စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်းများ ဖန်တီး

နေပြည်တော် ၄ နိုဝင်ဘာ

တတိယစက်မှုခေတ်မှ စတုတ္ထစက်မှုခေတ်သို့ ကူးပြောင်းနိုင်ရန် ကြိုးပမ်းနေကြစဉ်အတွင်း တွေ့ကြုံရသည့် စိန်ခေါ်မှုများနှင့် အလားအလာတို့ကို သိရှိနိုင်ရန် ဦးတည်သည့် (၃၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပနေပြီဖြစ်သည်။

နိုဝင်ဘာလ ၂ ရက်နေ့က ကျင်းပသည့် Asean Business and Investment Summit (ABIS) အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တတိယမြောက် စက်မှုအသွင်ကူးပြောင်းရေးမှ ပေါ်ထွန်းလာသော အသစ်အသစ်သော နည်းပညာများသည် ယခု စတုတ္ထမြောက် စက်မှုအသွင်ကူးပြောင်းရေးကို ဦးတည်စေခဲ့သည်ဟု ပြောကြားခဲ့သည်။ ။

၂၁ ရာစုကမ္ဘာကြီးကို အပြောင်းအလဲဖြစ်ပေါ်လာစေမည်မှာ စတုတ္ထ စက်မှုတော်လှန်ရေး Industrial 4.0 ဟုခေါ်ဆိုသည့် စတုတ္ထမြောက် စက်မှုအသွင်ကူးပြောင်းရေးပင်ဖြစ်သည်။ ယင်းသည် ၂၀၁၆ ခုနှစ်တွင် ကျင်းပခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်မှ စတင်ပေါ်ထွက်လာခြင်းဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်ကာလမှ စတင်ခဲ့သည့် စက်မှုတော်လှန်ရေးကို မျက်မှောက်ကာလအထိ တိုးတက်မှုအဆင့်အလိုက် ဆစ်ပိုင်းပြောင်းလဲကာ ပုံဖော်နေခြင်းဖြစ်သည်။ ယခုကျင်းပနေသော အာဆီယံထိပ်သီးအစည်း အဝေးတွင် “ASEAN Empowering 4.0” ဆောင်ပုဒ်ကို ချမှတ်ထားပြီး ထိုဆောင်ပုဒ်နှင့်အညီ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်း၊ လူ့စွမ်းအားအရင်းအမြစ် တိုးတက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အဓိကဖြစ်သည့် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းကိစ္စများကို အလေးထားဆွေးနွေးလျက်ရှိသည်။ ။

မြန်မာနိုင်ငံအနေဖြင့် စက်မှုအသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်၏ အစပိုင်းတွင်သာရှိနေသော်လည်း အသင့်ဖြစ်အောင် ပြင်ဆင်နေသည်။ အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် အာဆီယံတွင်ရှိသည့် ပညာရှင်များ၊ လူ့အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများအကြား ပူးပေါင်းဆောင်ရွက်မှု များတိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် အာဆီယံ ၄.၀ ကိုလိုက်ပါဆောင်ရွက်သွားရန် မျှော်လင့်ပါကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ “စက်မှုအသွင်ကူးပြောင်းမှုကြိုးပမ်းမှုများ အောင်မြင်ရေးသည် စဉ်ဆက်မပြတ် အားလုံးပါဝင်သည့် ဖွံ့ဖြိုးမှုကို အာမခံပေးနိုင်သော ပုဂ္ဂလိကကဏ္ဍ၏ စွမ်းဆောင်ရည်အပေါ်တွင် များစွာမူတည်သဖြင့် မြန်မာနိုင်ငံရှိ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အသွင်ကူးပြောင်းရေးတွင် ရှေ့တန်းမှ ပါဝင်နိုင်အောင် ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။

မြန်မာနိုင်ငံရှိအငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည် ပြည်တွင်းစီးပွားရေး၏ အဓိက မောင်းနှင်အားဖြစ်သည်။ ထိုလုပ်ငန်းများသည် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း သာမက တီထွင်ဆန်းသစ်မှု၊ ဖွံ့ဖြိုးမှု၊ ဆင်းရဲမှုလျှော့ချရေးနှင့် လူ့စွမ်းအား ဖွံ့ဖြိုးရေးတို့အတွက် အလွန်အရေးပါသည့်အဓိကအရင်းအမြစ်များဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများ ခေတ်နှင့်အမီလိုက်နိုင်ပြီး နည်းပညာသစ်များ၏ အခွင့်အလမ်းများရယူနိုင်စေရန် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်းများ ဖန်တီးပေးထားသည်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် စက်မှုအသွင် ကူးပြောင်းရေးဟူသည့် စကားမိတ်ဆက်ပေးပြီးနောက် ဒီမိုကရက်တစ် မြန်မာနိုင်ငံတော်သစ်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရ တာဝန်ယူသည့်အချိန်တွင် စတင်ပြောင်းလဲ အကောင်အထည်ဖော်ခွင့်ရသည်မှာ ဂုဏ်ယူဝမ်းမြောက်ဖွယ်ဖြစ်သည်။ ။

သို့ဖြစ်ရာ (၃၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် တတိယအကြိမ်မြောက်တ က်ရောက်နေသည့်ကာလတွင် ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုဖြစ်သည့် စတုတ္ထစက်မှုခေတ်သို့ ကူးပြောင်းနေသောအချိန်အခါ၌ မြန်မာနိုင်ငံအနေဖြင့်လည်း ကျန်ရစ်မနေဘဲ မြန်မာ ၄.၀ သို့ တက်လှမ်းနိုင်မည့် အခြေခံစီးပွားရေး လုပ်ငန်းများ အဆင့်မြင့်တိုးတက်လာအောင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်မှုဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။ ။

ကြေးမုံ