စီမံကိန်းနှင့် ဘဏ္ဍရေးဝန်ကြီးဌာန၏ ဒုတိယ (၁) နှစ်တာ

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ အရေးကြီးသည့် ဝန်ကြီးဌာနတစ်ခုဖြစ်ပြီး နိုင်ငံအကျိုးကိုလည်း ရှေးရှုဆောင်ရွက်နေသည့် ဝန်ကြီးဌာနဖြစ်သည်။ အစိုးရ၏ သက်တမ်းသည် ဒုတိယ တစ်နှစ်တာ တိုင်ခဲ့ပြီဖြစ်သည်။ လာမည့်ကာလအတွင်း ပြည်သူများ၏ ပညာရေး၊ ဝန်ကြီးဌာနဖြစ်သည်။ အစိုးရ၏ သက်တမ်းသည် ဒုတိယတစ်နှစ်တာ တိုင်ခဲ့ပြီဖြစ်သည်။ လာမည့်ကာလအတွင်း ပြည်သူများ၏ ပညာရေး၊ လူမှုရေးနှင့် ကျန်းမာရေး ကဏ္ဍများအတွက် နိုင်ငံ့ဘဏ္ဍာများ ပိုမိုသုံးစွဲပေးတော့မည်ဟုလည်း သိရှိရသည်။ သို့အတွက် စီမံကိန်းနှင့် ဘဏ္ဍာ လူမှုရေးနှင့် ကျန်းမာရေး ကဏ္ဍများအတွက် နိုင်ငံ့ဘဏ္ဍာများ ပိုမိုသုံးစွဲ ပေးတော့မည်ဟုလည်း သိရှိရသည်။ သို့အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် အစိုးရ နှစ်နှစ်တာကာလအတွင်း ဆောင်ရွက်မှုများကို သိရှိနိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများကို တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါသည်။

 

ဦးကျော်ဝင်း 

 

ပြည်ထောင်စုဝန်ကြီး

 

မေး။ ။ ပထမဦးစွာ နိုင်ငံတော် အစိုးရ စတင်တာဝန်ယူစဉ်ကာလ နိုင်ငံရဲ့ဘဏ္ဍာရေး အခြေအနေနဲ့ စီးပွားရေး လုပ်ငန်းတွေ လည်ပတ်မှုအကြောင်းကိုလည်း သိပါရစေ။ 

 

ဖြေ။ ။ ကျွန်တော်တို့ စတင်တာဝန်ယူစဉ်ကာလ နိုင်ငံရဲ့ဘဏ္ဍာငွေအရ၊ အသုံးပိုင်းမှာ လိုငွေပြနေတဲ့ ဘဏ္ဍာငွေ အခြေအနေတွေ ရှိသလို အခြားနိုင်ငံတွေနဲ့ ပေါင်းစပ်ပြီး ကုန်သွယ်မှု တိုးတက်မှု အပိုင်းမှာလည်း လိုငွေပြနေတဲ့ ကုန်သွယ်မှုကို မြင်တွေ့ရပါတယ်။ သဘောကတော့ ပို့ကုန်နဲ့ သွင်းကုန် အချိုးအစား မမျှတခဲ့ပါဘူး။ 

နိုင်ငံခြားငွေ လဲလှယ်နှုန်းတွေ မတည်မငြိမ်နဲ့ မြင့်မားနေပြီး နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေထဲက အရေးပါတဲ့ လုပ်ငန်းအချို့မှာ လေး၊ ငါးနှစ်တန်သည်အထိ အရှုံးပေါ်နေပါတယ်။

 

ဒါကြောင့် နိုင်ငံတော်ရဲ့ ဘတ်ဂျက်မှာ Deficit  (လိုငွေဘတ်ဂျက်) ဖြစ်နေပါတယ်။ ဒါတင် မကသေးပါဘူး။ ၁၉၈၈ ခုနှစ် မတိုင်မီက ချေးယူထားတဲ့ ချေးငွေ၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်အစိုးရ လက်ထက် ချေးငွေတွေ၊ လက်ရှိကာလ ချေးယူတဲ့ ချေးငွေတွေ ရှိပါတယ်။ ကာလကျရောက်လို့ အတိုးအရင်း ပြန်ဆပ်ရမယ့် ချေးငွေတွေကို ပေးဆပ်စရာ အများကြီးနဲ့ အချိန်မှန် ပေးဆပ်နိုင်ဖို့က ဦးစားပေး ဖြေရှင်းရမယ့် လုပ်ငန်း ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ 

 

မေး။ ။ အစိုးရသက်တမ်း နှစ်နှစ်တာကာလမှာ ငွေကြေးတည်ငြိမ်စေရေးနဲ့ ချေးငွေကိစ္စရပ်တွေအပေါ် ဆောင်ရွက်ခဲ့တာတွေလည်း သိပါရစေ။

 

ဖြေ။ ။ နိုင်ငံတစ်နိုင်ငံဟာ ချေးငွေရယူပြီး အချိန်မှန်မှန် ပြန်ဆပ်မှသာ ပုံရိပ်ကောင်းတဲ့ နိုင်ငံ ဖြစ်လာမှာမို့ ချေးငွေတွေကို သတ်မှတ်ကာလ အတွင်းမှာ အပြည့်အဝပြန်လည် ပေးဆပ်နိုင်ဖို့ကိုလည်း ကျွန်တော်တို့ တာဝန်ယူ စကတည်းက စတင်ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံခြားငွေ လဲလှယ်နှုန်းကိုလည်း ဝန်ကြီးဌာနနဲ့အတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့နဲ့ ပေါင်းစပ်ပြီး တည်ငြိမ်အောင် ဆောင်ရွက်ခဲ့တဲ့အတွက် ယခုအခါမှာ ကာလအတော်ကြာ တည်ငြိမ်ခဲ့ပြီ ဖြစ်ပါတယ်။ ပြည်တွင်း ဘဏ်တွေကိုလည်း ဖြတ်သန်းတဲ့ ကာလတစ်လျှောက် သူတို့ဆောင်ရွက်ခဲ့ပုံတွေကို နည်းလမ်းတကျ ဥပဒေနဲ့ အညီ ဆောင်ရွက်နိုင်စွမ်းရှိဖို့ ဗဟိုဘဏ်နဲ့ ပေါင်းစပ်ညှိနှိုင်းပြီး လိုအပ်တဲ့ စီမံခန့်ခွဲမှုတွေနဲ့ ပြုပြင် ပြောင်းလဲရေးတွေကိုလည်း ဆောင်ရွက်ပေးခဲ့ပါတယ်။ 

 

မေး။ ။ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်တွင်း အသေးစားနဲ့ အလတ်စားလုပ်ငန်း  (SMEs) တွေရဲ့ အရေးပါပုံကိုလည်း ရှင်းပြပေးပါရှင့်။

 

