စိမ်းလန်းသောမြေ ရှိမ္မကား(ရှိန်းမကား)

သီဟလုလင်

 

ရှိန်းမကားကို ရှိမ္မကားလို့ ဟိုးအရင်က စာလုံးပေါင်းခဲ့ပုံရတယ်။ ဒီဒေသတစ်ဝိုက် ဟိုးခေတ် စာလုံးဆိုင်းဘုတ်၊ အလှူ ကမ္ပည်းတွေမှာဆိုရင် ရှိမ္မကားဆိုတဲ့ စာလုံးပေါင်းကို တွေ့ရပြီး ခေတ်သစ်အရေးမှာတော့ ရှိန်းမကားလို့ရေးတာ တွေ့ခဲ့ရပါ တယ်။ ရှိန်းမကားဆိုတဲ့ စကားနောက်မှာ မြို့လေးတစ်ခု (ရွာကြီးတစ်ရွာဆိုလည်း ဟုတ်တယ်)၊ ဘေးမဲ့တော၊ တောရ ကျောင်းကြီးတွေ တွဲပါနေမှာ အသေအချာပါ။ ဒီရှိန်းမကား အရပ်ဟာ ဟိုးအရင်က သမင်တွေကို စောင့်ရှောက်ပေးတဲ့ ဘေးမဲ့တောရှိရာ အရပ်ဖြစ်ခဲ့ပြီး ခုထိတိုင်လည်း ဒေသခံတွေကို စကားတီးခေါက်ကြည့်ရင် ရှိန်းမကားဆိုတာနဲ့ သမင်တွေ ရှိတယ်ဆိုတာမျိုး ပြောလေ့ရှိဆဲပါ။ ရှိန်းမကားကတော့ စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်အတွင်းမှာ တည်ရှိနေပြီး ပြည်တွင်းပြည်ပ ခရီးသွားတွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတဲ့ ပျူနဲ့ဆက်နွှယ်နေတဲ့ ရာဇဝင်တွေရှိရာ အရပ်လို့ ယေဘုယျ ဆိုချင်ပါတယ်။

ရှိန်းမကားဆီ ခရီးနှင်မယ်ဆိုရင်
ဒီအရပ်ကို သွားမယ်ဆိုရင်တော့ မန္တလေးကနေဆို နှစ်နာရီခွဲလောက် ကားမောင်းရပါတယ်။ စစ်ကိုင်းကနေ လမ်းခွဲသွား လို့ရတယ်။ ဝက်လက်အထိ တက်ပြီး လမ်းခွဲလည်းရတယ်။ ကျွန်တော်ကတော့ ရွှေဘိုကနေ သွားတာဖြစ်လို့ တစ်နာရီ ကျော်ကျော်လောက် ကားမောင်းပြီး သွားရပါ တယ်။ လမ်းက ကားတစ်စီးခွဲစာလို့ ပြောရမလား ကိုးလို့ကန့်လန့် လမ်းပုံစံတွေ များတယ်။ ကောင်းတဲ့ လမ်းပိုင်း အလွန်ကောင်းတယ်။ ဆိုးတဲ့နေရာ ကျတော့လည်း အတော်ဆိုးပါတယ်။ ကားအမြင့် တွေနဲ့က ပိုသင့်လျော်တယ်။ ဆိုင်ကယ်နဲ့လည်း အဆင်ပြေပါတယ်။ လမ်းက ကားတစ်စီးခွဲစာ ကျော်ကျော်မို့ ဆိုင်ကယ်နဲ့ ဆိုရင် ဦးထုပ်လေး သေချာဆောင်းပါ၊ နောက်ကြည့်မှန်နဲ့ ရှေ့နောက် ကားအလာကို သေချာကြည့်ပြီးမှ သွားစေချင်ပါတယ်။

thi ha 1

ရှိန်းမကားကို လည်လို့ကောင်းတဲ့အချိန်
ဖြစ်နိုင်ရင် နေပွင့်တဲ့ နေ့လယ်ခင်းလောက်က နေ ညနေနေကျချိန်အထိ အဆင်ပြေပါတယ်။ ဒီဘက်က မိုးလည်းနည်းတတ်လို့ မိုးတွင်းလာရင်လည်း အဆင်ပြေတယ်။ နွေထက်မိုးတွင်းမှာ ပိုလှတဲ့သဘောလည်း ရှိပါတယ်။ မိုးတွင်းကျတော့ အပင်တွေက စိမ်းစိမ်းစိုစို လေးရှိနေပြီး ရေညှိပင်လေးတွေ ကပ်ပြီး ပေါက်နေတာက ရှိန်းမကားရဲ့ အလှတစ်ခုမို့ ဒီအလှကို မြင်တွေ့နိုင်တာကလည်း မိုးတွင်းပဲဖြစ်ပါ။

