စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာစွာနှင့် ဆောင်ရွက်ခဲ့သည်ကို သိလိုကြောင်း ပြည်သူ့လွှတ်တော်တွင် မေးမြန်း

နေပြည်တော် ၄ ဇွန်

 

 

ဇွန် ၄ ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး (၁၁) ရက်မြောက်နေ့တွင် မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်က ကန်ပေါက်ဒေသတွင် ဆောင်ရွက်မည့် စီမံကိန်းကို Total Gas &  Power Business Service S.A.S နှင့် SIEMENS A.G  နှင့် လည်းကောင်း၊  ဧရာဝတီတိုင်းဒေသကြီးတွင် ဆောင်ရွက်မည့် စီမံကိန်းကို Zhefu Holding Co.Ltd နှင့် Supreme Trading Co.Ltd နှင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဆောင်ရွက်မည့် စီမံကိန်းကို TTCL Public Company Limited နှင့် လည်းကောင်း၊ ရခိုင်ပြည်နယ် ကျောက်ဖြူတွင် ဆောင်ရွက်မည့် စီမံကိန်းကို Sinohydro Coporation Limited နှင့် Supreme Trading Co.Ltd နှင့်လည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြောင်း လေ့လာသိရှိရပါသဖြင့် ၎င်းကုမ္ပဏီများနှင့် စာချုပ်လက်မှတ်ရေးထိုးနိုင်သည့် အဆင့်ရောက်ရှိအောင် တင်ဒါစတင်ခေါ်ယူသည်မှ စတင်၍ မည်သို့သော အဆင့်များကို ပွင့်လင်းမြင်သာစွာနှင့် ဆောင်ရွက်ခဲ့သည်ကို သိလိုကြောင်း မေးမြန်းခဲ့သည်။

 

 

မေးမြန်းမှုနှင့်ပတ်သက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က တနင်္သာရီတိုင်းဒေသကြီး ကန်ပေါက် LNG to Power စီမံကိန်းကို Total Gas & Power Business Service S.A.S နှင့် SIEMENS A.G တို့ကလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး မီးလောင်ဂျိုင် LNG to Power စီမံကိန်းကို Zhefu Holding Co., Ltd နှင့် Supreme Trading Co.,Ltd တို့ကလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အလုံ LNG to Power စီမံကိန်းကို TTCL Public Company Limited ကလည်းကောင်း၊ ရခိုင်ပြည်နယ် ကျောက်ဖြူ CCGT စီမံကိန်းကို Sinohydro Corporation Limited နှင့် Supreme Trading Co.,Ltd တို့ကလည်းကောင်း ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားရန် Notice to Proceed (NTP) ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် ထုတ်ပေးခဲ့ပါကြောင်း။

 

အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) စီမံကိန်းများနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံသူမှ ၎င်း၏အစီအစဉ်ဖြင့် ဆောင်ရွက်လိုကြောင်း အဆိုပြုတင်ပြသည့် Unsolicited Project များကို နိုင်ငံတော်နှင့် တိုင်းဒေသကြီး/ပြည်နယ်အတွက် အကျိုးဖြစ်ထွန်းနိုင်မှုအပေါ်မူတည်ပြီး တင်ဒါလုပ်ငန်းစဉ် မလိုအပ်ဘဲ စိစစ်ခွင့်ပြုဆောင်ရွက်ရန် ၂၀၁၇ ခုနှစ် ဇွန် ၁၁ ရက်တွင် ကျင်းပခဲ့သည့် စီးပွားရေးရာကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က မူဝါဒများ ထုတ်ပြန်ထားပါကြောင်း။

 