ဖြေ။ ။ နိုင်ငံရဲ့စီးပွားရေးပုံစံဟာ ကုန်သွယ်မှု အခြေခံစီးပွားရေး Trade Base Model  ဖြစ်ပါတယ်။ ထုတ်လုပ်မှု လုပ်ငန်းရှိသော်လည်း ပြည်တွင်းသုံးစွဲမှုကို ဖြည့်ဆည်းပေးနိုင်တဲ့ ထုတ်လုပ်မှုမဖြစ်ခြင်း၊ အိမ်နီးချင်း နိုင်ငံတွေရဲ့ နည်းပညာများ မြင့်မားခြင်းတို့ကြောင့် ပြည်ပက တင်သွင်းတဲ့ သွင်းကုန်ဟာ ပြည်တွင်း ထုတ်လုပ်မှုကို လွှမ်းမိုးနေပါတယ်။ ပြည်တွင်း စက်မှုလုပ်ငန်း SMEs (အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ) ဟာ ဖွံ့ဖြိုးတိုးတက်ဖို့ အများကြီး နောက်ကျနေပါတယ်။ ဒီလို ပြည်ပ သွင်းကုန်တွေကနေ ပြည်တွင်း လိုအပ်ချက် ဖြည့်ဆည်းတာဟာ ကုန်သွယ်မှုကို အခြေခံတဲ့ Trade Base Model  ဖြစ်တဲ့အတွက် SMEs ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ 

 

မေး။ ။ ပြည်တွင်း SMEs လုပ်ငန်းတွေ ဖွံ့ဖြိုး တိုးတက်စေဖို့ နည်းလမ်းတွေနဲ့ အစိုးရရဲ့ ကူညီပံ့ပိုးပေးမှုကိုလည်း သိပါရစေ။ 

 

ဖြေ။ ။ နိုင်ငံဖွံ့ဖြိုးဖို့အတွက် ထုတ်လုပ်မှုကို အခြေခံတဲ့ စီးပွားရေးပုံစံဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် SMEs တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် သူတို့ထုတ်ကုန်တွေကို ပြည်တွင်းမှာ ဈေးကွက် အခိုင်အမာနဲ့ တည်ငြိမ်ဖို့ လိုပါတယ်။ သူတို့လုပ်ငန်းတွေ လည်ပတ်မှု အားကောင်းဖို့အတွက် ငွေကြေးလိုအပ်မှုကို နိုင်ငံတော်က ဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။ ပြည်ပက နည်းပညာတွေကို အသုံးချပြီး ထုတ်လုပ်နေတဲ့ ကုန်စည်တွေရဲ့ အရည်အသွေးပိုင်းဖြစ်စေ၊ အရေအတွက်ပိုင်းဖြစ်စေ ယှဉ်ပြိုင်နိုင်ဖို့ ထုတ်လုပ်မှု ဘဏ္ဍာငွေ လိုအပ်ချက်ကိုလည်း နိုင်ငံတော်က ပံ့ပိုးပေးဖို့လိုပါတယ်။ ယခု သတ်မှတ်ထားတဲ့ ချေးငွေနှုန်းထားတွေက လုပ်ငန်းတွေအတွက် မြင့်မားနေတာကိုလည်း နှိမ့်ချပေးပြီး သင့်တော်တဲ့ ချေးငွေနှုန်းထားတွေကို ပေးနိုင်မှသာ ထုတ်လုပ်မှုလုပ်ငန်း တိုးတက်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် နည်းပညာ လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းဖို့ လိုအပ်ပါတယ်။ ပြည်တွင်း က SMEs လုပ်ငန်းတွေ တိုးတက်နိုင်ဖို့ ဆောင်ရွက်စရာတွေ အများကြီး ရှိတယ်ဆိုတာကိုလည်း ကျွန်တော်တို့ သိပါတယ်။ ပြည်တွင်းမှာ ထုတ်လုပ်တဲ့ လုပ်ငန်းတွေအတွက် ဈေးကွက် ခိုင်မာဖို့ကို အစိုးရ အနေနဲ့ ဝင်ရောက်ရပ်တည်ပြီး ဆောင်ရွက်ပေးမယ့် နည်းလမ်းတွေလည်း ရှိပါတယ်။ ပြည်တွင်းသုံးစွဲမှု လိုအပ်ချက်နဲ့ အညီ စံချိန်စံညွှန်း၊ အရည်အသွေး၊ အရေအတွက်ရှိတဲ့ လုပ်ငန်းတွေအတွက် အစိုးရက ပြည်တွင်း ထုတ်ကုန်တွေကို သုံးစွဲရမယ်ဆိုပြီး ပံ့ပိုးမှုပေးနိုင်မယ်ဆိုရင် SMEs တွေအတွက် ခိုင်မာတဲ့ ထုတ်လုပ်မှု လမ်းကြောင်း ရရှိမှာ ဖြစ်ပါတယ်။ ပြည်ပသွင်းကုန် အစားထိုးဖို့အတွက် SMEs တွေကို လမ်းကြောင်း ပေါ်တင်ပေးနိုင်ခဲ့ရင် ပြည်ပကတင်သွင်းတဲ့ ကုန်ပစ္စည်း လျှော့ချနိုင်ပြီး ပို့ကုန်/သွင်းကုန် ကွာဟချက်နဲ့ နိုင်ငံခြားသုံးငွေ ပြည်ပကို စီးထွက်မှုနှုန်းကိုလည်း လျှော့ချနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် တစ်ယူနစ်ထုတ်လုပ်မှု ကုန်ကျစရိတ်ကို လျှော့ချနိုင်မယ်၊ လျှော့ချတဲ့နေရာမှာ ကုန်ကြမ်းတွေကို နိုင်ငံခြားကနေ တင်သွင်းတဲ့ နေရာမှာ အခွန်အခတွေကို လျှော့ချပေးမယ်ဆိုရင် ထုတ်လုပ်မှုစရိတ် ကျဆင်းလာပြီး လုပ်ငန်းတွေ ကောင်းမွန်လာနိုင်ပါတယ်။ 

 

 

မေး။ ။ လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍနဲ့ ပတ်သက်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကိုလည်း ရှင်းပြပေးပါရှင့်။ 

 

ဖြေ။ ။ နိုင်ငံတော်ရဲ့ဘေးဝန်းကျင်က အိမ်နီးချင်း နိုင်ငံတွေဟာ လူဦးရေများစွာ နေထိုင်တဲ့ နိုင်ငံတွေဖြစ်ပါတယ်။ နိုင်ငံတိုင်းဟာ အဓိက လိုအပ်ချက်က စားသုံးမှု၊ စားသုံးကုန်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက လယ်ယာလုပ်ငန်းတွေ၊ သားငါးလုပ်ငန်းတွေအတွက် အခြေခံကောင်းတွေ ရှိပါတယ်။ 

 

လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရ၊ ပြည်သူနဲ့ လုပ်ငန်းရှင်တို့အားလုံး စုပေါင်း ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ နိုင်ငံတော်ကို စိုက်ပျိုးရေး အခြေခံစက်မှု နိုင်ငံအဖြစ် ထူထောင်ဖို့ ဦးတည်ချက် ရှိပါတယ်။ လယ်ယာကဏ္ဍအတွက် ထောက်ပံ့ပေးနေတဲ့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ဟာ စိုက်ပျိုးစရိတ် ချေးငွေတွေနဲ့ သီးနှံအမျိုးအစားတွေ တိုးမြှင့်ပေးခဲ့ပေမယ့် လယ်ယာကဏ္ဍကြီး တစ်ရပ်လုံး စိုက်ပျိုးမြေ ပြင်ရာကနေ စိုက်ပျိုး ထုတ်လုပ်ရောင်းချတဲ့ အဆင့်အထိ ပံ့ပိုးဆောင်ရွက်ဖို့ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ 

 

တောင်သူလယ်သမားတွေ ပါဝင်လာမယ့် လယ်ယာကဏ္ဍ ရင်းနှီးမြှုပ်နှံမှု မြင့်မားလာဖို့ ပုံမှန်ချေးငွေနဲ့တင်မက စိုက်ပျိုးရေးပိုင်း၊ သွင်းအားစုပိုင်း၊ ရိတ်သိမ်းကြိတ်ခွဲ၊ တင်ပို့ရောင်းချမှု အားလုံးမှာ မြှင့်တင်ဖို့ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို ဖွံ့ဖြိုးရေးဘဏ်အဖြစ် ပြန်လည်ထူထောင်ပြီး သက်သာတဲ့ အတိုးနှုန်း၊ သက်သာတဲ့ချေးငွေနဲ့ ဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်။ သားငါးကဏ္ဍမှာဆိုရင် နိုင်ငံခြား တင်ပို့ရာမှာ အထူးကုန်စည်ခွန် ဥပဒေကို ဖယ်ရှားပေးခဲ့ပြီး မွေးမြူရေး ထုတ်ကုန်လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။

 

လုပ်ငန်းရှင်တွေကို လိုအပ်တဲ့ချေးငွေတွေ အလုံအလောက် ဖြည့်ဆည်းပေးဖို့လည်း စီမံထားရှိပြီး ဖြစ်ပါတယ်။ ဆီလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့လည်း မြန်မာနိုင်ငံဟာ ဆီကိုသုံးစွဲတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး ဆီထုတ်လုပ်မှု အားကတော့ အားရကျေနပ်ဖွယ် မရှိသေးပါဘူး။ ကမ်းရိုးတန်း ရှည်လျားစွာ ရှိနေပေမယ့် ကမ်းရိုးတန်း တစ်လျှောက် အုန်းတောတွေမှာ အုန်းဆီထုတ်လုပ်ဖို့ ယနေ့အထိ ဆောင်ရွက် နိုင်ခြင်းမရှိပါဘူး။ ထိုနည်းတူ စပါးကထွက်တဲ့ ဖွဲနုဆီစက်တွေဟာ ယခင်က ရှိခဲ့ပေမယ့် ပြန်လည်ဆန်းသစ်ပြီး ထုတ်လုပ်နိုင်စွမ်း မရှိခဲ့ပါဘူး။ ဒါကြောင့် ဆီစက်လုပ်ငန်းရှင်တွေ၊ ဆီကုန်သည်တွေနဲ့တွေ့ဆုံပြီး အရည်အသွေးပြည့်ဝတဲ့ ဆီကောင်းဆီသန့်တွေ ထုတ်လုပ်နိုင်ဖို့ ဆောင်ရွက်နေတာ ရှိပါတယ်။

 

မေး။ ။ နိုင်ငံအတွင်းက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသီးသီး ဖွံ့ဖြိုးတိုးတက်လာစေဖို့ နိုင်ငံတော်ကနေ ဆောင်ရွက်ပေးမှုတွေကိုလည်း သိပါရစေရှင့်။ 

ဖြေ။ ။ နိုင်ငံတွင်းမှာရှိတဲ့ အခြားသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းတွေအားလုံးကို နိုင်ငံတော်အစိုးရက အဘက်ဘက်ကနေ အပြည့်အဝ ဆောင်ရွက်ပေးနိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဥပမာပြောရရင် ပြည်ပက သကြားတင်သွင်းကြတယ်။ အမှန်တော့ ပြည်တွင်းမှာ ကြံစိုက်ပျိုးနိုင်တဲ့ ဧကတွေ အများကြီးရှိနေတယ်။ ကြံကနေထွက်လာတဲ့ သကြားကို အရည်အသွေး ပြည့်ဝတဲ့ထုတ်ကုန် ဖြစ်ဖို့ ခေတ်မီတဲ့ စက်ရုံတွေ လိုအပ်ပါတယ်။ အခြားဥပမာပေးရရင် မြစ်ဝကျွန်းပေါ် ဒေသတွေမှာ နေလှန်းဆားလုပ်ငန်းက တစ်ချိန်က ကျယ်ပြန့်စွာ ရှိခဲ့တယ်။ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး နောက်ပိုင်းမှာ လုံးဝ ပျောက်ကွယ်လုဖြစ်လာတယ်။ ဒါကြောင့် ယခုအခါ တစ်ဖက် နိုင်ငံက ဆားကို တင်သွင်းရတဲ့ အနေအထား ဖြစ်လာတယ်။ ဒါကြောင့် ပြည်တွင်း လိုအပ်ချက်တွေကို ပြည်တွင်းမှာ ပြန်လည်ထုတ်လုပ်နိုင်ဖို့ အခြေခံ စီးပွားရေး ပုံသဏ္ဌာန်ကို ပြောင်းပြီး သွင်းကုန်တွေကို လျှော့ချဖို့ ကြိုးပမ်းနေရခြင်း ဖြစ်ပါတယ်။ ဒီအတွက် သွင်းကုန်အစားထိုး လုပ်ငန်းတွေ တိုးတက်လာဖို့ ပြည်တွင်း SMEs တွေကို နိုင်ငံတော်ကလည်း အားပေးကူညီမယ်၊ လုပ်ငန်းလုပ်ကိုင် လိုသူတွေကလည်း ကြိုးစားဆောင်ရွက် ပေးကြဖို့နဲ့ ဒါမှသာ ကျွန်တော်တို့ ပိုပြီးစီးပွားရေးအခြေခံကောင်းတွေ ပိုင်ဆိုင် မှာဖြစ်ပါတယ်။ 

 

မေး။ ။ နိုင်ငံတော်ရဲ့ စီးပွားရေးဆိုင်ရာ စီမံကိန်းတွေ ဘတ်ဂျက်တွေ ရေးဆွဲတဲ့ အပိုင်းနဲ့ ဆောင်ရွက်မှု အပိုင်းကိုလည်း သိပါရစေ။ 

 

