ဆယ့်လေးနှစ်တာ အငွေ့အသက်တွေကို ပထမဆုံး တစ်ကိုယ်တော်ခွေမှာ တွေ့မြင်ရမယ်ဆိုတဲ့ ရေဗက္ကဝင်း

၂၀ ဖေဖော်ဝါရီ

 

အတွဲခွေပေါင်းများစွာ ထွက်ရှိခဲ့ပြီဖြစ်သော်လည်း တစ်ကိုယ်တော်ခွေအနေဖြင့် ဂီတသက်တမ်း ဆယ့်လေးနှစ် နီးပါးကြာမှ ထွက်ရှိခဲ့သည့် တေးသံရှင် ရေဗက္ကဝင်းက ပထမဆုံးတစ်ကိုယ်တော်ခွေတွင် သူဖြတ်သန်းခဲ့သည့် ဆယ့်လေးနှစ်တာ အငွေ့အသက်များကို ခံစားရမည်ဖြစ်ကြောင်း ပြောသည်။ ''ရေဗက္ကရဲ့ တစ်ကိုယ်တော် ခွေလေးကို ကချင်နာမည် 'မက' (Maka) လို့ ပေးထားဖြစ်တဲ့ အဓိပ္ပာယ်က အလွန်ကို လေးနက်ပါတယ်၊ အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုလို့ရတယ်၊ အဓိပ္ပာယ်ကတော့ ရေဗက္ကဝင်းရဲ့ ပုံရိပ်၊ ရေဗက္ကဝင်းရဲ့ အရောင်အဆင်း၊ ရေဗက္ကဝင်းရဲ့ ပုံသဏ္ဌာန်၊ အငွေ့အသက် သဘောမျိုးလေးနဲ့ ပေးထားတာပါ၊ ရေဗက္က ဂီတသက်တမ်း ဆယ့်လေးနှစ်ရှိပါပြီ၊ တစ်ခါမှ တစ်ကိုယ်တော်ခွေ မထွက်ဖူးပါဘူး၊ အတွဲခွေထဲမှာပဲ ပါဝင်ခဲ့တယ်၊ အဲဒါကြောင့် ပထမဆုံးတစ်ကိုယ်တော်အယ်လ်ဘမ်အနေနဲ့ ကိုယ့်လူမျိုးရဲ့ ဂီတ၊ စာပေ၊ ယဉ်ကျေးမှုပုံစံ အရာအားလုံးကို ကျန်တဲ့တိုင်းရင်းသားတွေ အားလုံးနဲ့ မျှဝေခံစား ချင်တာကြောင့် လုပ်ဖြစ်ခဲ့တာပါ၊ ရေဗက္က ဖြတ်သန်းခဲ့တဲ့ ဆယ့်လေးနှစ်တာ အငွေ့အသက်တွေ ဒီအခွေထဲမှာ တွေ့မြင်ရ မှာပါ''ဟု ၎င်းက ဆိုသည်။

 

အနေဖြင့် အဆိုပါ အယ်လ်ဘမ်ကို အကျိုးအမြတ်အတွက် ရည်ရွယ်ထုတ်လုပ်ခဲ့ခြင်းမျိုးမဟုတ်ဘဲ ပရိသတ်ဆီမှ ချစ်ခြင်း မေတ္တာ ရရှိရန်သာ မျှော်လင့်မိကြောင်း တေးသံရှင် ရေဗက္ကဝင်းက ထပ်မံပြောဆိုသည်။ ''ရေဗက္က ဒီအခွေလေးကို အကျိုးအမြတ်အတွက် လုပ်ခဲ့တာမဟုတ်ပါဘူး၊ ရေဗက္က ဖြစ်ချင်တဲ့ ဆန္ဒလေး တစ်ခုကို အကောင်အထည်ဖော်ပြီး ပရိသတ်ကို ပေးဆပ်ချင်တဲ့ စိတ်နဲ့ လုပ်ထားတာဖြစ်တဲ့အတွက် ပရိသတ်ဆီက ပြန်လိုချင်တဲ့ အရာကတော့ ချစ်ခင်အားပေးမှုနဲ့ အသိအမှတ်ပြုမှုပါပဲ'' ဟု ပြောသည်။ ကချင်ဘာသာစကားဖြင့် သီဆိုထားသည့် ''မက'' အယ်လ်ဘမ်တွင် ကချင်တေးရေး ဆရာများ ရေးသားပေးထားသည့် တေးသီချင်း စုစုပေါင်း ဆယ့်တစ်ပုဒ်ပါဝင်ကာ ယခုလ ၁၂ ရက်က MTV အနေဖြင့် ထွက်ရှိထားကြောင်း သိရသည်။

 

ဌေးမမ