စိတ်ကျန်းမာရေး

နေပြည်တော် ၂၈ ဧပြီ

စိတ်ကျန်းမာခြင်းဆိုသည်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဓိပ္ပါယ်ကို ဖွင့်ဆိုချက်အရ လူတစ်ယောက်သည်-

စိတ်ရောဂါဝေဒနာ မခံစားရခြင်းသာမက

မိမိ၏ စွမ်းဆောင်နိုင်မှုနှင့် မိမိ၏ အားနည်းချက်များကို အမှန်တိုင်း လက်ခံနိုင်ခြင်း

သာမန်တွေ့ကြုံနေရသည့် စိတ်ဖိစီးမှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ခြင်း

မိမိနေထိုင်ရာ ပတ်ဝန်ကျင်တွင် လိုက်လျောညီထွေစွာ နေထိုင် ဆက်ဆံနိုင်ခြင်း

မိမိတစ်ဦးတည်းအတွက်သာမက ၊ မိမိနေထိုင်ရာဒေသ လူမှုအသိုင်းအဝန်းအတွက်ပါ အကျိုးဖြစ်ထွန်းစေရန် ဆောင်ရွက်နိုင်ခြင်းစသည့် အခြေအနေများနှင့် ပြည့်စုံနေပါမှ စိတ်ကျန်းမာရေးနှင့် ပြည်စုံနေသည်ဟုဆိုနိုင်ပါသည်။

အဖြစ်များသော စိတ်ရောဂါများ

(က) စိတ်ဖောက်ပြန်ရောဂါ

စိတ်ဖောက်ပြန်သည့် လက္ခဏာများ

ပြောဆိုသူမရှိပဲ သူများမကြားရသောအသံများ ကြားရခြင်း၊ သူများမမြင်သောအရာများ မြင်ရခြင်း၊ အနံ့မရှိဘဲ အနံ့များရတတ်ခြင်း၊ ပစ္စည်းမရှိဘဲ အတွေ့အထိခံစားရခြင်း၊

အပြုအမှုများ မူမမှန်ခြင်း၊ ရုတ်တရက်ကြမ်းတမ်းခြင်း၊ ဒေါသဖြစ်ခြင်း၊ တစ်ခါတစ်ရံ မလှုပ်မယှက်ဘဲ ကျောက်ရုပ်ကဲ့သို့ ဖြစ်နေတတ်ခြင်း၊

သာမန်အားဖြင့် နားမလည်နိုင်သော၊ လက်မခံနိုင်သော သံသယစိတ်များ လွန်ကဲနေခြင်း၊

ရောဂါဖြစ်နေသော်လည်း၊ ကိုယ့်ကိုယ်ကို နေကောင်းနေသည်၊ ရောဂါလုံးဝ မဖြစ်ဟု ထင်နေခြင်း၊

တစ်ယောက်တည်း စကားပြောနေခြင်း၊ တစ်ယောက်တည်း ပြုံးနေခြင်း၊ တစ်ဦးတည်းအကြောင်းမဲ့ ခဏခဏရယ်ခြင်း၊

စကားပြောမမှန်ဘဲ အဆက်အစပ်မရှိသော စကားများပြောခြင်း၊

တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းပြီး ရေချိုးရန်၊ အဝတ်အစားလဲရန်၊ အလွန်ပြောဆိုရခြင်း၊ မိမိကိုယ်ကို ဂရုမစိုက်နိုင်ခြင်း၊

အတွေးအခေါ်များ ချို့ယွင်းလာခြင်း၊ မဟုတ်မမှန်သော၊ မှားယွင်းသော ယုံကြည်ချက်များရှိခြင်း၊ ရှင်းပြ၍မရခြင်း၊

နေ့စဉ်ပုံမှန်လုပ်ဆောင်နေကြအလုပ်များ မလုပ်ကိုင်နိုင်တော့ခြင်း၊ မည်သည့်အလုပ်မှမလုပ်ဘဲ အလကားနေခြင်း၊

လူ့အသိုက်အဝန်းကို ရှောင်ကြဉ်လာခြင်း၊ လူများနှင့်မတွေ့လိုတော့ဘဲ တစ်ယောက်တည်းနေတတ်လာခြင်း၊

(ခ) စိတ်ကျရောဂါ

စိတ်ကျရောဂါ လက္ခဏာများ

စိတ်ပျော်ရွှင်မှုမရှိခြင်း

စိတ်အားငယ်၍ ဝမ်းနည်းနေခြင်း၊ မျက်ရည်ကျခြင်း

စိတ်ရောကိုယ်ပါ ထိုင်းမှိုင်းနှေးကွေးနေခြင်း

ညစဉ်ရက်ဆက်အိပ်မပျော်ခြင်း၊ အထူသဖြင့် သန်းခေါင်ကျော်လျင်နိုးနေပြီး ပြန်အိပ်မပျော်ခြင်း