ရှိန်းမကားမှာ လည်ပတ်စရာ
ဒီမှာတော့ လည်ပတ်စရာ မများလှပါဘူး။ တချို့များအတွက်ဆို ဒီလောက်လေးနဲ့လာရတာ မတန်ဘူးလို့တောင် ပြောကောင်း ပြောနိုင်ပါတယ်။ ဒါပေမယ့် ရှိန်းမကားမှာ သူ့အလှနဲ့သူ ပြည့်စုံနေတော့ သေချာခံစားတတ်မှ အဆင်ပြေပါမယ်။ ဒါကြောင့် တချို့က ရှိန်းမကား တစ်ခုတည်း ခရီးစဉ်မဆွဲဘဲ၊ ဟန်လင်းမြို့ဟောင်း၊ စစ်ကိုင်း ဘုရားဖူး၊ ရွှေဘိုအလည်အပတ် စသဖြင့် တခြား အစီအစဉ်တွေနဲ့ တွဲဖက်ပြီး လည်ပတ်လေ့ရှိပါတယ်။

ရှိန်းမကားရွာကြီး
မြို့လေးလည်းဟုတ် ရွာကြီးဆိုလည်းဟုတ်တဲ့ ရှိန်းမကားရွာကို ဘယ်ကနေလာလာ အရင်ဖြတ်ကြရမှာပါ။ ရွာလယ်လမ်းလေး တစ်လျှောက် စည်ကားနေတာလေး သတိပြုမိတယ်။ ဒါတောင် ကျွန်တော်သွားတဲ့အချိန်က ခရီးသွားရာသီ ဟုတ်ဟန် မတူဘူး။ စိမ်းစိုနေတဲ့ စပါးခင်းတွေကို ဖြတ်ကျော်လာရပြီး တကယ့် ရိုးရှင်းတဲ့ မြန်မာရွာတစ်ခုရဲ့ ဟန်ပန်ကို တွေ့မြင် လေ့လာကြရမှာပါ။ မြန်မာဆန်ပေမယ့် ခေတ်မီတဲ့ သဘောတော့ ရှိပါတယ်။ တချို့အပိုင်းတွေက မြို့နဲ့တောင် တူနေပါပြီ။ အိမ်ခြေတစ်ထောင် ဝန်းကျင်ရှိပါတယ်။

