စီးပွားရေးအဆင့်အတန်းအဆင့်ဆင့်တက်လှမ်း

mdn

နေပြည်တော် ၃ နိုဝင်ဘာ

 

မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ပိုမိုလွယ်ကူလာစေရေးအတွက် ကမ္ဘာ့ဘဏ်၏ Ease of Doing Business တွင် လေ့လာစစ်တမ်းကောက်ယူသည့် အစီအစဉ်၌ ၂၀၁၄ ခုနှစ်မှစတင်၍ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။ အစီအစဉ်တွင် စတင်ပါဝင်ချိန်၌ ပါဝင်သည့်နိုင်ငံပေါင်း ၁၈၉ နိုင်ငံရှိခဲ့ရာ မြန်မာနိုင်ငံသည် အဆင့် ၁၈၂ တွင် ရပ်တည်ခဲ့သည်။

 

မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင်ကူးပြောင်းမှု အပြောင်းအလဲကာလ အတွင်း စီးပွားရေးပြုပြင်ပြောင်း လဲမှုများဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ် အစီရင်ခံစာကာလတွင် EDB ၌ပါဝင်သောနိုင်ငံပေါင်း ၁၉၀ ရှိသည့်အနက် မြန်မာနိုင်ငံသည် အဆင့် ၁၇၁ သို့ရောက်ရှိလာရာ စီးပွားရေးအဆင့် တစ်ဆင့် တိုးတက်မြင့် မားမှုရရှိလာပြီဟု ဆိုရမည်ဖြစ်သည်။

 

ကမ္ဘာ့ဘဏ်က ယခုနှစ်တွင်ထုတ်ပြန်ခဲ့သည့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်လွယ်ကူမှု ၂၀၂၀ အစီရင်ခံစာတွင်လည်း စီးပွားရေးလုပ်ငန်း များလုပ်ကိုင်ရန် လွယ်ကူအောင် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာ တွင် တိုးတက်မှုအကောင်းဆုံး နိုင်ငံ ၂၀၌ မြန်မာနိုင်ငံပါဝင်ကြောင်း ကမ္ဘာ့ဘဏ် ၏ Doing Business ဝက်ဘ်ဆိုက်တွင် ဖော်ပြထားရာ မြန်မာနိုင်ငံသည် ထူးခြားသည့် အောင်မြင်မှုရလဒ်ကောင်းတစ်ခု စတင်ရရှိလာပြီဟုလည်း ပြောဆိုနိုင်ပြီဖြစ်သည်။

 

အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးပတ်ဝန်းကျင် တိုးတက်ကောင်းမွန်စေရန်အတွက် လုပ်ငန်း နယ်ပယ်ငါးရပ်၌ သိသာသည့်တိုးတက်မှုများကို ဖော်ဆောင်နိုင်သည်ဟု ဖော်ပြထားသည်။ ထိုလုပ်ငန်းနယ်ပယ် ငါးရပ်မှာ ဆောက်လုပ်ခွင့်ရယူခြင်း၊ စီးပွားရေးလုပ်ငန်းတစ်ခုစတင်ခြင်း၊ ပိုင်ဆိုင်မှု မှတ်ပုံတင်ခြင်း၊ ပဋိညာဉ် အတည်ပြုဆောင်ရွက်ခြင်း၊ အနည်းစုရင်းနှီးမြှုပ်နှံသူများအား အကာအကွယ် ပေးခြင်းတို့ပါဝင်သည်။

 

ထို့ပြင် မြန်မာနိုင်ငံ၏ စီးပွားရေးရမှတ်သည် ၄၆ ဒသမ ၈ မှတ်ရရှိခဲ့သည့်အတွက် ယခင်နှစ်ရရှိသည့်ရမှတ် ၄၃ ဒသမ ၅ မှတ်ထက် ပျမ်းမျှရမှတ် တိုးတက်ရရှိခဲ့သည်။ ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုကို ယထာဘူတကျကျ စိစစ်လေ့လာခဲ့ပြီး ကမ္ဘာ့ဘဏ်၏ အညွှန်းကိန်း ၁၀ ခုတွင် ငါးခုတိုးတက်ခဲ့ပြီး ကျန်ငါးခုတွင် နှစ်ခုမှာ အပြောင်းအလဲမရှိဘဲ သုံးခုမှာ ကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။ အကောင်းဆုံး အညွှန်းကိန်းများမှာ ဆောက်လုပ်ခွင့်ရယူခြင်း၊ စီးပွားရေးလုပ်ငန်းတစ်ခု စတင်ခြင်းနှင့် ပိုင်ဆိုင်မှု မှတ်ပုံတင်ခြင်းတို့ဖြစ်သည်။

 

မြန်မာနိုင်ငံအပေါ် ကမ္ဘာ့ဘဏ်က စိစစ်လေ့လာသော စီးပွားရေး စစ်တမ်းအရ တိုးတက်မှုများ၊ မတိုးတက် မှုများ၊ လိုအပ်ချက်များမှာ အမှန်တကယ်ပင်ဖြစ်သည်။ နိုင်ငံပေါင်း ၁၉၀ နှင့်ယှဉ်ပြိုင်ရခြင်းဖြစ်သည့် အတွက် စီးပွားရေးဝန်းကျင် တိုးတက်ကောင်းမွန်ရေး ပြုပြင်ပြောင်းလဲမှုများကိုဆောင်ရွက်ရာတွင် လက်ရှိထက် အစွမ်းကုန်ကြိုးပမ်းအားထုတ်ရန် လိုအပ်နေသည်မှာ အမှန်ဖြစ်သည်။ မှန်မှန်ကန်ကန် ကျယ်ကျယ်ပြန့်ပြန့် အသိပေးထားသော စီးပွားရေးစစ်တမ်းများသည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်သည့် အခါ၌ ထိုက်တန်သည့်ရမှတ်များနှင့်အဆင့်များ တိုးတက်ရရှိနိုင်အောင် အထောက်အကူပြုမည်ဖြစ်သည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာဘက်တွင် အဘက်ဘက်မှ ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်မှုများ ကြောင့် အတိုင်းအတာတစ်ခု အထိ တိုးတက်အောင်မြင်မှုများ ရရှိလာသည်ဟုဆိုနိုင်ပြီး ယင်းအောင်မြင်မှု နှင့်ကျေနပ်မနေဘဲ တစ်နှစ်ထက်တစ်နှစ် အဆင့်မြင့် သထက်မြင့်အောင် ဝိုင်းဝန်းပူးပေါင်းလက်တွဲ ကြိုးပမ်း ဆောင်ရွက် နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ။

 

ကြေးမုံ