အစားအသောက်ပျက်ပြီး ခန္ဓာကိုယ်အလေးချိန်ကျဆင်းခြင်း

ဝမ်းသာစရာရှိသော်လည်း မပျော်နိုင်ခြင်း

အရာရာကို စိတ်ပါဝင်စာမှုမရှိခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်း

ပင်ပန်းနွမ်းနွယ်ပြီး အားမရှိသကဲ့သို့ခံစားရခြင်း

မိမိကိုယ်ကိုယ် အပြစ်ရှိသည်၊ ကြီးမားသောအမှားများ လုပ်ခဲ့မိသည်ဟု မှားယွင်းစွာယုံကြည်နေခြင်း

သေကြောင်းကြံစည်ရန် စိတ်ကူးများရှိနေခြင်း၊ အားထုတ်ခြင်း

(ဂ) စိတ်ကြွရောဂါ

စိတ်ကြွရောဂါ လက္ခဏာများ

စိတ်ရောကိုယ်ပါ အထူးတက်ကြွနေခြင်း

ဘဝင်မြင့်ခြင်း

ကြမ်းတမ်းစွာ ပြုမူတတ်ခြင်း

အဆင်အခြင်ကင်းမဲ့ခြင်း

ကရားရေလွှတ် အဆက်မပြတ်စကားပြောခြင်း

အလွန်အမင်းပျော်ရွှင်နေခြင်း

အလှအပပြင်ဆင်မှုလွန်ကဲခြင်း

အအိပ်နည်းခြင်း

ကာမရာဂစိတ်များခြင်း

စိတ်ဖောက်ပြန်၊ စိတ်ကြွ၊ စိတ်ကျသောရောဂါများတွေ့ရှိပါက

လူနာအား ညင်သာစွာဆက်ဆံပါ။

ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးကို အနည်းဆုံး ၆ လမှန်မှန်သောက်ခိုင်းပါ။

လိုအပ်ပါက တစ်လတစ်ကြိမ်ဆေးထိုးခိုင်းပါ။

စိတ်ကြွသောလူနာများကိုလည်း ၄င်းအတိုင်းပေးနိုင်ပါသည်။

စိတ်ကြွသောသူများကို မြှောက်ထိုးပင့်ကော် မလုပ်ပါစေနှင့်။

သူတို့နှင့် ဆန့်ကျင်ဘက်ပြောလျှင် လူနာအခြေအနေ ပိုဆိုးရွားတတ်ပါသည်။

စိတ်ကျနေသောလူနာများ သေကြောင်းကြံစည်မှု မဖြစ်နိုင်စေရန် အိမ်သားများက ဂရုစိုက်စောင့်ကြည့်ပါ။

လူနာပြန်လည်နေကောင်းပါက အလုပ်ပြန်လုပ်ခိုင်းပါ။

လူနာများအား လူမှုအသိုက်အဝန်းထဲသို့ ပြန်ဝင်နိုင်ရန် ကူညီပါ။

လိုအပ်ပါက နီးစပ်ရာ စိတ်ကျန်းမာရေးဌာန၊ ဆေးရုံများသို့ လွှဲပြောင်းပို့ဆောင်ပေးပါ။

(ဃ) စိုးရိမ်စိတ်လွန်ရောဂါ

စိုးရိမ်စိတ်လွန်ရောဂါ လက္ခဏာများ

ခြေဖျား၊ လက်ဖျားအေးခြင်း၊ ရင်တုန်ခြင်း၊ ဇက်ထိုးခေါင်းကိုက်ဖြစ်ခြင်း၊ အကြောတက်ခြင်း

စိုးရိမ်စိတ်လွန်ကဲခြင်း၊ စိတ်ပူပန်မှုများခြင်း

အတွေးများပြီး ညဉ့်ဦးပိုင်း အိပ်မပျော်ခြင်း

ပင်ပန်းနွမ်းနွယ်ခြင်း

ဆူညံသံမခံနိုင်ခြင်း၊ နားပူ မျက်စိရှုပ် မခံနိုင်ခြင်း

အာရုံစိုက်မှုအားနည်းခြင်း၊ ကြာကြာအာရုံမစိုက်နိုင်ခြင်း

မဖြစ်သေးသောကိစ္စများကို ကြိုတင်တွေးပြီးပူပန်ခြင်း၊ စိုးရိမ်ကြောက်ရွံ့ခြင်း

မိမိကိုယ်ကိုယ် ရောဂါတစ်ခုခု ခံစားနေရသည်ဟု ယူဆပြီး ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်များထံသို့ မကြာခဏပြသရခြင်း