ဖြေ။ ။ အခွန်အခနဲ့ ပတ်သက်ရင် နိုင်ငံတော်က တိုက်ရိုက်ကောက်ခံတဲ့ အခွန်တွေကို လျှော့ချပြီး သွယ်ဝိုက်ပြီး ကောက်ခံရမယ့် အခွန်တွေကို ပိုပြီး ဦးစားပေး ဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်။ သွယ်ဝိုက်ခွန်တွေကိုပဲ ဦးစားပေးပြီးတော့ နိုင်ငံတော်ရဲ့လိုအပ်တဲ့ ဝင်ငွေနဲ့ရငွေတွေကို ရှာဖွေပြီး အရေးပါတဲ့ နိုင်ငံရဲ့ ဦးစားပေး လုပ်ငန်းတွေကို ဘဏ္ဍာငွေ အစီအမံတွေနဲ့ စနစ်ကျတဲ့ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်နေပါတယ်။ စီမံကိန်းတွေ ရေးဆွဲတဲ့ နေရာမှာ ဖက်ဒရယ်မူကို အခြေခံတဲ့ အောက်ခြေအဆင့်ဆင့်ကို အခြေခံပြီး ရေးဆွဲတဲ့ စီမံကိန်း ရည်မှန်းချက်တွေကို နိုင်ငံတော် တစ်ရပ်လုံးရဲ့ စီးပွားရေး စီမံကိန်းအဖြစ် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ စီမံကိန်းတွေရဲ့ ကိန်းဂဏန်းတွေ မှန်ကန်ဖို့ ဦးတည်ရေးဆွဲနေပြီး အကောင်အထည်ဖော်ရာမှာလည်း အချိန်ကာလ အပိုင်းအခြားအလိုက် လိုအပ်တဲ့ ရည်မှန်းချက် ပန်းတိုင်ကို ပြည့်ဝဖို့အတွက် လိုအပ်တဲ့ အသုံးစရိတ်နဲ့ ဘတ်ဂျက်ကို စနစ်တကျ ချိန်ကိုက်ရေးဆွဲသွားမှာ ဖြစ်ပါတယ်။ စီမံကိန်းအနေနဲ့ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေအရ အသုံးတွေဟာ တစ်ပြေးညီ ချိတ်ဆက်ပြီး အကောင်အထည်ဖော်တဲ့ စီမံကိန်းတွေဖြစ်ဖို့၊ လက်တွေ့မြေပြင် အခြေအနေနဲ့ နီးစပ်တဲ့ စီမံကိန်းတွေဖြစ်ဖို့၊ ကိန်းဂဏန်းတွေ ကွဲလွဲမှုမရှိဘဲ အမှန် ကိန်းဂဏန်းတွေကို ကိုယ်စားပြုတဲ့ စီမံကိန်းတွေဖြစ်ဖို့ ဦးတည်ဆောင်ရွက်နေပါတယ်။

 
မေး။ ။ နိုင်ငံတကာနဲ့ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တွေကိုလည်း ရှင်းပြ ဆောင်ရွက်မှု အစီအစဉ်တွေကိုလည်း ရှင်းပြပေးပါရှင့်။ 

 

ဖြေ။ ။ မြန်မာနိုင်ငံရဲ့ ပထဝီ အနေအထား၊ မြန်မာနိုင်ငံရဲ့ ဖြစ်တည်နေတဲ့ နေရာဒေသကို မူတည်ပြီးတော့ မကြာခင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ဆွေးနွေးညှိနှိုင်းခဲ့တဲ့ တရုတ်-မြန်မာ စီးပွားရေး ကိစ္စများကြောင့် အခွင့်အလမ်းကောင်းတွေလည်း ပေါ်ထွန်းလာတော့မှာ ဖြစ်ပါတယ်။ GMS ဖြစ်တဲ့ မဲခေါင်ဒေသတွင်း နိုင်ငံများရဲ့ ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေ၊ CLMV ဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နိုင်ငံတွေ ပေါင်းစပ်ပြီး လုပ်ရမယ့် လုပ်ငန်းစဉ်တွေ၊ အာဆီယံ အဖွဲ့အစည်း အတွင်းမှာရှိတဲ့ လုပ်ငန်းစဉ်တွေကို ယှဉ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံဟာ အနောက်ဘက် ကမ်းရိုးတန်း တစ်ခုလုံးက ကမ္ဘာ့ အနောက်ဘက်ခြမ်းကို ပေါင်းစပ်နိုင်တဲ့ အဓိကကျတဲ့ တံခါးပေါက်ကြီး ဖြစ်လာမှာဖြစ်ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံနဲ့ ပေါင်းစပ်ဆောင်ရွက်နေတဲ့ Economic Corridor ၊ ထိုင်းနိုင်ငံနဲ့ ပေါင်းစပ်ဆောင်ရွက် သွားမယ့် ထားဝယ်စက်မှုဇုန် လုပ်ငန်းတွေစတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ နောင်ကာလတိုအတွင်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ လုပ်ငန်းကြီးတွေ ဖြစ်လာမှာပါ။ 

 

မေး။ ။ တရုတ်နိုင်ငံနဲ့ ပေါင်းစပ်ဆောင်ရွက်မယ့် Economic Corridor ရဲ့ စီးပွားရေးစင်္ကြံမှာ မြန်မာ လုပ်ငန်းရှင်တွေအတွက် စင်္ကြံမှာ မြန်မာလုပ်ငန်းရှင်တွေအတွက် ဘယ်လိုအခွင့်အရေးတွေ ရရှိနိုင်မလဲရှင့်။ 

 

ဖြေ။ ။ ဒီနေရာမှာ နိုင်ငံတော်အဆင့်နဲ့ ဆောင်ရွက်မယ့်လုပ်ငန်းတွေ ပါဝင်သလို အချို့လုပ်ငန်းတွေမှာ နိုင်ငံတော်နဲ့ ပူးပေါင်းပြီး ပြည်တွင်း လုပ်ငန်းရှင်တွေနဲ့ လုပ်ငန်းရှင် အချင်းချင်း ပူးပေါင်းဆောင်ရွက်ရမယ့် လုပ်ငန်းတွေ ပါဝင်လာမှာဖြစ်ပါတယ်။ အချို့လုပ်ငန်းတွေကတော့ PPP လို့ပြောလို့ရတဲ့ Private  ကဏ္ဍမှာ ပုဂ္ဂလိက ကဏ္ဍကပဲ သီးသန့်ဆောင်ရွက်မယ့် လုပ်ငန်းတွေလည်း ပါဝင်မှာဖြစ်တဲ့အတွက် ဒီလုပ်ငန်းတွေက နိုင်ငံတော်ရဲ့ ကာလရှည် မဟာဗျူဟာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းမှာ အထူးအရေးပါတဲ့ လုပ်ငန်းကြီးတွေ ဖြစ်လာမယ်လို့ မျှော်လင့်လို့ရပါတယ်။ 

 

