စီမံကိန်းများ ဆောင်ရွက်ရာမှာ နယ်မြေအခြေအနေနဲ့ ကိုက်ညီပြီး ပြည်သူတွေ အမှန်တကယ် အကျိုးကျေးဇူးတွေ ခံစားရဖို့ အထူးလိုအပ်တယ်လို့ ဒေါ်ယဉ်မင်းလှိုင်ပြောကြား

နေပြည်တော်  ၂၀ မတ်

 

နိုင်ငံတော်မှာ ကြွေးမှီဝန်ထုပ်ဝန်ပိုးတွေ မဖြစ်စေရန် ချေးငွေဖြင့်ဖြစ်စေ၊ မိမိဘဏ္ဍာဖြင့်ဖြစ်စေ စီမံကိန်းများ ဆောင်ရွက်ရာမှာ လုပ်နည်းလုပ်ဟန် မှန်ကန်ဖို့၊ ရေရှည်ပြင်ဆင်ထိန်းသိမ်းစရိတ်နည်းဖို့၊ နယ်မြေအခြေအနေနဲ့ ကိုက်ညီဖို့၊ ပြည်သူတွေက အမှန်တကယ် ဒီအကျိုးကျေးဇူးတွေကို ခံစားရဖို့ အထူးလိုအပ်ကြောင်း ဂန့်ဂေါမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က ပြောပါတယ်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတထံမှ ပေးပို့သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့အတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီထံမှ ဂျပန်ယန်း ၈၇ ဒသမ ၀၉၁ ဘီလီယံ ချေးယူရန်ကိစ္စနှင့် စပ်လျဉ်း၍ ဒေါ်ယဉ်မင်းလှိုင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။
အစည်းအဝေးတွင် ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်က  ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီထံမှ ဂျပန်ယန်း ၈၇ ဒသမ ၀၉၁ ဘီလီယံ ချေးယူရန်ကိစ္စထဲမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သုံးစွဲမည့် ၃၀ ဒသမ ၄၆၉ ဘီလီယံ ကိစ္စကို ပါဝင်ဆွေးနွေးသွားခဲ့တာ ဖြစ်ပါတယ်။

 

“ အမေရိကန်ဒေါ်လာ သန်း ၂၇၀ ခန့် မြန်မာကျပ်ငွေအားဖြင့် ၃၆၇ ဒသမ ၁ ဘီလီယံနှင့် ညီမျှတဲ့ ဒီငွေထဲက ကျေးလက်လမ်းတံတားများ ဆောက်လုပ်မယ့် ၅၈ ဒသမ ၂၄ ဘီလီယံကို နုတ်လိုက်လျှင် ၃၀၈ ဒသမ ၈၆ ဘီလီယံသည် စိုက်/မွေး/ဆည်ဝန်ကြီးဌာနမှ သဖန်းဆိပ်ဆည် ဆည်ရေသောက်လုပ်ငန်းနှင့် အခြားစိုက်ပျိုးရေး စက်မှုလယ်ယာကိစ္စတို့အတွက် သုံးစွဲမှာဖြစ်ကြောင်း၊ ဆည်ရေသောက်စနစ်အတွက် သုံးစွဲငွေဟာ မြန်မာငွေ ၁၆၃ ဒသမ ၈ ဘီလီယံရှိတာကို တွေ့နိုင်ပါကြောင်း၊ ဒီချေးငွေတစ်ရပ်လုံးကို ဧက ငါးသိန်းနှင့် တွက်ကြည့်လျှင် တစ်ဧကကို ငွေကျပ် ၇ သိန်းကျော်နှုန်းခန့် သုံးစွဲတယ်လို့ ယူဆရမှာဖြစ်ပါကြောင်း၊ ချေးငွေဖြစ်စေ၊ နိုင်ငံတော်ဘဏ္ဍာငွေဖြစ်စေ၊ ထိရောက်အကျိုးရှိစွာ သုံးစွဲပါက နိုင်ငံတော်ရဲ့ ကုန်ထုတ်စွမ်းအား တိုးတက်လာမှာ ဖြစ်တဲ့အတွက် အမှန်တကယ် လိုအပ်ချက်နဲ့ ကိုက်ညီအောင် သုံးစွဲရန် လိုအပ်ကြောင်း” ပြောကြားသည်။
“ဆည်ရေသောက်စနစ်လုပ်မယ့် ရွာအထိ ၂၅ မိုင်ခန့်အတွက် ၂၅ ဘီလီယံကုန်ကျမယ်လို့ သိရှိရပါကြောင်း၊ အကျိုးပြုဧက ၅၀၀၀ သာရှိလို့ တစ်ဧကကို သိန်း ၅၀ ခန့် ကုန်ကျမှာဖြစ်ပါကြောင်း၊ ဒီကုန်ကျစရိတ်က ဖြတ်သန်းသွားမယ့် လယ်ယာမြေလျော်ကြေးတွေ မပါရှိသေးပါဘူး၊ ပြင်သာဆည်သည် လျှပ်စစ် ၄၀ မဂ္ဂါဝပ် ထုတ်ပေးနိုင်တယ်ဆိုတဲ့အတွက် အသုံးဝင်ပေမယ့် ဆည်ရေသောက်စနစ်အတွက်တော့ အလွန်ကို မသင့်လျော်တဲ့ စီမံကိန်းဖြစ်နေပါကြောင်း၊ မြေအနေအထားအရ တည်ဆောက်စရိတ်မြင့်မားပြီး ရေရှည်မှာ ဆည်ရေသောက်စနစ်ရဲ့ ပြုပြင်ထိန်းသိမ်းစရိတ်က ဝန်ထုပ်ဝန်ပိုးဖြစ်လာမှာ သေချာတယ်လို့ ဒေါ်ယဉ်မင်းလှိုင်က ပြောသည်။

