စိတ်ရှည် အမြော်အမြင်ကြီးရမည့် ကမ္ဘာ့ငြိမ်းချမ်းရေး

၁ နိုဝင်ဘာ

မြန်မာနိုင်ငံတွင် ဧပြီ ၂ဝ၁၆ ၌ ရာစုနှစ်ဝက်ကျော် ကာလအတွင်း ပထမဆုံး ပြည်သူလူထု ရွေးချယ် တင်မြှောက်သော အရပ်သားစစ်စစ် ကိုယ်စားလှယ်အများစုဖြင့် ဖွဲ့စည်းသည့် ပြည်သူ့အစိုးရသစ်တစ်ရပ် ပေါ်ပေါက်၏။

 

ပြည်သူ့အစိုးရသစ်သည် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ခက်ခက်ခဲခဲ ဇွဲနပဲဖြင့် ရောက်လာခဲ့သော အစိုးရတစ်ရပ် ဖြစ်ပါသည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး မှောင်ကြီးကျနေခဲ့သော ခေတ်ဆိုး ခေတ်ကျပ်ကာလ ရှည်ကြီးကို ပြည်သူလူထုနှင့်အတူ လက်တွဲကာ တိုက်ပွဲဝင်ခဲ့သော အစိုးရ ဖြစ်ပါသည်။

 

ယနေ့ပြည်သူ့အစိုးရတွင် ပါဝင်နေသည့် ခေါင်းဆောင်များနှင့် ပြည်သူအများစုတို့သည် နိုင်ငံတော် ပြန်လည်ဖွံ့ဖြိုး တိုးတက်ရေးအတွက်၊ ဒီမိုကရေစီ ပွင့်လန်းရေးအတွက်၊ လူ့အခွင့်အရေးအတွက် မိမိတို့၏ အသက်များကို စွန့်လွှတ်ဖို့ ဝန်မလေးခဲ့။ ကိုယ်ကျိုးစီးပွား စည်းစိမ်ဥစ္စာများကို စွန့်လွှတ်ဖို့ ဝန်မလေးခဲ့။ ကိုယ်ရေးကိုယ်တာနှင့် မိမိတို့၏ မိသားစုများကို နောက်တန်းမှာထားဖို့ ဝန်မလေးခဲ့ကြသူများ ဖြစ်ပါ၏။ 

 

ထို့ကြောင့်လည်း ရွေးကောက်ပွဲမှာ ပြည်သူတို့၏ အင်တိုက်အားတိုက် ထောက်ခံမှုဖြင့် အပြတ်အသတ် နိုင်ခဲ့ပြီး အစိုးရ ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်ပါသည်။

 

ယနေ့ကာလကဲ့သို့ ပြည်သူ့အစိုးရ အဖွဲ့တစ်ခုကို မမျှော်မှန်းနိုင်သေးသည့် ဘဝမှာကတည်းက နိုင်ငံရေး ခေါင်းဆောင်တို့သည် နိုင်ငံ၏ ရေရှည်အကျိုးစီးပွားကို ရည်ရွယ်၍ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ အာဃာတနှင့် လက်စားမချေရေး၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းပြည် မှန်မှန်ကန်ကန် ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော် အမှန်တကယ် ငြိမ်းချမ်းရေး စသည့် မူဝါဒနှင့် လုပ်ငန်းစဉ်များကို ခိုင်ခိုင်မာမာရေးဆွဲပြီး ရပ်တည်ခဲ့၏။ အဆိုပါ ရပ်တည်ချက်အတိုင်းလည်း အထူးတလည်နှင့် အစဉ်တစိုက် စိတ်ရှည် လက်ရှည် ဆောင်ရွက် အကောင်အထည်ဖော်လာခဲ့သည့် ဒီမိုကရေစီနှင့် လှူအခွင့်အရေးကို တန်ဖိုးထားသော အစိုးရဖြစ်၏။

 

သို့သော်လည်း ယခုအခါ၊ နိုင်ငံတကာ အဝန်းအဝိုင်းမှ အချို့သောသူများက ပြည်သူ့အစိုးရ၏ ကြိုးပမ်း အားထုတ်မှုများကို မသိကျိုးကျွန်ပြုကာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဆန့်ကျင်သူများအဖြစ် ပြင်းပြင်း ထန်ထန် ပြစ်တင်နေခြင်းတို့ကို မြင်တွေ့ကြားသိနေရ၏။ ဤသည်မှာ နိုင်ငံတကာ အဝန်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံတွင်း ဒီမိုကရေစီပွင့်လင်း တိုးတက်ရေး၊ လူ့အခွင့်အရေး ပိုမိုမြင့်မားရေးတို့ကို အမှန်တကယ် လိုလား သည်လား၊ မြန်မာနိုင်ငံတွင်း ပြဿနာများကို ဝိုင်းဝန်းဖြေရှင်းလိုသည့် မိတ်ဆွေကောင်းတို့တွင် ရှိအပ်သည့် သဘောဆန္ဒ အမှန်တကယ်ရှိပါရဲ့လား စသည်တို့ကို သံသယရှိဖွယ် ဖြစ်နေ၏။