မေး။ ။ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကနေ ပြည်သူတွေလူနေမှုဘဝ မြင့်မားတိုးတက်စေဖို့ ဆောင်ရွက် ပေးမယ့်လုပ်ငန်းစဉ်တွေ ရှိရင်လည်း ပြောပြပေးပါ။ 

 

ဖြေ။ ။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအရေးပါတဲ့ လျှပ်စစ်စွမ်းအား ကဏ္ဍကိုလည်း သက်ဆိုင်ရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဆောင်ရွက်ကြတဲ့ အစီအမံတွေနဲ့ ပေါင်းစပ်ပြီးတော့ နိုင်ငံတော်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လယ်ယာကဏ္ဍမှာဆိုရင်လည်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်စေဖို့၊ ဆင်းရဲနွမ်းပါးမှုကို လျှော့ချဖို့နဲ့ စက်မှုနိုင်ငံတော်ကို ထူထောင်နိုင်ဖို့ဆိုတဲ့ ရည်မှန်းချက်တွေနဲ့အညီ ဆောင်ရွက်နေပါတယ်။ 

 

နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒ ၁၂ ရပ် အနက်မှာလည်း e-Government  လုပ်ငန်းစဉ်တွေ၊ Data ID အချက်အလက်တွေကို ကျင့်သုံးနိုင်ဖို့ဆိုတာ ပါဝင်ပါတယ်။ ဒါကြောင့် အခြား တိုးတက်နေတဲ့ နိုင်ငံများနဲ့အညီ နည်းပညာပိုင်း ဖွံ့ဖြိုးတိုးတက်အောင် စီမံကိန်းတွေချမှတ်ပြီး ဆောင်ရွက်နေပြီဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်တဲ့အခါမှာလည်း ပြည်ပက ချေးငွေရယူ ဆောင်ရွက်တဲ့အခါ ကာလ အပိုင်းအခြားအလိုက် ပြန်လည်ပေးဆပ်ရမယ့် ငွေကြေးတွေကို တိတိကျကျ မှန်မှန်ကန်ကန် ပေးဆပ်နိုင်ခဲ့တဲ့အတွက် နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ပြီးတော့ မြှင့်တင် ပေးနေတာဖြစ်ပါတယ်။

 

မေး။ ။ နိုင်ငံက ပြည်သူတွေအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အစိုးရနှစ်နှစ်နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ အစိုးရနှစ်နှစ်တာ ကာလတာဝန်ယူမှု အပိုင်းကိုရော ဘယ်လိုများ ဖြည့်စွက်တင်ပြ လိုပါသလဲရှင့်။ 

 

ဖြေ။ ။ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ လူဦးရေပုံစံအချိုးအစားမှာ အလုပ်လုပ်နိုင်တဲ့ သက်တမ်းရှိလူငယ် လူရွယ်တွေ အများကြီး ရှိပါတယ်။ သို့သော် နိုင်ငံတွင်း အလုပ်လုပ်ကိုင်နိုင်တဲ့ အခွင့်အလမ်းနည်းပါး နေတာကြောင့် ကျေးလက်မှာ အလုပ်လုပ်နိုင်တဲ့ လူဦးရေ နည်းပါးလာတာကို တွေ့ရပါတယ်။ SMEs လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရာမှာလည်း ခေတ်မီနည်းပညာတွေကို အသုံးပြုလက်ခံပြီး ကျင့်သုံးနိုင်မယ့် စွမ်းရည်ရှိပြီး အရည်အသွေး ရှိသူတွေ ရှိဖို့ လိုအပ်နေပါတယ်။ ဒါကြောင့် လူငယ်တွေကို စွမ်းဆောင်ရည် မြင့်မားတဲ့ လူငယ်တွေဖြစ်လာဖို့ ပညာရေး၊ လူမှုရေးနဲ့ ကျန်းမာရေးကဏ္ဍများပေါင်းစပ်ပြီး နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေတွေ ဦးစားပေးပြီး သုံးစွဲသွားမှာ ဖြစ်ပါတယ်။ 

 

ဝန်ကြီးဌာနကနေ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ရာမှာ သက်တမ်းကာလအတွင်း နိုင်ငံရဲ့ ပကတိအခြေ အနေတွေကို စဉ်းစား သုံးသပ်ပြီး ဦးစားပေးဆောင်ရွက်ရမယ့် မဟာဗျူဟာလုပ်ငန်းတွေကို ဆောင်ရွက်မယ့် ကာလ၊ အရည်အသွေးနဲ့ ရှိတဲ့စွမ်းအားတွေကို အခြေခံပြီး တစ်ဖက်မှာလည်း လွှတ်တော် အဆင့်ဆင့်ကို တင်ပြပြီး ပြည်သူတွေရဲ့ လိုအပ်ချက်ကို ပေါင်းစပ်ဆောင်ရွက်နေတယ် ဆိုတာကို ပြောကြားလိုပါတယ်။ 

 

ဦးမောင်မောင်ဝင်း ဒုတိယဝန်ကြီး 

 

 

မေး။ ။ နိုင်ငံတော်ရဲ့ဘဏ္ဍာရေးမူဝါဒဆိုင်ရာ ဆောင်ရွက်မှုတွေကို ရှင်းပြပေးပါရှင့်။ 

 

ဖြေ။ ။ ကျွန်တော်တို့ ဝန်ကြီးဌာနရဲ့ လက်အောက်မှာ ဌာနပေါင်း ၂၀ ရှိပါတယ်။ အဲဒီဌာနပေါင်း ၂၀ အနက်မှာ စီမံကိန်းနဲ့ ပတ်သက်တဲ့လက်အောက်မှာ ဌာန ခုနစ်ခုရှိပြီး ဘဏ္ဍာရေး လက်အောက်မှာ ဌာန ၁၃ ခု ရှိပါတယ်။ ဘဏ္ဍာရေးနဲ့ပတ်သက်ပြီး အစိုးရ ရဲ့သက်တမ်း နှစ်နှစ်အတွင်းမှာ ကြိုးပမ်းဆောင်ရွက်ချက်တွေလည်း များစွာရှိပါတယ်။ အဲဒီမှာ အပိုင်းအားဖြင့် သုံးပိုင်းရှိပြီး ဘဏ္ဍာရေး မူဝါဒဆိုင်ရာကဏ္ဍ၊ ဘဏ်လုပ်ငန်းပိုင်းဆိုင်ရာ ကဏ္ဍနဲ့ အာမခံလုပ်ငန်း၊ အသေးစား ချေးငွေလုပ်ငန်းနဲ့ အရင်းအနှီးဈေးကွက် ပိုင်းဆိုင်ရာ ကဏ္ဍတွေ ဖြစ်ပါတယ်။ 

 

ဘဏ္ဍာရေးမူဝါဒပိုင်းဆိုင်ရာကဏ္ဍ 

 

