စိန်တစ်လုံးသရက်သီးများ ပြည်တွင်းဈေးကွက်ကို အားထားရောင်းရ

မန္တလေး ၁၀ မေ

 

မန္တလေးမြို့နှင့် အနီးတစ်ဝိုက်ရှိသရက်ခြံများတွင် စိန်တစ်လုံးသရက်သီးများကို တွင်ကျယ်စွာ ခူးဆွတ်ရောင်းချလျက်ရှိရာ ပြည်တွင်းဈေးကွက်ကိုသာ အားထားရောင်းချနေရသည်။ ယခုနှစ် သရက်ရာသီတွင် ရောင်းလိုအားများကာ ဝယ်လိုအားနည်းသည့်အတွက် သရက်သီးဈေးကွက် အနည်းငယ် ကျဆင်းလျက်ရှိကြောင်း သိရသည်။

 

လက်ရှိကာလ စိန်တစ်လုံးသရက်သီးများ ရောင်းချရာတွင် အသေးတစ်လုံးကို ငွေကျပ် ၁၀၀၊ အလတ်တစ်လုံးကို ငွေကျပ် ၂၀၀ မှ ၃၀၀၊ အကြီးတစ်လုံးကို ငွေကျပ် ၄၀၀ ဖြင့် ရောင်းချရကြောင်း၊ ယခင်နှစ်က သရက်သီးရာသီတွင်  တစ်နေ့လျှင် ငွေကျပ် ၈ သိန်းဖိုးအထိ ရောင်းချရပြီး ယခုနှစ်တွင် တစ်နေ့ကို သရက်သီး တစ်သိန်းဖိုးခန့်သာ ရောင်းချရကြောင်း၊ အချို့ရက်များတွင် ငါးသောင်းဖိုးသာ ရောင်းချရမှုသာရှိကြောင်း ပလိပ်မြို့မှ သရက်သီးရောင်းသူ ဒေါ်နွဲ့နွဲ့ဝင်းထံမှ သိရသည်။

 

သရက်ခြံသမားများမှာ ဈေးကျဆင်းနေသည့်အတွက် လက်လီစိပ်ကာ ရောင်းချမှုများကို ပြုလုပ်ကြသလို ဒေသအခေါ် မှည့်လုံးခူးဆွတ်ကာ ရောင်းချမှုများလည်းရှိကြောင်း သိရသည်။ အမှည့်လုံး ခူးဆွတ်မှုကို နံနက် တစ်ကြိမ်၊ နေ့လည်တစ်ကြိမ် ခူးဆွတ်ကြသည်။ စိန်တစ်လုံးသရက်သီးများကို ဖောက်သည်ဈေးဖြင့် ရောင်းချရာတွင် ဆေးစက္ကူမအုပ်သော စိန်တစ်လုံး သရက်သီးအကြီးတစ်လုံးလျှင် အမြင့်ဆုံးဈေး ငွေကျပ် ၂၅၀ မှ ၃၀ဝ အထိသာ ရောင်းချရကြောင်း သရက်တန်းရွာမှ သရက်ခြံပိုင်ရှင် ဦးဝင်းထွန်း၏ ပြောပြမှုအရ သိရသည်။

 

တိမ်တမန်