမှတ်စီရထားသည့် မြန်မာနှင့် ဖိလစ်ပိုင်၊ လေးပွဲစလုံးရှုံးနိမ့်ခဲ့သည့် တီမောအသင်းတို့မှာ အုပ်စု အဆင့်မှ ထွက်ရပြီဖြစ်သည်။ ထို့ကြောင့် အုပ်စု (က) နောက်ဆုံးပွဲတွင် ထိုင်းနှင့် စင်ကာပူ အသင်းတို့က အုပ်စုပထမနေရအတွက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မြန်မာနှင့် ဖိလစ်ပိုင်အသင်းမှာမူ ဂုဏ်သိက္ခာအတွက်သာ ကစားရမည်ဖြစ်သည်။ အုပ်စု (ခ)တွင်မူ အင်ဒိုနီးရှားနှင့် ဗီယက်နမ်အသင်းတို့က ခုနစ်မှတ်စီ၊ မလေးရှား အသင်းတို့က ခြောက်မှတ်စီရကာ ဆီမီးဖိုင်နယ်တက်ရေး အပြိုင်ဖြစ်နေကာ သုံးမှတ်ရထားသည့် ကမ္ဘောဒီးယားနှင့် လေးပွဲစလုံး ရှုံးခဲ့သည့် လာအိုအသင်းတို့မှာ အုပ်စုမှထွက်ရပြီဖြစ်သည်။ လက်ရှိ ချန်ပီယံ ဗီယက်နမ်အသင်းသည် ကမ္ဘောဒီးယားနှင့် နောက်ဆုံးပွဲကစားရမည်ဖြစ်သောကြောင့် ဆီမီးဖိုင်နယ်တက်ရောက်ရန် သေချာသလောက်ရှိနေပြီး မလေးရှားနှင့် အင်ဒိုနီးရှားပွဲမှာ ရေကုန်ရေခန်း ကစားရမည်ဖြစ်သည်။ အင်ဒိုနီးရှားအသင်းသည် တစ်မှတ်အသာရထားသဖြင့် မလေးရှားကို သရေကစားရုံဖြင့် ဆီမီးဖိုင်နယ် တက်ရောက်နိုင်မည်ဖြစ်သည်။

အုပ်စုနောက်ဆုံးပွဲစဉ်များကို ည ၇ နာရီတွင် တစ်ချိန်တည်း ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၈ ရက်တွင် ဘစ်ရှန်ကွင်း၌ မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်း၊ အမျိုးသားအားကစားကွင်း၌ အိမ်ရှင် စင်ကာပူအသင်းနှင့် ထိုင်းအသင်း၊ ဒီဇင်ဘာ ၁၉ ရက်တွင် ဘစ်ရှန်ကွင်း၌ ဗီယက်နမ်အသင်းနှင့် ကမ္ဘောဒီးယားအသင်း၊ အမျိုးသားအားကစားကွင်း၌ မလေးရှားအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ရဲရင့်လွင်