ဘဏ္ဍာရေးမူဝါဒမှာ အဓိကအားဖြင့် အခွန်ကောက် မူဝါဒနဲ့ အသုံးစရိတ် မူဝါဒဆိုပြီး နှစ်ပိုင်းရှိပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၀ဝ ရဲ့ ပုဒ်မခွဲ (ခ)မှာလည်း ပြည်ထောင်စုအစိုးရ အဖွဲ့ကသာ တင်သွင်းခွင့် ရှိတဲ့ ဥပဒေသုံးခုကို ပြဋ္ဌာန်းထားပါတယ်။ ပြည်ထောင်စုရဲ့ နှစ်စဉ် အမျိုးသားစီမံကိန်း ဥပဒေ၊ ပြည်ထောင်စုရဲ့ နှစ်စဉ်ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေနဲ့ ပြည်ထောင်စုရဲ့ နှစ်စဉ်အခွန်အကောက်ဆိုင်ရာ ဥပဒေတို့ ဖြစ်ပါတယ်။ လွှတ်တော်ကို တင်သွင်းရာမှာလည်း ပြည်ထောင်စု လွှတ်တော်ကို တင်သွင်းရပြီး ဆွေးနွေး ဆုံးဖြတ်ကြပြီး အတည်ပြု ပြဋ္ဌာန်းကြပါတယ်။ ဒီဥပဒေသုံးခုစလုံးကို ကျွန်တော်တို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနက တာဝန်ယူရေးဆွဲပြီး သက်ဆိုင်ရာ ဘဏ္ဍာရေး ကော်မရှင်၊ စီမံကိန်း ကော်မရှင်တွေကို ဖြတ်သန်း ပြီးတော့မှ လွှတ်တော်ကို ပေးပို့ခြင်းဖြစ်ပါတယ်။

 

 

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ရေးဆွဲတဲ့ ဥပဒေတွေထဲမှာ အခွန်အကောက် ဆိုင်ရာ ဥပဒေလည်းပါပြီး အခွန်အကောက်တွေ တိုးမြှင့်ကောက်ခံရရှိရေး တစ်ခုတည်းကိုပဲ ကြည့်တာမဟုတ်ပါဘူး။ အခွန်အကောက်ကို နိုင်ငံတော်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကြိုးပမ်းရာမှာ လက်နက်ကိရိယာ တစ်ခုအဖြစ် အသုံးပြုရတာ ဖြစ်ပါတယ်။ ပြည်တွင်းအခွန်များ ဦးစီးဌာနသည်လည်း အဆင့်ဆင့် အခွန်ရုံးများကို တိုးချဲ့ဖွင့်လှစ် ထားနိုင်ခဲ့ပါတယ်။ ဒီလို ဆောင်ရွက်ရတာကတော့ အရင်က အခွန်ထမ်းဖို့အတွက် လူကိုယ်တိုင် ကောက်ယူတဲ့ စနစ်ကနေ နောက်ပိုင်းမှာ အခွန်ထမ်းကနေ မိမိကိုယ်တိုင် မိမိထမ်းဆောင်ရမယ့် အခွန်ကို တွက်ချက်စည်းကြပ်ပြီး တာဝန်ထမ်းဆောင်စေတဲ့ စနစ်ကို ဖော်ဆောင်ခြင်း ဖြစ်ပါတယ်။ ပြည်တွင်း အခွန်များ ဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာနတို့မှာ စနစ်ပိုင်းဆိုင်ရာ၊ လုပ်ငန်းပိုင်းဆိုင်ရာတွေကို ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်နေပါတယ်။ အကောက်ခွန်ဦးစီး ဌာနမှာဆိုရင် မြန်မာ့အလိုအလျောက် ကုန်ပစ္စည်း ရှင်းလင်းရေးစနစ် (Myanmar Automated Cargo Clearance System -MACCS) စနစ်ကို ရန်ကုန်မြို့ဆိပ်ကမ်းတွေမှာ လုပ်ဆောင်တဲ့အတွက် ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်တွေ အချိန်ကုန်သက်သာပြီး လုပ်ငန်းအဆင်ပြေခဲ့ပြီဖြစ်ပါတယ်။ ဒီစနစ်ကို ရန်ကုန်မြို့တွင်သာမက မြဝတီ၊ မူဆယ်စတဲ့ နယ်စပ်ကုန်သွယ်ရေး စခန်းတွေမှာလည်း ကျင့်သုံးဖို့ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု စွမ်းဆောင်ရည်များ မြှင့်တင်ခြင်းကိုလည်း ဆောင်ရွက်နေပါတယ်။ နိုင်ငံတော်ရဲ့ရငွေ၊ သုံးငွေ အခြေအနေတွေနဲ့ ပြည်သူတွေအတွက် ထိရောက်ပြီး အကျိုးရှိမယ့် စီမံကိန်းတွေမှာ သုံးစွဲနိုင်ဖို့ စိစစ်ပြီးတော့ လွှတ်တော်နဲ့ ပေါင်းစပ် ဆောင်ရွက်ပေးနေပါတယ်။

 

 

မေး။ ။ ဘဏ်လုပ်ငန်းပိုင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်တွေကိုလည်း ဖြေကြားပေးပါရှင့်။ 

 

ဖြေ။ ။ ကျွန်တော်တို့ဆီမှာ နိုင်ငံတော် ဘဏ်လေးခု ရှိပါတယ်။ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် တို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဟာ အစိုးရ ဘဏ်တွေရော၊ ပုဂ္ဂလိက ဘဏ်တွေကိုရော ကြီးကြပ် ကွပ်ကဲရမယ့် တာဝန်ရှိပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနကတော့ နိုင်ငံတော်ဘဏ်လေးခုရဲ့ ပိုင်ရှင်အဖြစ်နဲ့ နိုင်ငံတော်အစိုးရကိုယ်စား စီမံခန့်ခွဲမှု တာဝန်တွေကို ယူပြီးဆောင်ရွက် ပေးရပါတယ်။ နိုင်ငံတော်က နိုင်ငံတော် ဘဏ်တွေကို အသုံးပြုပြီး ပြည်သူ့ အကျိုးအတွက် လိုအပ်တဲ့ မူဝါဒပိုင်းဆိုင်ရာ ချေးငွေတွေ ဥပမာအားဖြင့် SMEs ချေးငွေတွေ၊ လယ်ယာကဏ္ဍ ချေးငွေတွေကို ချေးပေးနေပါတယ်။ ဒီလိုချေးငွေပေးရာမှာလည်း ဂျပန်နိုင်ငံရဲ့ ဖွံ့ဖြိုးရေး အစီအစဉ်ကနေ အတိုးနှုန်း သက်သက်သာသာနဲ့ ချေးယူနိုင်ခဲ့တဲ့အတွက် အစိုးရကနေ ပြန်လည် ချေးငွေထုတ်ပေးတဲ့အခါ ပိုပြီးအဆင်ပြေလာပါတယ်။ ကျွန်တော်တို့ စီးပွားရေး ဘဏ်ကနေလည်း လယ်ယာကဏ္ဍ၊ SMEs ကဏ္ဍတွေအပြင် ဆောက်လုပ်ရေး ကဏ္ဍတွေမှာ ချေးငွေထုတ်ပေးတာတွေလည်း ရှိပါတယ်။