စိုးရိမ်စိတ် လွန်ရောဂါလက္ခဏာများ တွေ့ရှိပါက

လူနာ၏ခက်အခဲများကို စိတ်ရှည်စွာ နားထောင်ပေးခြင်းဖြင့် သက်သာစေနိုင်ပါသည်။

ဤကဲ့သို့ လက္ခဏာများ ခံစားနေရခြင်းသည် စိုးရိမ်စိတ်များမှုကြောင့်ဖြစ်ကြောင်း စိတ်ရှည်စွာ ရှင်းပြပေးပါသည်။

လူနာအနေဖြင့် စိတ်ကိုဖြေလျော့ထားပါက ကိုယ်ရောစိတ်ပါတောင့်တင်းနေမှုများ လျော့နည်းသွားနိုင်ကြောင်း ရှင်းပြပေးပါ။

လူနာကို ပုံမှန်လုပ်ငန်းများလုပ်ခိုင်းပါ။ မလိုအပ်ပဲ အနားမယူပါစေနှင့်။

ယုံကြည်ရာဘာသာရေးနည်းလမ်းများဖြင့်လည်း သက်သာစေနိုင်ပါသည်။

(င) အရက်စွဲခြင်း

အရက်စွဲခြင်း၏ လက္ခဏာများ

အရက်အလွန်အကျွံသောက်ခြင်း

အရက်မသောက်ရလျှင် ခြေလက်တုန်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း

နံနက်ပိုင်းတွင် အရက်သောက်တတ်ခြင်း

အရက်မူးခဲ့ပြီး ညကအဖြစ်အပျက်များကို နောက်တစ်နေ့နံနက်တွင် လုံးဝမမှတ်မိခြင်း

သတိလစ်ခြင်း၊ တက်ခြင်း

အရက်ကြောင့် စိတ်ဖောက်ပြန်ခြင်း

အရက်ကြောင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမားရေး ပြဿနာများဖြစ်ပေါ်တတ်ခြင်း

(စ) မူးရစ်ဆေးစွဲခြင်း

မူးရစ်ဆေးစွဲခြင်း၏ လက္ခဏာများ

ပတ်ဝန်းကျင်အပေါ် စိတ်ဝင်စားမှုနည်းပါးလာခြင်း

စိတ်လက်မအီမသာခံစားရခြင်း

လှုပ်ရှားသွားလာမှုများ နှေးကွေးလေးလံလာခြင်း

အာရုံစူးစိုက်နိုင်စွမ်း နည်းပါလာခြင်း

ဆင်ခြင်တုံတရားများ လျော့ပါးလာခြင်း

ပေါင်းသင်းဆက်ဆံရေး၊ မိသားစုတာဝန် နှင့် အလုပ်တာဝန်များလစ်ဟင်းလာခြင်း

ဆေးသုံးစွဲမှုလွန်ကဲသွားပါက သူငယ်အိမ်ကျဉ်းမြောင်းနေခြင်း၊ အသက်ရှူရခက်ခဲလာခြင်းနှင့် သတိလစ်ခြင်းဆိုသည့် လက္ခဏာစု (၃) ခု တွေ့နိုင်ပါသည်။

