စီးပွားရေးစိန်ခေါ်မှုများ ကျော်လွှား

နေပြည်တော် ၂၂ ဇူလိုင်

 

တိုင်းပြည်တစ်ပြည်တွင် ပို့ကုန်ထက်သွင်းကုန်ပိုများပါက ကုန်သွယ်မှုလိုငွေပြခြင်းနှင့်အတူ နိုင်ငံခြားငွေပိုမို လိုအပ်လာသည်။ မြန်မာနိုင်ငံတွင် နိုင်ငံတော်နှင့်ပြည်သူအတွက် အဓိကလိုအပ်သည့်ကုန်ပစ္စည်းများကို ပြည်ပမှ မှာယူတင်သွင်းနေရသည်။ ထို့ကြောင့် နိုင်ငံခြားငွေလည်းပိုမိုလိုအပ်လျက်ရှိသည်။

 

ယခုအခါ နိုင်ငံခြားငွေလဲလှယ်နှုန်းများ တည်ငြိမ်မှုမရှိဘဲ အမေရိကန်ဒေါ်လာငွေနှင့်လဲလှယ်ရာတွင် မြန်မာ ကျပ်ငွေတန်ဖိုးကျဆင်းလာမှုကြောင့် မြန်မာ့စီးပွားရေးလောကတွင် ဂယက်ရိုက်ခတ်လာသည်။ နိုင်ငံခြားငွေ တန်ဖိုးတက်ခြင်းသည် မြန်မာနိုင်ငံတွင် ဖြစ်လေ့ဖြစ်ထရှိပြီး လွန်ခဲ့သည့်နှစ်များစွာကလည်း မြင့်တက်ခဲ့ဖူးသည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက အမေရိကန်တစ်ဒေါ်လာဈေးနှုန်းမှာကျပ် ၁၄၄၀ နီးပါးအထိ စံချိန်တင် အမြင့်ဆုံးမြင့်တက်ခဲ့ပြီး ယခုကာလတွင် ကျပ် ၁၄၀ဝ ကျော်လာသည်ကို တွေ့ရသည်။

 

နိုင်ငံခြားငွေကြေးဈေးကွက်မြင့်တက်ခြင်းသည် ကုန်ထုတ်လုပ်ငန်းများနှင့် ကုန်သွယ်မှုလုပ်ငန်းများအားကြီးစွာ ဂယက်ရိုက်ခတ်မှုဖြစ်စေသည်။ တကယ်တမ်းတွင် နိုင်ငံ၏စီးပွားရေးအခြေအနေနှင့် လိုက်လျောညီထွေရှိပြီး တည်ငြိမ်သည့်နိုင်ငံခြားငွေလဲနှုန်းဖြစ်ဖို့ အရေးကြီးသည်။ ယနေ့ဖြစ်ပေါ်နေသော နိုင်ငံခြားငွေကြေး မြင့်တက်မှုသည် ကမ္ဘာ့ငွေကြေးစီးပွားရေးမူဝါဒ၊ ဈေးကွက်အနေအထားနှင့် အခြားစီးပွားရေးအကြောင်း အချက် များကြောင့် ဖြစ်ပေါ်နေခြင်းဖြစ်ပြီး မြန်မာတစ်နိုင်ငံတည်း ငွေကြေးဈေးကွက်မြင့်တက်ခြင်း၊ မြန်မာငွေတန်ဖိုး ကျဆင်းခြင်း မဟုတ်ချေ။

 

အမေရိကန်ဒေါ်လာ ငွေကြေးလဲလှယ်နှုန်း တန်ဖိုးကျဆင်းလာခြင်းမှာ မြန်မာတစ်နိုင်ငံတည်းမဟုတ်ဘဲ အခြားနိုင်ငံများ၏ ငွေကြေးတန်ဖိုးများပါ ကျဆင်းနေခြင်းဖြစ်သည်။ နိုင်ငံတကာငွေကြေးများဖြစ်သည့် ပေါင်စတာလင် ငွေကြေးများပါကျဆင်းနေပြီး တရုတ်ယွမ်ငွေနှင့် ကိုရီးယား ဝမ်ငွေတို့မှာ မြန်မာငွေတန်ဖိုး ကျဆင်းမှုရာခိုင်နှုန်းထက်ပင်ပိုများသည်ကို တွေ့ရသည်။

 

ထို့ကြောင့် ယနေ့နိုင်ငံခြားငွေတန်ဖိုး ကျဆင်းမှုသည် ကမ္ဘာ့အင်အားကြီးဖြစ်သည့် အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ ကုန်သွယ်ရာတွင် ကုန်သွယ်မှုလိုငွေကြာရှည်မှုဖြစ်ပြီး ကုန်သွယ်မှုချိန်ခွင်လျှာ မညီမျှမှုကို ချိန်ညှိ၍ သွင်းကုန်များအပေါ် အပြန်အလှန်ကောက်ခံရာမှ ပို့ကုန်တန်ဖိုးများ ကျဆင်းလာခြင်းဖြစ်သည်။ အင်အားကြီးနှစ်နိုင်ငံ၏ ကုန်သွယ်မှု ပြဿနာသည် ဆက်စပ်နေသည့် အခြားကုန်သွယ်ဖက်နိုင်ငံများကိုပါ ရိုက်ခတ်လာသည်။

 

မြန်မာငွေတန်ဖိုးကျဆင်းခြင်း၊ နိုင်ငံခြားငွေ တန်ဖိုးမြင့်မားခြင်းတို့ ဖြစ်ပေါ်နေချိန်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ တစ်နှစ်ထက်တစ်နှစ် တိုးတက်နေကြောင်း နိုင်ငံတော်နှင့် ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်ချက်အရ စိတ်သက်သာဖွယ်အနေအထားရှိသည်ဟု ဆိုနိုင်သည်။ မြန်မာနိုင်ငံအနေဖြင့် မြန်မာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်နိုင်ရန်အတွက် စီးပွားရေးစီမံကိန်းများ ချမှတ်ဆောင်ရွက်နေသည်။

 

လတ်တလော လုပ်ဆောင်မှုကိုတွန်းအားပေးနိုင်မည့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိပြီး စီးပွားရေးအတွက် အလားအလာ ကောင်းများလည်း ရှိနေပြီဖြစ်သည်။ သို့သော် ယခုကဲ့သို့သော နိုင်ငံခြားငွေ မတည်ငြိမ်မှု စိန်ခေါ်မှုများ လည်းရှိနေမည်ဖြစ်၍ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးနှင့် ကုန်စည်ဈေးနှုန်း မတည်ငြိမ်မှုတို့ကို သတိပြုရ မည်ဖြစ်သည်။

 

သို့ဖြစ်ရာ လတ်တလော ကြုံတွေ့နေရသော နိုင်ငံခြားငွေကြေးဈေးကွက်မတည်ငြိမ်မှုများကို ကျော်လွှား၍ မြန်မာနိုင်ငံ၏ စီးပွားရေးရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် စီးပွားရေးတည်ငြိမ်မှုနှင့် မိုက်ခရိုစီးပွားရေး စီမံခန့်ခွဲမှု အားကောင်းရေး လုပ်ငန်းများကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