စိတ်ညစ်စရာတွေကနေ ကလေးတို့ လွယ်လွယ်ကူကူ ကျော်ဖြတ်ကြမယ်

၂၉  စက်တင်ဘာ

ကလေးတို့ရေ နေ့တိုင်းနေ့တိုင်းမှာ ပျော်စရာချည်းပဲ ကြုံကြရတာလား။ ကလေးတို့ဆီမှာ စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာဒါမှမဟုတ် ကလေးတို့မကြိုက်တဲ့ အပြုအမူတွေကို မြင်ရတာကြောင့် ဝမ်းနည်းရတာမျိုးရော ရှိဖူးကြသလား။ မမမေ ငယ်ငယ်က မကြာမကြာ စိတ်ကောက်လို့ အားလုံးက ကောက်တေးလို့ခေါ်ကြတယ်။ ကလေးတို့လည်း ဖြစ်ဖူးမယ်လို့ထင်ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ ဘယ်လိုနေကြထိုင်ကြမလဲ ဆိုတာလေးတွေကို ဒီတစ်ပတ်တော့ ကလေးတို့ကို မျှဝေချင်ပါတယ်။

စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေ ရှိလာရင် ဘာကြောင့်စိတ်ညစ်တာလဲ ဆိုတာကို အရင်ဆုံး စဉ်းစားကြည့်ဖို့ လိုပါတယ်တဲ့။ အချိန်ခဏလောက် စဉ်းစားလိုက်ရင် အဖြေလေးတစ်ခု ထွက်လာပါမယ်တဲ့။ နောက်တစ်ချက်က စိတ်ရှုပ်စရာတွေကို ခေါင်းထဲက ထုတ်ပစ်လိုက်တာ၊ အဲဒီအနားကနေ ခဏထွက်သွားလိုက်တာမျိုးကို လုပ်ပါတဲ့။ ဥပမာပြောရရင် လိုက်စနေတဲ့သူတွေကို စိတ်ဆိုးလာရင် သူတို့အနားကနေ ထွက်သွားလိုက်တာ၊ သူတို့စတာကို စိတ်ထဲကနေ မစဉ်းစားဘဲ ထုတ်ပစ်လိုက်တာမျိုးပေါ့။ တတိယတစ်ချက်က ကိုယ်စိတ်ရှုပ်လာတဲ့ အကြောင်းကို သူတို့ကို ပြောပြတာနဲ့ ကိုယ့်ကိုမစနောက်ဖို့၊ ပြဿနာမရှာဖို့ သေသေချာချာ ရှင်းပြတာမျိုး လုပ်နိုင်ပါသတဲ့။ နံပါတ်လေးအချက်ကတော့ အဲဒီအကြောင်းနဲ့ပတ်သက်ပြီး ယုံကြည်စိတ်ချရတဲ့ ဒါမှမဟုတ် ကိုယ့်အပေါ် သိပ်ကိုကောင်းတဲ့ မေမေ၊ ဖေဖေ၊ ဘွားဘွား၊ ဘိုးဘိုးနဲ့ ဆရာမတွေ၊ သူငယ်ချင်းတွေကို ရင်ဖွင့်လိုက်တာမျိုးပါ။ ဥပမာ ကျောင်းမှာ စာသိပ်မရလို့ အဆူခရံတဲ့အခါ အိမ်မှာမေမေကို ဖွင့်ပြောပြပြီး ဘယ်လိုဖြေရှင်းမလဲဆိုတာကို တိုင်ပင်လို့ရပါတယ်။ ဒါမဟုတ်လည်း အနိုင်ကျင့်တဲ့ သူငယ်ချင်းအကြောင်းကို ဆရာမကိုပြောပြပြီး ကလေးတို့ရဲ့ခံစားချက်ကို ပြောလိုက်မယ်ဆိုရင် ပြေလည်သွားနိုင်ပါတယ်။ နံပါတ်ငါးအချက်က စိတ်ညစ်လာရင် ကစားတာကလည်း စိတ်ပျော်စရာဖြစ်စေပါတယ်တဲ့။ ကလေးတို့အိမ်မှာ ဖြစ်ဖြစ်၊ ကျောင်းမှာဖြစ်ဖြစ် အဆင်မပြေတာရှိထားမယ်ဆိုရင် စိတ်လွတ် ကိုယ်လွတ်ကစားလိုက်ဖို့ လိုပါတယ်။ ကစားနည်းအသစ်အဆန်းဆိုရင် ပိုပြီးတော့မှ ကလေးတို့ စိတ်ကိုအေးချမ်းစေမှာပါ။