thi ha 2+

ရှိန်းမကား ဘေးမဲ့တောနဲ့ ရှေးဟောင်းပစ္စည်းတွေရှိတဲ့ တောရကြီးကျောင်း
အဓိက လာရောက်လည်ပတ်ကြတာက ဘေးမဲ့တောနဲ့ တောရကြီးကျောင်းတိုက်ဆီကိုပါ။ ဘေးမဲ့တောမှာ သမင်တွေ ပေါတယ်လို့ ဆိုကြ တယ်။ ဒါပေမယ့် ကျွန်တော်တော့ သိပ်နက်နက် မသွားလို့လား မသိ၊ မတွေ့ခဲ့။ တခြားဘာအကောင် မှလည်း မတွေ့ပါဘူး။ ဘုန်းကြီးကျောင်းနား ကပ်နေတဲ့ ခွေးလေးတစ်ကောင်ပဲ တွေ့ခဲ့ရတယ်။ အချို့ကလည်း ဒီဘေးမဲ့တောထဲ တိရစ္ဆာန်ငယ်လေးတွေ အတော်စုံတယ်လို့ ညွှန်းကြတာ ဖတ်ရတယ်။ ဘေးမဲ့တောက ၃၃၄ ဧက ကျယ်ဝန်းပြီး သမင်၊ တောခွေး၊ ချေ၊ တောကြောင်၊ တောကြက် စတာတွေ ရှိတယ်လို့ ဖတ်ခဲ့ရဖူးပါတယ်။ တောရ ကြီးကျောင်းကတော့ သူ့ဆီသွားတဲ့ အုတ်လမ်းလေးက ဆွဲဆောင်မှုရှိ နေတာပါ။ အစိမ်းရောင် သစ်ပင်တွေ အုံ့ဆိုင်းနေပြီး ရေညှိကပ်နေတဲ့ အုတ်လမ်းလေးတစ်လျှောက် လမ်းလျှောက်ရတာ ခံစားမှု သိပ်ကောင်းပါတယ်။ လမ်းက သိပ်မဝေးဘဲ၊ လှလွန်းလို့ ခဏလေးနဲ့ ရောက်သွားတယ်တောင် ထင်ရတယ်။ အဲဒီလမ်းလေးလွန်ရင် ဘုန်းကြီးကျောင်းဝင်းထဲ ရောက်ပြီ။ အဲဒီမှာ မြန်မာသက္ကရာဇ် ၁၂၂၄ ခုနှစ်က မင်းတုန်းမင်းကြီး လှူဒါန်းတည်ဆောက်ခဲ့တဲ့ ရှေးဟောင်းကျောင်းတိုက်ကြီးကို တွေ့ ကြရပါတယ်။ အဲဒါကို တောရကြီးကျောင်းလို့ ခေါ်တယ် သိရပါတယ်။ ပျက်စီးယိုယွင်းနေပေမယ့် သေချာထိန်းသိမ်း နေတဲ့ပုံတော့ မတွေ့ရပါဘူး။ ဒါပေမယ့် မြန်မာမှု ဗိသုကာလက်ရာ အင်္ဂတေပန်း ပုလက်ရာတွေကို သေချာလေ့လာနိုင်ခွင့် ရပါသေးတယ်။ ကုန်းဘောင်ခေတ် လက်ရာတွေလို့ သိရပါတယ်။ ဒါလေးတွေက ရွှေတွေပေါ့ဗျာ။ တစ်ခါ မင်းတုန်းမင်းကြီး တည်ခဲ့တဲ့ စောင်းတန်းလို ဇရပ်လိုဟာတွေလည်း ရှိသေးတယ်။ ပြီးတော့ မင်းတုန်းမင်းကြီးရဲ့ ရှေးဟောင်းအသုံးအဆောင် တော်တော်များများကိုလည်း ဘုန်းကြီးကျောင်းက ထိန်းသိမ်းထားတာ တွေ့ရပါတယ်။ ရှေးဟောင်း ကျောင်းတိုက်ကြီးတွေ ကျော်သွားရင် စေတီတစ်ဆူနဲ့အတူ ထုံးဖြူလေး သုတ်ထားတဲ့ လမ်းကွေ့လေး တစ်ခုရယ်၊ မြစ်ထဲကိုဆင်းတဲ့ လှေကား တစ်စင်းရယ်ကို တွေ့ရပါတယ်။ ဧရာဝတီမြစ်ထဲထိ ဆင်းပြီး မြစ်ရဲ့အလှကို ခံစားနိုင်သလို၊ ရွှေရောင်သုတ်ထားတဲ့ ကျောင်းဆောင် ဟောင်းတစ်ခုကိုလည်း မြင်တွေ့နိုင်ပါသေးတယ်။ အဲ့ဒီကနေ သစ်ပင်ခပ်အုပ်အုပ်လေးထဲ လူလျှောက်လမ်း လေးအတိုင်း ဆင်းကြည့်ရင် အောက်ဘက်မှာ တရားထိုင်တဲ့ ဂူလိုမျိုး ဂူကြီး၊ ဂူငယ်လေးတွေကို တွေ့ ကြရပါဦးမယ်။

ရှိန်းမကားကနေ ကျွန်တော်က ရွှေဘိုပြန်တော့ လမ်းတစ်လျှောက်ရွာတွေနဲ့ ရှေးဟောင်းဘုရားတွေ အတော်များများ တွေ့ရတယ်။ အင်းဘဲ ကြီးရွာဆိုလည်း ကျွန်တော် မျက်စိကျတဲ့အထဲ ပါတယ်။ ရှေးဟောင်းဘုရား ပုံစံလေးတွေ အစီအရီ အများအပြားနဲ့ ဗမာဆန်တဲ့ ရွာကြီးတစ်ရွာပါပဲ။ ညနေစောင်းမှ ပြန်လာတာမို့ လယ်ကွင်းစိမ်းစိမ်း တွေကြား နေဝင်ချိန်က အနုပညာမြောက်မြောက်နဲ့ ကျွန်တော့်အတွေးတွေကို သူ့ဆီ အပါခေါ်သွား နိုင်တယ်။ ရှိန်းမကားရဲ့ စိမ်းလန်းတဲ့ သဘာဝ တောအုပ်လေးနဲ့ ဧရာဝတီမြစ်ရဲ့ အလှတွေ၊ ကုန်းဘောင်ခေတ် ခမ်းနားတဲ့ လက်ရာကျောင်းတော် ကြီးတွေက ပြန်တွေးတိုင်း ပြန်အမှတ်ရစေမှာ အသေအချာပါပဲဗျာ။

အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။    ။