ဆယ်စုနှစ်များအတွင်း အင်အားအပြင်းထန်ဆုံး မုန်တိုင်းတစ်ခု ဂျပန်အနောက်ပိုင်းသို့ မကြာမီဝင်ရောက်မည်

တိုကျို     စက်တင်ဘာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းရှိ ပြည်သူများအနေဖြင့် အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ဟိုင်ရန်နှင့် ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားကြရန်နှင့် အဆိုပါ မုန်တိုင်းသည် ဆယ်စုနှစ်များအတွင်း ဂျပန်နိုင်ငံကို ဝင်ရောက် တိုက်ခတ်နိုင်သည့် အင်အားအပြင်းထန်ဆုံး မုန်တိုင်းတစ်ခုဖြစ်လာနိုင်ကြောင်း အာဏာပိုင်များက စက်တင်ဘာ ၄ ရက်က ပြောကြားလိုက်သည်။

ဟိုင်ရှန်သည် စက်တင်ဘာ ၆ ရက် သို့မဟုတ် ၇ ရက်တွင် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းကို အင်အား အပြင်းထန်ဆုံးဖြင့် ဝင်ရောက်လာနိုင်ကြောင်းနှင့်မိုးလေဝသအရာရှိများက ပြည်သူများအား သတိအကြီးဆုံးဖြင့် အကောင်းဆုံး ပြင်ဆင်ထားကြရန် တိုက်တွန်းပြောကြားလိုက်သည်။

ဂျပန် မိုးလေ၀သအေဂျင်စီမှ အရာရှိတစ်ဦးဖြစ်သူ နာဂါမိုတို ယိုရှီဟီဆာက မိမိတို့အနေဖြင့် မုန်တိုင်း ဝင်ရောက်လာနိုင်သည့် နေရာများရှိ ပြည်သူများကို နိုးနိုးကြားကြား သတိဖြင့် နေထိုင်ကြရန် တိုက်တွန်းထားကြောင်း၊ အဆိုပါ မုန်တိုင်းကြောင့် မိုးရေချိန်စံချိန်တင် ရွာသွန်းနိုင်ကြောင်း၊ လေပြင်းများ တိုက်ခတ်နိုင်ကြောင်းနှင့် လှိုင်းကြီး နိုင်ကြောင်း သတိပေးထားသည်။

မုန်တိုင်း တိုက်ခတ်နိုင်သော နေရာများရှိ ပြည်သူများအနေဖြင့် ကြီးမားသော အပျက်အစီးများအတွက် ကြိုတင်ပြင်ဆင်ထားကြရန် နာဂါမိုတိုက တိုက်တွန်းပြောကြားထားသည်။

ထို့အတူ ဂျပန်ဝန်ကြီးချုပ်ရှင်ဇို အာဘေးက ၎င်း၏ အစိုးရအဖွဲ့နှင့် စက်တင်ဘာ ၄ ရက်က တွေ့ဆုံခဲ့ပြီး အရေးပေါ်အစီအစဉ်များ စီစဉ်ရန် ဆွေးနွေးခဲ့သည်။ အာဘေးက မလိုအပ်ဘဲ အပြင်မထွက်ရန်နှင့် အာဏာပိုင်များက ထုတ်ပြန်သော ရွှေ့ပြောင်းရေးဆိုင်ရာ သတင်းအချက်အလက်များကို အခြေခံ၍ စောစောကာကွယ်မှု ပြုကြရန် တိုက်တွန်းထားသည်။

ဂျပန်နိုင်ငံအနောက်တောင်ပိုင်းတွင် အရေးပေါ်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်းနှင့် ကူမာမိုတိုခရိုင်ရှိ လယ်သမားများသည် ၎င်းတို့၏ ကောက်ပဲသီးနှံများကို ရိတ်သိမ်းလျက်ရှိသည်။ အဆိုပါ ခရိုင်သည် ဇူလိုင်လ က မိုးအကြီးအကျယ် ရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးမှု အကြီးအကျယ် ဖြစ်ပွားခဲ့သည်။

မုန်တိုင်းကြောင့် ရေကြီးမည့် အခြေအနေကို ကြိုတင်ကာကွယ်သည့်အနေဖြင့် အရာရှိများက ဂျပန် နိုင်ငံအနောက်ပိုင်းရှိ ရေသိုလှောင် ဆည်ပေါင်း ၂၀ ကျော်မှ ရေများကို လွှတ်ထုတ်ခဲ့ကြောင်း သိရသည်။ တိုင်ဖွန်းသည် အိုကီနာဝါကို ပထမဆုံးအကြိမ် ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းထားသည်။ အဆိုပါ ခရိုင်ရှိ ဒေသခံများကလည်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသောကြောင့် အလုပ်များလျက်ရှိသည်။

အင်န်အိတ်ချ်ကေ