 

 

မေး။ ။ အာမခံလုပ်ငန်း၊ အသေးစား ချေးငွေလုပ်ငန်းနဲ့ ငွေကြေးဈေးကွက်ဆိုင်ရာတွေမှာ ဆောင်ရွက်နေတဲ့ အခြအနေတွေကိုလည်းရှင်းပြပေးပါရှင့်။

 

ဖြေ။ ။အာမခံလုပ်ငန်းမှာ နိုင်ငံပိုင်အာမခံ လုပ်ငန်းတစ်ခု၊ ပုဂ္ဂလိက အာမခံလုပ်ငန်းက ၁၁ ခု ရှိလာပြီ ဖြစ်ပါတယ်။ နိုင်ငံမှာ အာမခံ အမျိုးအစား ၁၈ မျိုးအထိ တိုးမြှင့်ဆောင်ရွက်နေပါတယ်။ နိုင်ငံရဲ့ ဂျီဒီပီ၊ နိုင်ငံ့လူဦးရေနဲ့ နှိုင်းယှဉ်ရင်တော့ အာမခံလုပ်ငန်းဟာ နည်းပါးနေပါသေးတယ်။ ဒါကြောင့် နိုင်ငံခြားအာမခံ ကုမ္ပဏီတွေရဲ့ ကိုယ်စားလှယ်ရုံးခွဲ ၂၆ ခုကို ခွင့်ပြုပေးခဲ့ပါတယ်။ ဒီ ၂၆ ခုကို အခြေပြုပြီး နိုင်ငံခြား အာမခံ ကုမ္ပဏီတွေလည်း ပြည်တွင်းမှာ ဆောင်ရွက်မယ်ဆိုရင် ခွင့်ပြုနိုင်အောင် စီစဉ်သွားမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းတွေ ဆောင်ရွက်ရာမှာလည်း အတိုင်ပင်ခံကုမ္ပဏီကို ငှားရမ်းပြီးတော့မှ လုပ်ငန်းပြည့်စုံ ကောင်းမွန်အောင် ဆောင်ရွက်နေပါတယ်။ 

 

 

မေး။ ။ အသေးစားချေးငွေ လုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ လုပ်ငန်းအကြောင်းကို လည်းသိပါရစေ။ 

 

ဖြေ။ ။ ဒီလိုလုပ်ငန်းတွေကို အခြေခံ လူတန်းစားတွေဖြစ်တဲ့ ခေါင်းရွက်ဗျပ်ထိုးဈေးသည်ကစလို့ ကျေးလက်မှာဆိုလည်း တစ်ပိုင်တစ်နိုင် လုပ်ငန်းလေးတွေ အပါအဝင် လုပ်ငန်းငယ်လေးတွေအတွက် အသေးစားချေးငွေ လုပ်ငန်းကို တိုးချဲ့ဆောင်ရွက် ပေးနေပါတယ်။ အခုဆိုရင် အဖွဲ့အစည်းပေါင်း ၁၇၆ ခုရှိပြီး တိုင်းနှင့် ပြည်နယ် အားလုံးမှာလည်း ဆောင်ရွက်မှုတွေ မြှင့်တင်နေပါတယ်။ လူဦးရေအားဖြင့် ၃ ဒသမ ၂ သန်း အထိ ချေးငွေထုတ်ပေးပြီး ငွေအားဖြင့် ဘီလီယံ ၃၈၀ဝ ကျော် လည်ပတ်ဆောင်ရွက် ပေးနေပါတယ်။ ဒါကြောင့် အခြေခံ လူတန်းစားတွေအတွက် များစွာ အကျိုးရှိစေခဲ့ပါတယ်။ 

 

မေး။ ။ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချက်တွေကိုလည်း ပြောပြပေးပါရှင့်။

 

ဖြေ။ ။ အရင်းအနှီးဈေးကွက်ဟာ နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း များစွာအရေးပါပါတယ်။ လုပ်ငန်းတွေ စတင်တည်ထောင်လိုတဲ့အခါ၊ လုပ်ငန်းချဲ့ထွင်လိုတဲ့အခါ လိုအပ်တဲ့အရင်းအနှီးတွေကို အရင်းအနှီး ဈေးကွက်မှာ လာရောက်ရှာဖွေနိုင်ပါတယ်။ ဝန်ကြီးဌာနကနေ တည်ထောင်ပေးထားတဲ့ အရင်းအနှီး ဈေးကွက်ကတော့ အခုဆိုရင် ရန်ကုန်စတော့အိတ်ချိန်းဖြစ်ပြီး နှစ်နှစ်တာကာလရှိခဲ့ပါပြီ။ နှစ်နှစ်တာအတွင်းမှာ လုပ်ငန်းငါးခုကနေ စတော့ရှယ်ယာတွေကို အရောင်းအဝယ်လုပ်ပါတယ်။ အရောင်းအဝယ်လုပ်ပေးတဲ့ ငွေချေးသက်သေခံ လက်မှတ် ကုမ္ပဏီက ခြောက်ခုရှိပါတယ်။ ရင်းနှီးမြှုပ်နှံလိုသူတွေဟာ ရောင်းနိုင် ဝယ်နိုင်ပြီး ဒီလုပ်ငန်းတွေကို ကြီးကြပ်ကွပ်ကဲဖို့ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကော်မရှင်ကို ဖွဲ့စည်း ဆောင်ရွက်စေပါတယ်။ မကြာမီ အရင်းအနှီးဈေးကွက်ကိုလည်း ဆက်လက်တိုးချဲ့သွားဖို့ နိုင်ငံတော် အစိုးရက ရည်မှန်းထားပါတယ်။

 

ဦးဆက်အောင် ဒုတိယဝန်ကြီး 

 

 

မေး။ ။ စီမံကိန်း လုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါ ပြောင်းလဲကျင့်သုံးခဲ့တဲ့ ပုံသဏ္ဌာန် တွေရှိရင်လည်း သိပါရစေရှင့်။

 