မူးယစ်ဆေးပြတ်ခြင်း၏ လက္ခဏာများ

ပျို့အန်ခြင်း၊ ရင်တုန်ခြင်း

ကိုယ်၊ လက်၊ အဆစ်အမြစ်များ ကိုက်ခဲခြင်း

ချွေးထွက်လွန်ခြင်း

သူငယ်အိမ်ကျယ်နေခြင်း

ကိုယ်အပူချိန် တက်လိုက် ကျလိုက်ဖြစ်ခြင်း

ဂနာမငြိမ်ဖြစ်ခြင်း

မျက်ရည်ယိုခြင်း၊ နှာရည်ယိုခြင်း၊ သမ်းခြင်း

ကြက်သီးထခြင်း

ဝမ်းပျက်ခြင်း

ဝမ်းဗိုက်အောင့်ခြင်း

စိတ်ကြွရူးသွပ်ဆေး

စိတ်ကြွရူးသွပ်ဆေးသုံးစွဲသည့် လက္ခဏာများ

မအိပ်ခြင်း

သွက်လက်နေခြင်း၊ စကားများခြင်း

ဂနာမငြိမ်ဖြစ်ခြင်း

စိုးရိမ်စိတ်များလာခြင်း

စိတ်တိုခြင်း၊ ဒေါသကြီးခြင်း၊ ကြမ်းတမ်းခြင်း

စိတ်ဖောက်ပြန်ခြင်း

စိတ်ကြွရူးသွပ်ဆေးပြတ်သည့် လက္ခဏာများ

ခြေကုန်လက်ပန်းကျခြင်း

အအိပ်အနေ အစားအသောက်မမှန်ခြင်း

စိတ်ကျခြင်း

မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်း

(ဆ) ဉာဏ်ရည်နိမ့်ရောဂါ

ဉာဏ်ရည်နိမ့်ရောဂါ၏ လက္ခဏာများ

သာမန်ကလေးငယ်များထက် ကိုယ်ခန္ဓာနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှု နှေးကွေးခြင်း (အထိုင်အထ နောက်ကျခြင်း၊ လမ်းလျှောက်နောက်ကျခြင်း၊ စကားပြောနောက်ကျခြင်း)၊

စာမလိုက်နိုင်ခြင်း၊ စာသင်ကြားရန်ခက်ခဲခြင်း၊

မငြိမ်မသက်ဖြစ်ခြင်း၊ အာရုံစိုက်မှုနည်းခြင်း၊

အသက်အရွယ်အလိုက် မစဉ်းစား၊ မတွေးခေါ်တတ်ခြင်း၊

အသက်အရွယ်အလိုက် လူမှုဆက်ဆံရေးတွင် အခက်အခဲရှိခြင်း (သက်တူရွယ်တူများနှင့် ပေါင်းသင်းဆက်ဆံနိုင်ခြင်း မရှိဘဲငယ်သူများနှင့်သာ ပေါင်းသင်းနိုင်ခြင်း)

မိမိကိုယ်ကိုမိမိ မစောင့်ရှောက်နိုင်ခြင်း (အန္တရာယ်ဖြစ်နိုင်သည်ကို မသိခြင်း၊ မရှောင်နိုင်ခြင်း)

ဉာဏ်ရည်နိမ့်ကလေးများ တွေ့ရှိပါက


နေ့စဉ်လုပ်ငန်းဆောင်တာများ (ကိုယ်တိုင်အစားစားသောက်ခြင်း၊ ရေချိုးခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေး ပြုလုပ်ခြင်း၊ အဝတ်အစားလဲခြင်း) လုပ်ကိုင်နိုင်ရန် လေ့ကျင့်ပေးပါ။

မိမိကိုယ်ကို စောင့်ရှောက်နိုင်အောင် လေ့ကျင့်ပေးပါ။

လေ့ကျင့်ရာတွင် စိတ်ရှည်ပါ။

လွယ်ကူပြီး လက်တွေ့လုပ်နိုင်သည့်လုပ်ငန်း၊ အသက်မွေးလုပ်ငန်းများကို စီမံပြုလုပ်ပေးပါ။

(ဇ) သေကြောင်းကြံစည်ခြင်း

မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်းသည် အရေးပေါ် စိတ်ကျန်းမာရေး အခြေအနေပင်ဖြစ်သည်။

သေကြောင်းကြံစည်လိုကြောင်း ပြောသူများကို လျစ်လျူရှုမထားပါနှင့်၊ သေကြောင်းကြံစည်ရန် ကြိုးစားမှုများသည် မတော်တဆ အောင်မြင်သွားတတ်ကြောင်း သတိပြုပါ။

ငြိမ်သက်လွန်းခြင်း၊ နှေးကွေးလေးလံခြင်း၊ ရှောင်ဖယ်နေတတ်ခြင်း၊ အားငယ်နေပြီး သေလိုသော ဆန္ဒများကို ထုတ်ဖော်ပြောဆိုခြင်းများသည် မိမိကိုယ်ကို သေကြောင်းကြံစည်နိုင်ရန် အလားအလာများစွာ ရှိသူများ ဖြစ်ပါသည်။

ပြုစုနည်း

လူနာကို တစ်ယောက်တည်း မထားပါနှင့်။

လူနာနှင့်အတူ မိသားစုထဲမှ တစ်ယောက်ယောက် အမြဲရှိပါစေ။

လူနာ၏ ခံစားချက်များကို ဖွင့်ဟပြောဆိုပါစေ။

လူနာကို အားပေးကူညီပါ။

လူနာ၏ မျှော်လင့်ချက်များကို ဖော်ထုတ်ပေးပါ။

ထိရောက်သော အကြံပေးလမ်းညွှန်ခြင်းများဖြင့် စိတ်ကျန်းမာရေးစောင့်ရှောက်မှု ခံယူလာရန် ကြိုးစားပေးပါ။

ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။

MDN