ဆူဇူကီးပြိုင်ပွဲကျင်းပမည့်  စင်ကာပူနိုင်ငံသို့  မြန်မာ့လက်ရွေးစင်အသင်း  ငါးရက်ကြိုတင် သွားရောက်မည်

ရန်ကုန်   နိုဝင်ဘာ   ၂၃

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ ကျင်းပမည့် စင်ကာပူနိုင်ငံသို့ ငါးရက်ကြိုတင် သွားရောက်မည်ဖြစ်သည်။

နိုဝင်ဘာ ၃၀ ရက်တွင် ရောက်ရှိမည်

မြန်မာ့လက်ရွေးစင်အသင်းသည် လက်ရှိတွင် တူရကီနိုင်ငံ၌ လေ့ကျင့်မှုပြုလုပ်နေပြီး နိုဝင်ဘာ ၃၀ ရက်တွင် စင်ကာပူနိုင်ငံသို့ ရောက်ရှိမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် အုပ်စု ပထမပွဲကို ဒီဇင်ဘာ ၅ ရက်တွင် ကစားရမည်ဖြစ်ကာ ယင်းပွဲမတိုင်မီ ငါးရက် ကြိုတင်သွားရောက်ခြင်းဖြစ်ပြီး ဒီဇင်ဘာ  ၁ ရက်တွင် စင်ကာပူနိုင်ငံ၌ လေ့ကျင့်မှု စတင်ပြုလုပ်ဖွယ်ရှိနေသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် တူရကီနိုင်ငံတွင် ခြေစမ်းပွဲများကစားနေပြီး လက်ရှိအချိန်ထိ သုံးပွဲကစားထားပြီးဖြစ်ကာ နှစ်ပွဲနိုင် တစ်ပွဲရှုံးနိမ့်ထားသည်။ မြန်မာ့ လက်ရွေးစင်အသင်းသည် နိုဝင်ဘာ ၂၅ ရက်တွင် အင်ဒိုနီးရှားလက်ရွေးစင်အသင်း နှင့် ထပ်မံခြေစမ်းမည်ဖြစ်သည်။

မြန်မာအသင်းသည် ဆူဇူကီးဖလားပြိုင်ပွဲတွင် ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တီမောအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စုပထမပွဲအဖြစ် ဒီဇင်ဘာ ၅ ရက်တွင် အိမ်ရှင် စင်ကာပူ အသင်းနှင့် စတင်ကစားရမည်ဖြစ်သည်။

သတင်း-ကိုညီလေး၊ ဓာတ်ပုံ-MFF