 

ထိုမျှမက ကုလသမဂ္ဂအထွေထွေညီလာခံ၌ နိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့ ဥက္ကဋ္ဌက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် စိတ်ရှည်မှုသည် လမ်းကြောင်းသွေဖည်ရန် နည်းလမ်း ရှာနေသူများအတွက်သာ အကူအညီ ပေးနိုင်လိမ့်မည်ဟု ပြောကြားခြင်းသည် လွန်စွာအမြော်အမြင်နည်းပါးပြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် မအပ်စပ်လှသော အဆိုဖြစ်ပါသည်။

 

မြန်မာနိုင်ငံက နိုင်ငံတကာ ဆက်ဆံရေး၌ ကုလသမဂ္ဂနှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုလားသည့် ဆန္ဒအစဉ်ရှိခဲ့ပြီး ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်၏ အထူးကိုယ်စားလှယ်ဖြစ်သူ Ms. Christine Schraner Burgener ကို ကြိုဆိုခဲ့ပြီး သူတာဝန်ယူသည့် ကာလအတွင်း ပြည်တွင်း က ကူညီလုပ်ဆောင်ပေးရန် ရှိသည်များကိုလည်း ကူညီစီစဉ်ပေးခဲ့၏။

 

အထူးကိုယ်စားလှယ်က ၄င်း၏ခရီးစဉ်အပြီး ၂ဝ အောက်တိုဘာ ၂ဝ၁၈ ထုတ်ပြန်ချက်တွင် တာဝန်ခံမှုနှင့် အားလုံးပါဝင်သည့် ဆွေးနွေးမှု တို့ကို မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အဓိက မဏ္ဍိုင် ၂ ရပ်အဖြစ် ဖော်ပြခဲ့ပြီး စိတ်ရှည်မှုနှင့် ယုံကြည်မှု တည်ဆောက်ရေးတို့ လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပြည်တွင်း၌ ဆက်လက်အဖြေရှာနိုင်ရေးအတွက် အကူအညီပေးအပ်သွားမည်ဟုလည်း ပြောကြားသွားခဲ့ပါသည်။

 

မြန်မာနိုင်ငံ အစိုးရဘက်က အထူးကိုယ်စားလှယ်၏ ပြောကြားချက်ကို ကြိုဆိုခဲ့ပြီး တိုင်းပြည်တွင် နှစ်ရှည်ကြာ နက်ရှိုင်းစွာ အမြစ်တွယ်နေ သည့် ဘက်ပေါင်းစုံက ပြဿနာပေါင်းစုံကို ရုတ်တရက် ချက်ချင်းကာလတို အတွင်း ဖြေရှင်းနိုင်မည် မဟုတ်ဘဲ စိတ်ရှည်စွာ ဖြေရှင်းရမည်ဟူသည့် အထူးကိုယ်စားလှယ်၏ ပြောကြားချက်ကို အပြည့်အဝ သဘောတူခဲ့သည်ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောကြားလိုက်သည်ကို သိရှိခဲ့ရပါသည်။

 

မြန်မာနိုင်ငံ၏ လက်ငင်း အနေအထားများအရ ပြည်ပက ပြင်းထန် သည့် ဖိအားပေးမှုများသည် လက်ရှိနိုင်ငံရေး ပြဿနာများကို ပိုမိုဆိုးရွား စေမည်ဖြစ်ပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကိုပါ ထိခိုက်စေ မည်ဟု ထင်မြင်မိပါသည်။

 

ကမ္ဘာ့ငြိမ်းချမ်းရေး လူသားတို့၏ အခွင့်အရေးနှင့် ဒီမိုကရေစီ အခွင့်အရေးတို့ကို တန်ဖိုးထားကာ တည်ဆောက် ရမည့် ကုလသမဂ္ဂကဲ့သို့သော အဖွဲ့အစည်း၏ ခေါင်းဆောင်တို့သည် အမြော်အမြင်ကြီးကြီး စိတ်ဓာတ် တည်ကြည်ခိုင်မာသည့် အယူအတွေးတို့ဖြင့် တာဝန်ယူဆောင်ရွက်ကြရန် လိုပါမည်။ မြန်မာနိုင်ငံ တိုင်းရင်းသား ပြည်သူလူထုအများစုက ရွေးချယ်တင်မြှောက်ထားသည့် အစိုးရအနေဖြင့်မူ ချမှတ်ထားသည့် မူဝါဒများအတိုင်း ပြည်တွင်း ပဋိပက္ခများကို တည်တည်ငြိမ်ငြိမ်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သွားခြင်းသည်သာ အမှန်ကန်ဆုံး လမ်းစဉ်ဖြစ်မည်ဟု ယုံကြည်ပါကြောင်း။    ။