ဖြေ။ ။ အမြဲတမ်း ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေထက် နောက်ပိုင်းမှာ ထူးထူးခြားခြား ဆောင်ရွက်သွားမယ့် လုပ်ငန်းတွေ အကြောင်းကို ပြောကြားလိုပါတယ်။ ပထမအချက် အနေနဲ့က အဓိက ပြောင်းလဲမှုကြီး တစ်ရပ်က စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသေးစိတ် ဗျူဟာတွေနဲ့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီမှာ ထူးခြားချက်က အရင်လက်ထက်တွေမှာတော့ ကျွန်တော်တို့ မူဝါဒလားရာဆိုတဲ့ ဦးတည်ချက်တွေကို ဆောင်ရွက်ပါတယ်။ အဲဒီလိုမူဝါဒတွေ ထုတ်ပြန်ခဲ့ပေမယ့်လည်း တကယ်တမ်း အကောင်အထည်ဖော် ဆောင်နိုင်မယ့် ဗျူဟာ အသေးစိတ်နဲ့ လုပ်ငန်းစဉ် အသေးစိတ်တွေကို ရေးဆွဲနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ အဲဒီလို ဗျူဟာ အသေးစိတ်၊ လုပ်ငန်းစဉ် အသေးစိတ်တွေ မရှိတဲ့အတွက် မူဝါဒတွေကို အကောင်အထည်ဖော်ရာမှာ အားလုံး ပြီးပြည့်စုံတဲ့ ရှုထောင့်ပေါင်းစုံက ဆောင်ရွက်နိုင်တဲ့ အခြေအနေ မရှိတော့ ဆောင်ရွက်မှု အားနည်းခဲ့တယ်လို့ ပြောရမှာဖြစ်ပါတယ်။ အခုအချိန်မှာတော့ အသေးစိတ်မူဝါဒတွေ၊ အသေးစိတ် လုပ်ငန်းစဉ်တွေကို ချမှတ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီလိုဗျူဟာတွေ၊ လုပ်ငန်းစဉ်တွေ ချမှတ်နိုင်တာနဲ့ အကောင်အထည်ဖော်တာနဲ့ဆိုရင် အကောင်အထည်ဖော်တဲ့ လုပ်ငန်းဟာလည်း ပိုပြီးအရေးကြီးပါတယ်။ 

 

မေး။ ။ စီးပွားရေးမူဝါဒတွေ အကောင်အထည်ဖော်ဖို့အတွက် အသေးစိတ်ဆောင်ရွက်နေတဲ့ အပိုင်းကိုလည်း သိပါရစေ။ 

 

ဖြေ။ ။ မူဝါဒတွေရဲ့ ဗျူဟာနဲ့ လုပ်ငန်းစဉ် အသေးစိတ်တွေကို အကောင်အထည်ဖော်ရာမှာလည်း လုပ်ငန်းစဉ် သုံးခုချမှတ်ပြီး ဆောင်ရွက်နေပါတယ်။ ပထမအဆင့်က အသေးစိတ် ဗျူဟာတွေ၊ လုပ်ငန်းစဉ်တွေရဲ့ အောက်မှာ လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ စီမံကိန်းတွေကို စတင်ဆောက်ရွက်ရပါတယ်။ ဒီလို စီမံကိန်းတွေကို ဖော်ထုတ်ပြီးတဲ့ အချိန်မှာ အဲဒီစီမံကိန်းတွေထဲက အရေးကြီးတဲ့ စီမံကိန်းတွေ၊ ဦးစားပေးရမယ့် စီမံကိန်းတွေကို ကျွန်တော်တို့က ဆွဲထုတ်ရပါတယ်။ အရင်ကတော့ နိုင်ငံတော် ဘတ်ဂျက်နဲ့ ဆောင်ရွက်မယ့် စီမံကိန်းတွေကိုပဲ ဆွဲထုတ်ပါတယ်။ အခုအချိန်မှာတော့ ဦးစားပေး စီမံကိန်းတွေထဲကမှ ဘယ်စီမံကိန်းတွေကို ပုဂ္ဂလိကလုပ်ငန်းတွေနဲ့ ပူးပေါင်းပြီးဆောင်ရွက်မလဲ၊ ဘယ်လို စီမံကိန်းတွေကို နိုင်ငံတော်က ရင်းနှီးပြီးတော့ ဆောင်ရွက်မလဲ၊ ဘယ်လိုစီမံကိန်းတွေကို ဖွံ့ဖြိုးမှု အကူအညီတွေနဲ့ ဆောင်ရွက်မလဲဆိုတာကို ဒုတိယအဆင့် အနေနဲ့ ဆွဲထုတ်ရပါတယ်။ ဒါကိုမှ နောက်ဆုံးအဆင့်ဖြစ်တဲ့ PPP လို့ခေါ်တဲ့ နိုင်ငံတော်က ဆောင်ရွက်မှုနဲ့ နိုင်ငံတော်ရဲ့ ဗျူဟာတွေကို ဘယ်လိုဘယ်နည်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက်မယ်ဆိုတဲ့ အစီအစဉ်ကို ပွင့်လင်းမြင် သာစွာနဲ့ ဖော်ထုတ်ပေးမှာဖြစ်ပါတယ်။ 

 

အဲဒီတော့ အဲဒီလိုစီမံကိန်းတွေ လုပ်ဆောင်ရာမှာလည်း သေချာစွာဆောင်ရွက်ပေးနိုင်ဖို့ စောင့်ကြည့်ပေးမယ့် အစီအစဉ်တွေကိုလည်း ကျွန်တော်တို့ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ငန်းစဉ်တွေမှာ ထူးခြားတဲ့ အဓိကအချက်တွေက ကျွန်တော်တို့သည် စီမံကိန်းနဲ့ ဘတ်ဂျက် ဆက်စပ်မှုကို အမြဲတမ်းဆောင်ရွက်နေ တာဖြစ်ပြီး အခုချိန်မှာ စီမံကိန်းနဲ့ ဘတ်ဂျက်ချိတ်ဆက်မှုတစ်ခု တည်းတင်မဟုတ်တော့ဘဲ စီမံချက်၊ စီမံကိန်းနဲ့ ငွေကြေးအရင်းအမြစ်စတဲ့ သုံးခုကိုသေသေချာချာ ချိတ်ဆက်ဆောင်ရွက်နေတာဖြစ်ပါတယ်။ ခေတ် အဆက်ဆက်ကနေ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ မိမိသက်ဆိုင်ရာဌာနကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်တဲ့ အစီအစဉ်တွေနေရာမှာ နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဌာနပေါင်းစုံ၊ ကဏ္ဍပေါင်းစုံပေါင်းစပ် ပြီးတော့ ဆောင်ရွက်တဲ့စနစ်ကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီစနစ်ကို စတင်ကူးပြောင်းနိုင်ပြီ ဆိုရင်တော့ ဌာနအချင်းချင်း၊ ကဏ္ဍအချင်းချင်း ပေါင်းစပ်မှုတွေကလည်း ထိရောက်တဲ့ ပေါင်းစပ်မှုတွေ ဖြစ်လာမှာပါ။ အဲဒီအချိန်မှာတော့ ကျွန်တော်တို့ အမြဲတမ်းဆောင်ရွက်နေတဲ့ National Development Plan မှာလည်း အားလုံးပုံစံအသစ်နဲ့ ပြန်ပြီးတော့ ပူးပေါင်း ပါဝင်နိုင်မှာ ဖြစ်ပါတယ်။ ။

 

တွေ့ဆုံမေးမြန်း - ခင်ရတနာ