လျှပ်စစ်ဥပဒေပုဒ်မ ၁၂ အရ ပြည်ထောင်စုက စီမံခန့်ခွဲခွင့်ရှိသည့် အကြီးစား လျှပ်စစ်ဆိုင်ရာလုပ်ငန်းများကို  ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဆောင်ရွက်လိုသည့် မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို ခွင့်ပြုမိန့် ထုတ်ပေးနိုင်ပါကြောင်း၊  လျှပ်စစ်နည်းဥပဒေအပိုဒ် ၁၅ အရ ပြည်တွင်း ပြည်ပမှ ရင်းနှီးမြှုပ်နှံလုပ်ကိုင် ဆောင်ရွက်လိုသူကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း ခွင့်ပြုမိန့်လျှောက်ထားခြင်း မပြုမီ ဆောင်ရွက်ရန် လိုအပ်သော အကြီးစား လျှပ်စစ်ဓာတ်အား စူးစမ်းရှာဖွေခြင်းနှင့် ဖြစ်မြောက်နိ်ုင်စွမ်း လေ့လာမှုပြုလုပ်ရန် ခွင့်ပြုနိုင်ပါကြောင်း၊ လျှပ်စစ်နည်း ဥပဒေအပိုဒ် ၃၃ အရ အထူးရည်ရွယ်ချက်ဖြင့် ခွင့်ပြုသော လျှပ်စစ်ဓာတ်အား ပို့လွှတ်ခြင်း ခွင့်ပြုမိန့်အား အများပြည်သူ အကျိုးစီးပွားကို မြှင့်တင်ပေးမည့် အထူးစီမံကိန်းများဆိုင်ရာ လုပ်ငန်းများအတွက် ခွင့်ပြုနိုင်ပါကြောင်း။

 

စီမံကိန်းများအတွက်  နိုင်ငံတကာဘဏ်များ၊ ငွေကြေးအဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းရန်၊ အင်ဂျင်နီယာရင်းနှင့် ဒီဇိုင်းရေးဆွဲမှု၊ ESIA လေ့လာမှုများ၊ LNG တင်သွင်းမည့် အစီအစဉ်များကို ကုမ္ပဏီများက စတင်ဆောင်ရွက်နိုင်ရန် NTP စာကို ဌာနမှထုတ်ပေးခြင်းဖြစ်ပြီး သက်ဆိုင်ရာကုမ္ပဏီမှလည်း လက်ခံရရှိကြောင်းကို လက်မှတ်ရေးထိုးပေးကြခြင်း ဖြစ်ပါကြောင်း၊ လိုအပ်သည့် လုပ်ငန်းစဉ်များကို အဆင့်ဆင့် ဆောင်ရွက်ပြီးစီးမှသာလျှင် ပြည်သူများအတွက် ရေရှည်အကျိုးရှိပြီးထိရောက်သော နည်းလမ်းများဖြင့် အကောင်အထည်ဖော်နိုင်မည့် စီမံကိန်းစာချုပ်များကို ချုပ်ဆိုသွားရမည် ဖြစ်ပါကြောင်း။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စီမံကိန်း ၄ ခုစလုံးသည် နိုင်ငံတော်ဘတ်ဂျက်သုံးစွဲပြီး ဌာနမှ ဆောင်ရွက်သည့် စီမံကိန်းများမဟုတ်ပါကြောင်း၊ ၁၀ဝ ရာခိုင်နှုန်း ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံငွေဖြင့် ဆောင်ရွက်လိုကြောင်း အဆိုပြုလာသည့် Unsolicited Project များဖြစ်သောကြောင့် တင်ဒါလုပ်ငန်းစဉ် မလိုအပ်ဘဲ PPP စီမံကိန်းများအတွက် နိုင်ငံတော်က ချမှတ်ထားသော မူဝါဒနှင့်အညီ စိစစ်ခွင့်ပြုခဲ့ခြင်းဖြစ်ပါကြောင်း၊ လျှပ်စစ် ဥပဒေပုဒ်မ ၁၂၊ လျှပ်စစ် နည်းဥပဒေ အပိုဒ် ၁၅ နှင့် ၃၃ တို့အရ ခွင့်ပြုနိုင်သည့် စီမံကိန်းလုပ်ငန်းများလည်းဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားခဲ့သည်။

 

အေးအေးသန့်