စီးပွားရေးကို အွန်လိုင်းစနစ်သို့ ကူးပြောင်းခြင်းလမ်းညွှန် (Good Practice Guide –GPG) များ ထုတ်ပြန်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ၁၈ ဒီဇင်ဘာ

 

စီးပွားရေးကို အွန်လိုင်းစနစ်သို့ ကူးပြောင်းခြင်းလမ်းညွှန် (Good Practice Guide –GPG) များ၏ အွန်လိုင်းမိတ်ဆက်အခမ်းအနားကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျနိုင်ငံသံရုံး၊ Austrade၊ AustCham နှင့် နည်းပညာ အထောက်အပံ့ပေးသူ Trade Worthy အဖွဲ့အစည်းတို့ ပူးပေါင်း၍ ဒီဇင်ဘာ ၁၁ ရက်  နံနက် ၁၀ နာရီ တွင် ကျင်းပသည်။

 

အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမင်းမင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံရုံးမှ ပထမအတွင်းဝန် Mr. Dylan Roux နှင့် မြန်မာနိုင်ငံအခြေစိုက် Austrade ရုံးမှ Senior Trade Commissioner ဖြစ်သူ Mr. Jeff Turner တို့က အဖွင့်အမှာစကားများ ပြောကြားသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကိုဗစ်ကပ်ရောဂါဖြစ်ပွားသည့် ကာလအတွင်း သမားရိုးကျပုံစံဖြင့် ရောင်းချခြင်းမှ အွန်လိုင်းစီးပွားရေးပုံစံသို့ ကူးပြောင်းလိုသည့် စားသောက်ကုန်စုံ ရောင်းချသည့်လုပ်ငန်းများ၊ စားသောက်ဆိုင်များ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများနှင့် လူသုံးကုန်ပစ္စည်း လက်လီရောင်းချခြင်း လုပ်ငန်းများအတွက် အထောက် အကူပြုအဖြစ် သြစတြေးလျနိုင်ငံ၊ DFAT ၏ ရန်ပုံငွေအထောက်အပံ့ဖြင့် Trade Worthy အဖွဲ့အစည်း၏ နည်းပညာအ ကူအညီကို ရယူကာ လမ်းညွှန်လေးမျိုးကို ထုတ်ဝေခြင်း ဖြစ်သည်။

 

GPG များတွင် အစိုးရ၏ စည်းမျဉ်းများနှင့် Industry Practice များနှင့်အညီ လုပ်ငန်း အမျိုးအစားအလိုက် အွန်လိုင်းသို့ ကူးပြောင်းရောင်းချရာ၌ ဆောင်ရွက်လေ့ရှိသည့် အဆင့်များနှင့် အကြံပြုချက်များ၊ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုကို တားဆီးလျှော့ချနိုင်ရေး ဆောင်ရွက်သင့်သည့် အချက်များ ပါဝင်ဖော်ပြထားသည်။

 

မိတ်ဆက်အခမ်းအနားတွင် ကပ်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများကို အွန်လိုင်းစနစ်သို့ ကူးပြောင်းရာတွင် ကြုံတွေ့ရသော စိန်ခေါ်မှုများ၊ အခက်အခဲများနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်းအစီအစဉ်ပါဝင်ပြီး ကုန်သွယ်ရေးဦးစီးဌာနကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးကိုကိုလေး၊ GPG များကို ပြုစုရာတွင် အချက်အလက်များ ထောက်ပံ့ ကူညီပေးခဲ့သည့် Industry Reference Group လုပ်ငန်းများအနက် Oway LLC က Founder and CEO ဦးနေအောင်နှင့် City Mart Holding Co Ltd. က Project Director Mr. Ronald Lee တို့က ပါဝင်ဆွေးနွေးခဲ့ပြီး Trade Worthy အဖွဲ့အစည်းက Mr. Danny Burrows က Moderator အဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့အပြင် ဆွေးနွေးပွဲတက်ရောက်သူများက မေးမြန်းသည့် မေးခွန်းများနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားခဲ့ကြသည်။

 

GPG များသည် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက် (CERP) ပါ လုပ်ငန်းစဉ်များကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်မည်ဖြစ်သည်။ ‘စီးပွားရေးကို အွန်လိုင်းစနစ်သို့ ကူးပြောင်းခြင်းလမ်းညွှန်’ Good Practice Guide (GPG) များကို https://trade-worthy.com/good-practice-guides-myanmar/ တွင် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် အခမဲ့ Download ရယူ ဖတ်ရှုနိုင်ကြောင်း သိရသည်။  

 

သတင်းစဉ်