 

အလားတူ နောက်ထပ် ဧက ၇၀၀၀ အတွက်လည်း မြစ်ထဲကို ရေလွှတ်ချပြီးမှ Pump စနစ်နဲ့ ဆည်ရေမြောင်းထဲကို ပြန်ထည့်ပြီး ရေပေးဝေမယ်လို့ သိရတော့ ဘယ်လိုမှ နားမလည်နိုင်အောင် ဖြစ်ရပါကြောင်း၊ အစကတည်းက လျှပ်စစ်မြစ်ရေတင်ကိုပဲ မလုပ်သင့်ဘူးလား၊ ယခုဆည်ရေသောက်စနစ်ကို ၂၀၁၅ မှာစလုပ်နေတာ လက်ရှိအချိန်မှာ ၅ မိုင်နီးပါး ပြီးစီးပြီး ၁၀ ဘီလီယံခန့် ကုန်ကျနေပြီလို့ ဆိုပါတယ်။

 

“ စီမံကိန်းမစတင်မီ feasibility study သေချာများ မလုပ်ခဲ့ရဘူးလား၊ ဆည်ရှိရင် ဆည်ရေသောက်စနစ် ရှိရမယ်လို့ ပုံသေကားချလုပ်မိသလားလို့ တွေးမိပါကြောင်း၊ မြစ်ကြောင်းနဲ့အပြိုင်ပေးသော၊ ဆည်ရေသောက် ရေမြောင်းက မြစ်ပေါ်ကို တံတားသဖွယ်ဖြတ်သော ဆည်ရေသောက်စနစ်ကို တစ်နိုင်ငံလုံးမှာ ကျွန်မတို့ဆီမှာပဲ ရှိမယ်လို့ ယူဆမိပါကြောင်း၊ ဒီနှစ်တိုင်းဒေသကြီး ပိုလျှံငွေရန်ပုံငွေနဲ့ ဒီနယ်ထဲက ရွာတွေမှာ လျှပ်စစ်မြစ်ရေတင်တွေ စတင်နေပြီဖြစ်လို့ ဒီဆည်ရေသောက်စနစ်က စနစ်မကျတဲ့၊ မလိုအပ်တဲ့ ကုန်ကျမှုဖြစ်နေပါကြောင်း” ပြောသည်။

 

သဖန်းဆိပ်ဆည်ကြီးရဲ့ ဆည်ရေသောက်စနစ်သည် ၂၀၁၂ ခုနှစ်ကမှ တည်ဆောက်ပြီးစီးခဲ့တာ ဖြစ်ပါကြောင်း၊ ၁၆ နှစ်ကြာတဲ့ အချိန်မှာ ပြုပြင်ထိန်းသိမ်းစရိတ်နဲ့ အဆင့်မြှင့်တင်စရိတ် ၁၆၃ ဒသမ ၁ ဘီလီယံ ကုန်ကျမှာဆိုတဲ့အတွက် ဆည်ကြီးများရဲ့ မူလတည်ဆောက်စရိတ်နဲ့ ပြုပြင်ထိန်းသိမ်းစရိတ်တို့ဟာ စီးပွားရေး တွက်ခြေ ကိုက်၊ မကိုက်နဲ့ ရည်ရွယ်ရာ တောင်သူတို့ရဲ့ ကုန်ထုတ်စွမ်းအားကို အမှန်တကယ် မြှင့်တင်နိုင်စွမ်း ရှိ မရှိကို စဉ်ဆက်မပြတ် သုတေသနပြုသင့်ကြောင်း ထည့်သွင်းဆွေးနွေးခဲ့သည်။

 

အဆိုပါ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)ထံမှ ဂျပန်ယန်း ၈၇ ဒသမ ၀၉၁ ဘီလီယံ ချေးယူရန်ကိစ္စနှင့် စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးက ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

မျိုးထက်ဦး(MDN)