MMmay 002

နောက်တစ်ချက်က သူငယ်ချင်းကောင်းတွေနဲ့ စကားပြောရာကနေလည်း စိတ်ညစ်စရာတွေ ပျောက်သွား တတ်ပါတယ်တဲ့။ မမမေတို့ဆိုရင် အခုချိန်အထိကလေးတုန်းက သူငယ်ချင်းတွေနဲ့ ဖုန်းဆက်ပြီး စကားပြောတာ၊ လူချင်းတွေ့ပြီး စကားပြောတာတွေ လုပ်ကြရင်း စိတ်ရှုပ်စရာတွေ လျော့သွားတော့တာပဲ။ နောက်တစ်ချက်ကတော့ ကလေးတို့ပတ်ဝန်းကျင်ဟာ မလုံခြုံဘူးလို့ ခံစားနေရမယ်ဆိုရင်တော့ ယုံကြည်စိတ်အချရဆုံး လူတစ်ဦးကနေ သုံးဦးလောက်ကို ရင်ဖွင့်ပြီး အခြေအနေအမှန်ကို ပြောပြသင့်ပါတယ်တဲ့။ တစ်ခါတလေ လူစိမ်းတွေကြောင့်ဖြစ်ဖြစ်၊ ရင်းနှီးတဲ့သူတွေကြောင့်ဖြစ်ဖြစ် ကိုယ်စိတ်ညစ်တဲ့အခါ အကောင်းဆုံးကတော့ မိဘတွေနဲ့ဆရာမတွေ၊ အဘိုးအဘွားတွေနဲ့ ဆွေမျိုးတွေကို နားလည်အောင် ရှင်းပြဖို့လိုပါတယ်။ ကလေးတို့အတွက် အဆင်မပြေတဲ့ အရာတွေကို ထပ်ပြီးတော့ လုပ်နေမယ့်သူတွေ၊ ဒါမှမဟုတ် ကလေးတို့ မျက်စိရှေ့မှာ လုံးဝမမြင်ချင်တဲ့အရာတွေကို လုပ်နေတဲ့သူတွေကို မြင်ရမယ်ဆိုရင်တော့ အဲဒီလုပ်ရပ်တွေ ရပ်တန့်သွားဖို့အတွက် ဆက်မလုပ်သင့်ဘူးဆိုတာကို သေသေချာချာ ပြောပြရပါလိမ့်မယ်။ ဥပမာ သူငယ်ချင်းတစ်ယောက်ကို သူ့ဖေဖေက ရိုက်နေပြီဆိုပါစို့။ ကလေးတို့က ဒါက မလုပ်သင့်ပါဘူး၊ မလုပ်ပါနဲ့တော့ဆိုပြီး သေသေချာချာ ပြောပေးနိုင်ရပါမယ်။ နောက်ဆုံးအချက်ကတော့ စိတ်ရှုပ်စရာ၊ စိတ်ညစ်စရာတွေနဲ့ ကလေးတို့ ဝမ်းနည်းရတဲ့အရာတွေဟာ သူများအမှားတွေမဟုတ်ဘဲ ကလေးတို့အမှားဆိုရင်တော့ သေချာပေါက် အမြန်ဆုံး ပြင်ဆင်ဖို့၊ တောင်းပန်ဖို့ လုပ်ရမယ်ဆိုတာတော့ မမေ့ဖို့လိုတယ်လို့ ပြောလိုက်ပါရစေ။ ။

မမမေ

ယနေ့ထုတ် မြန်မာ့အလင်း ရင်သွေးကမ္ဘာကဏ္ဍမှ ကူးယူဖော်ပြပါသည်။